Featured Selection – “လှိုင်မြတ်”

              “ယောက်ျားက ပါးရိုက်ရင် ကိုယ်လည်း သူ့တစ်ချက် ပြန်ရိုက်ပစ် ညီမ”

              “ညီမလေးရေ အိမ်တွင်းအကြမ်းဖက်မှု အားပေးသူ ဖြစ်နေပြီနော်”

              “OMG အရှင်လတ်လတ် ငရဲခံနေတာလား ညီမရေ”

              “ပြတ်လိုက်ပါနော် ဒါမျိုးယောကျာ်းကို”

              ဘုရား….ဘုရား Facebook Public group တစ်ခုရဲ့ post က angry react တွေနဲ့ popular ဖြစ်နေတာနဲ့ comment တွေ ဝင်ဖတ်ကြည့်လိုက်တာ။ အဲဒီလို comment တွေနဲ့ သုံးသပ်ချက်တွေ တွေ့ရတာတာပါပဲ။ post ပိုင်ရှင်က fake account နဲ့ ရေးထားတယ် ဆိုပေမယ့် အမျိုးသမီးတစ်ဦး ဖြစ်ပုံ ရတယ်။ သူမေးထားတာက relationship တစ်ခုမှာ သူ့လိုမျိုး အိပ်ရာထဲမှာ ချုပ်ခံရတာ၊ ရိုက်ခံရတာ ကြိုက်တဲ့ လူမျိုး ပြည်တွင်းမှာရော ရှိလားပေါ့။ ပြန်ဖြေထားကြတာကတော့ အပေါ်ကမှာပြောခဲ့တဲ့အတိုင်းပါပဲ။ ကျွန်မလည်း ဖတ်ဖတ်မိချင်း ဘာပြောရမှန်း မသိ‌အောင် ဆွံ့အသွားတယ်။ အခုအချိန်မှာ ကျမရဲ့ ဖြစ်တည်မှုကို ကျွန်မ လက်ခံနိုင်ခဲ့ပြီ ဖြစ်ပေမယ့် ဒီလိုသုံးသပ်ဝေဖန်ချက်တွေ တွေ့ရင်တော့ အားငယ်မိတုန်းပဲ။ ပြီးတော့ အဲ့ဒီအမျိုးသမီးလည်း ရှက်သွားမှာ၊ သူ့အတူနေဖော်ကို စိတ်ငြိုငြင်နေမိမှာပဲလေ။ အဲ့ဒီ post ပိုင်ရှင်လိုပဲ ကျွန်မဟာ sexually (အိပ်ရာထဲမှာ) ချုပ်နှောင်ခံရတာ၊ ရိုက်ခံရမှာ ကြိုက်တဲ့သူ (submissive) တစ်ယောက်ပါ။

               ပြီးတော့ ကျွန်မကိုယ် ကျွန်မ feminist လို့ ခံယူထားပါတယ်။ အရင်တုန်းကဆို ကျမထင်တာက feminist ဆိုတာ အမြဲတမ်း သန်မာနေရမယ်။ ယောကျာ်းတွေကို အောက်ကျို့ ခံစရာ ဘာအကြောင်းမှ မရှိဘူး။ ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်နေပါစေ သူ ပါးတစ်ချက်ရိုက်ရင် ကျွန်မလည်း ပြန်ရိုက်ပစ်မှာပဲလို့လည်း တွေးခဲ့ဖူးတယ်။ ကျွန်မကို ကျွန်မ ရှာဖွေတွေ့ရှိခါစက တော်တော် စိတ်ဓာတ်ကျခဲ့ရတယ်။ ရှက်လည်း ရှက်တယ်။ ကျွန်မအကြောင်း သိသွားရင် သူများတွေ အထင်အမြင်သေးသွားမလား၊ နှာခေါင်းရှံ့ ကဲ့ရဲ့ကြမလားဆိုပြီး စိတ်တွေလည်း ပူနေခဲ့တယ်။

                အပေါ်ကလို post မျိုးတွေ တွေ့လာရင် ပိုဆိုးတာပေါ့။ comment တွေကို ဖတ်မိပြီးရင်လည်း ဝေဖန်မှုတွေကြောင့် အဲလိုဖြစ်နေတဲ့ ကျွန်မကိုယ် ကျွန်မ အပြစ်တွေပဲတင်နေမိတော့တယ်။ ကျွန်မ အကြီးမားဆုံး စိုးရိမ်တုန်လှုပ်ခဲ့ရတာက ကျွန်မရဲ့ လူမမြင်ကွယ်ရာက ကြိုက်နှစ်သက်မှုတွေဟာ ကျွန်မရဲ့ Feminism ရပ်တည်ချက်တွေကို ထိခိုက်ကုန်တော့မလားပေါ့။ ကျွန်မအကြောင်း ပြောရရင် Feminism ဆိုတာ ဘာလဲ မသိခင်တည်းက ကျမမှာ Feminist တစ်ယောက်ရဲ့ ဝိသေသတစ်ချို့ ရှိနေခဲ့ပါတယ်။ မှန်မယ်ထင်ရာကို ကျွန်မ ရဲရဲဝံ့ဝံ့ ပြောတယ်။

               “ယောကျ်ားဖြစ်လို့၊ မိန်းမဖြစ်လို့” ဆိုတဲ့ သတ်မှတ်ချက်တွေကို အမြဲ ဆန့်ကျင်နေခဲ့တယ်။ အထူးသဖြင့် မြန်မာ အခြေခံပညာ စာသင်ကျောင်းရဲ့ သင်ရိုးညွှန်းတမ်းတွေမှာပါတဲ့ ကျား၊မ ခွဲပြား‌ သရုပ်ပြမှုတွေကို ကျွန်မ ပေါ်ပေါ်တင်တင် ရှုံ့ချနေခဲ့တတ်တယ်။ အဖြူအစိမ်းဝတ် ကျောင်းသူဘဝတစ်လျှောက်လုံး အတန်းခေါင်းဆောင်နေရာကို မက်မောခဲ့၊ ရအောင် ကြိုးစားခဲ့ဖူးလို့ ငယ်ပေါင်းသူငယ်ချင်းတွေက သန်မာတဲ့၊ ခေါင်းမာတဲ့ မိန်းမတစ်ယောက်လို့ သတ်မှတ်ကြတယ်။ ၉ တန်း တုန်းက ကျွန်မ တိတ်တိတ်လေး သဘောကျဖူးတဲ့ ကောင်လေးတစ်ယောက်က သူ့သူငယ်ချင်းတွေဆီ “ကျွန်မဟာ feminist တစ်ယောက်ဖြစ်လို့ သဘောကျပေမယ့် ဘယ်တော့မှ ဒိတ်မှာမဟုတ်ဘူး” ဆိုတဲ့ မှတ်ချက်မျိုးကို ပြန်ကြားရစဉ်က feminist ဆိုတဲ့ ဝေါဟာရနဲ့ ကျမ စတင် ရင်းနှီးလာခဲ့တာပါ။

               အဲဒီနောက် ကျွန်မကိုယ် ကျွန်မ ဆန်းစစ်‌ဝေဖန်တယ်။ ဟုတ်တယ်၊ ကျွန်မ feminist တစ်ယောက်ပါပဲ။ အဲဒီကောင်လေး သဘောကျလာဖို့အတွက် ကျွန်မ ပျော့ညံ့ချင်ယောင် မဆောင်ခဲ့သလို Feminist မဖြစ်တော့အောင် ရပ်တည်ချက်တွေ ပြောင်းလဲကြည့်ဖို့လည်း မကြိုးစားခဲ့ဖူးပါဘူး။ ကျွန်မနဲ့ ဒိတ်ခဲ့ဖူးတဲ့ အမျိုးသားတိုင်းက ကျွန်မကို သန်မာလို့ သဘောကျကြောင်းတွေ ပြောဆိုချီးကျုးတတ်ကြတယ်။ ကျမဟာလည်း relationship တိုင်းမှာ ဦးဆောင်ရတာ၊ ဆုံးဖြတ်ရတာ ကြိုက်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားခဲ့ဖူးတယ်။ အဲဒီရပ်တည်ချက်တွေ အကုန်လုံးဟာ လူတစ်ယောက်နဲ့ တွေ့လာတဲ့အခါ ကမောက်ကမတွေ စဖြစ်လာရတော့တယ်။ သူနဲ့ စသိထဲက သူ့မျက်လုံးတွေဟာ ပိုင်စိုးပိုင်နင်းဆန်လှတယ်လို့ ကျမထင်တယ်။ အဲ့အရာကပဲ သူ့ရဲ့ ညှို့ဓာတ်တစ်မျိုးလို ကျမကို သဘောကျစေခဲ့လို့ အဲဒီအမျိုးသားနဲ့ စဒိတ်ဖြစ်ခဲ့တာပါ။

                သူက BDSM ကို သဘောကျကြောင်း၊ ကျွန်မ ခွင့်ပြုချက်မပါဘဲ အတင်းအကြပ်လုပ်ဆောင်မှာမဟုတ်ကြောင်း ပြောလာတုန်းကတော့ ကျွန်မ အနည်းငယ် အင်တင်တင် ဖြစ်နေခဲ့သေးတယ်။ ထူးဆန်းစွာပဲ သူသတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြည့်တဲ့အခါ နှလုံးသားထဲ မီးသီးလင်းသွားသလို ကျွန်မရှာဖွေနေခဲ့တာ ဒါပဲဆိုတာမျိုး ခံစားရတယ်။ ဥပမာ- အဲဒီအမျိုးသားက သူနဲ့ အတူရှိနေတဲ့အခါ ကျမကို တိရစ္ဆာန်တွေ တပ်တဲ့ကော်လာမျိုး ဝတ်ထားစေတာ ကြိုက်တယ်။ ကျမကိုယ် ကျမ ပြန်အံ့အားသင့်ရလောက်အောင် ကိုယ်တိုင်က ဒါကို နှစ်သက်နေခဲ့ပါတယ်။ လူအများစုရှေ့မှာ သန်မာနေကျ ကျွန်မက အဲဒီလူရှေ့မှာ အားနည်းရတာ၊ အဲဒီလူဆီက ကလေးငယ်တစ်ယောက်လို ဂရုစိုက်ခံရတာ၊ ထိန်းချုပ်ခံရတာကို ကျွန်မနှလုံးသားက နှစ်ခြိုက်နေခဲ့ပါတယ်။

                အရင် relationship တွေတုန်းက ကျွန်မ လိုအပ်နေခဲ့တဲ့ တစ်စုံတစ်ခုကို အခုမှ တွေ့ရှိသွားသယောင် ခံစားရတယ်။ အဲဒီအချိန်မှာပဲ ကျွန်မရဲ့ Feminist side က ကျမကို မေးခွန်းပြန်ထုတ်လာခဲ့တယ်။ အမျိုးသားတစ်ယောက်ကြောင့် ကျွန်မကိုယ်တိုင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ပျောက်သွားပြီလား။ ကျွန်မကိုယ် ကျွန်မ အရာဝတ္ထုတစ်ခုလို အမျိုးသားတစ်ယောက်ဆီက ရိုက်နှက်ခံ၊ တုပ်နှောင်ခံပစ်တော့မှာလားပေါ့။ အဲဒီကာလတွေဟာ ကျွန်မ ရပ်တည်လာခဲ့မှုနဲ့ ကျွန်မ ဖြစ်ချင်တာကြားမှာ စိတ်ဆင်းရဲလောက်အောင် ဗျာများနေခဲ့ရတဲ့ အချိန်တွေပါပဲ။ ဒါကြောင့်ပဲ အင်တာနက်မှာ ကျွန်မ စာတွေ တော်တော်များများ ရှာဖတ်ခဲ့တယ်။ အထူးသဖြင့် submissive feminist ဖြစ်နိုင်သေးရဲ့လားပေါ့လေ။

                  ကျွန်မ တွေ့ရှိလာရတာက ဒါဟာ ကျွန်မ တစ်ယောက်ထဲ မဟုတ်ဘူး။ Submissive feminist တွေ ကမ္ဘာတစ်တဝှမ်း အများကြီး ရှိနေတယ်ဆိုတာပါပဲ။ ဒီလို နှစ်ဦးသဘောတူ နေထိုင်မှုမျိုးကို BDSM (Bondage, Discipline, Sadism, Masochism) လို့ခေါ်ပါတယ်။ ဒီလို ဆက်ဆံရေးမျိုးမှာ power exchange တွေ ပါဝင်ပြီး တစ်ယောက်က လွှမ်းမိုးထိန်းချုပ်သူ (Dom) နေရာက ရှိနေမှာဖြစ်ပြီး ကျန်တစ်ဦးက နာခံရသူ (Sub) နေရာက ရှိနေပါတယ်။ Sub လို့ ကိုယ့်ကိုယ်ကို ခံယူထားသူက consent (ကိုယ်ပိုင်ခွင့်ပြုချက်) ပေးထားတယ် ဆိုရင် Dom ဖြစ်သူဟာ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်ခွင့်၊ ချယ်လှယ်ခွင့်ရနိုင်ပါတယ်။ ဒီလိုဆိုရင် လုပ်ချင်တိုင်း လုပ်ခွင့် ရသွားမှာလားဆိုပြီး မရှင်းတာနဲ့ ကျွန်မ ရှာဖတ်ကြည့်တော့ နှစ်ဦးသဘောတူ ကန့်သတ်ချက်တွေလည်း ပါဝင်နေပါသေးတယ်။

                 ကိုယ့်အပေါ် သူ့ပြုမူချက်တွေက လွန်လာတဲ့အခါ “လုပ်နေတာကို ရပ်လိုက်ဖို့၊ အရှိန်ထိန်းဖို့” အစရှိသဖြင့် ကုတ်ဒ်တွေ သတ်မှတ်ထားလို့ ရပြီး ဒီဆက်ဆံရေးကို အချိန်မရွေး ရပ်စဲပိုင်ခွင့်လည်း ရှိပါတယ်။ ဒီလိုနဲ့ BDSM ဆက်ဆံရေးမှာလည်း sub ဖြစ်နေစေဦးတော့ consent က အဓိက ကျတယ် ဆိုတာကျမ သိလာရတယ်။ ဒီလိုမဟုတ်ဘဲ dom ဖြစ်သူက ရရှိထားတဲ့ power ကို အသုံးချပြီး ကိုယ်လုပ်ချင်ရာ လုပ်နေတာမျိုးကတော့ အိမ်တွင်းအကြမ်းဖက်မှု သဘောမျိုး သက်ရောက်နိုင်ပါတယ်။ ကျွန်မ ဖတ်မိတဲ့ ဆောင်းပါးတစ်ပုဒ်မှာ “BDSM ဆက်ဆံရေးတစ်ခုမှာ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်ကို submissive ဖြစ်နေတာမျိုးဟာ ကိုယ်တိုင်ရွေးချယ်မှုပါ။ ကိုယ်တိုင်မရွေးချယ်ထားတဲ့ အတင်းအဓမ္မ လုပ်ဆောင်မှုမျိုးက BDSM ဆက်ဆံရေးတစ်ခု မမည်ဘူး” လို့ လည်း ဖော်ပြထားပါတယ်။ အဲဒီဆောင်းပါးကို ဖတ်လိုက်မိချိန်မှာ ကျွန်မ ခေါင်းထဲ အလင်းတစ်စ ပြန်ဝင်လာတယ်။

                 ကျွန်မ consent သည်သာ အဓိက၊ ကျမရဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ ဒီလိုပုံစံ ဖြစ်နေပေမယ့် ကျွန်မ သဘောထားမပါရင် ဘယ်သူတစ်စုံတစ်ဦးကမှ ကျွန်မကို ထိခွင့် မရှိရဘူးဆိုတဲ့ အသိမျိုး ခေါင်းထဲ ပြန်ဝင်လာတယ်။ ဂုဏ်ယူစွာနဲ့ပဲ ကျွန်မ Submissive feminist တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဖိုဝါဒီ ကြီးစိုးနေတဲ့ လူမှုဝန်းကျင်များမှာ အမျိုးသမီးတွေဟာ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်မှုမျိုး မဟုတ်ဘဲ လူမှုရေးအရ၊ အသက်မွေးဝမ်းကြောင်းမှုအရ အပြင် လိင်စိတ်တိမ်းညွတ်မှုတွေမှာပါ ကိုယ်တိုင်ရွေးချယ်ခွင့် မရဘဲ submissive ဖြစ်နေကြရပါတယ်။ ဥပဒေအရ မိမိဆန္ဒမပါဘဲ တစ်စုံတစ်ယောက်က လက်နဲ့ ရွယ်ရင်တောင်မှ ပြစ်မှုမြောက်တယ်လို့ ကျွန်မ ကြားသိဖူးပါတယ်။

                 ဒါ့ကြောင့် ကိုယ်တိုင်လိုလားတောင့်တတာ မဟုတ်တဲ့ ညှင်းပန်းရိုက်နှက်မှုတွေပါဝင်တဲ့ အိမ်တွင်းအကြမ်းဖက်မှု ပုံစံတွေနဲ့ BDSM ဆက်ဆံရေးပုံစံကို ကျွန်မတို့ ရောထွေးမပစ်ကြဖို့လည်း လိုပါလိမ့်မယ်။ တစ်ပါးသူကို ရိုက်နှက်တာကနေ စိတ်ကျေနပ်မှု ရရှိတာ၊ တစ်စုံတစ်ဦးရဲ့ ရိုက်နှက်တုပ်နှောင်ခံတာကနေ စိတ်ကြွတတ်ကြတာမျိုးလို့ ပြောလိုက်ရင် ကျမတို့ တော်တော်များများက Fifty Shades of Grey ကို ပြေးမြင်မိကြမှာပါ။ အဲဒီဇာတ်ကားမှာ ဇာတ်ကောင် အမျိုးသားက အမျိုးသမီးရဲ့ ဆန္ဒကို မလေးစားတာတွေ၊ နှစ်ဦးသဘောတူ ဆက်ဆံရေးထဲ မဝင်ခင်မှာပဲ ရိုက်နှက်တာတွေ ပါဝင်တာကြောင့် ဒီဆက်ဆံရေးမျိုးကတော့ဖြင့် အမျိုးသမီးတွေကို အနိုင်ကျင့်တဲ့ ပုံစံတစ်ခုသာ ဖြစ်တယ်၊ ဇာတ်ကောင်အမျိုးသမီးက အားနည်းသူမို့ ကြိတ်ခံနေပါတယ် ဆိုတာမျိုး အတွေးတွေ တွေးကောင်းတွေးမိနိုင်ပါတယ်။

                 ဒီဇာတ်ကားကနေ တစ်ဆင့် တစ်ချို့သူတွေဟာ BDSM ဆိုတာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပုံစံတစ်မျိုးလို့ မြင်ကောင်းမြင်နေနိုင်ပါတယ်။ တကယ်တမ်း လက်တွေ့ဘဝက BDSM ဆက်ဆံရေးမှာတော့ တစ်ဦးပေါ် တစ်ဦး လေးစားမှုတွေအပြင် ခွင့်ပြုချက်ရရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် BDSM မှာလည်း နှစ်ဦးသဘောတူ သတ်မှတ်ထားတဲ့ အခြေအနေတစ်ခု မဟုတ်တဲ့အခါ သမားရိုးကျ ဆက်ဆံရေးတွေလိုပဲ “ No means No” သာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝ နေထိုင်ဖြတ်သန်းမှုမှာတော့ ကျွန်မဟာ တာဝန်ယူမှု များစွာနဲ့ အမျိုးသမီး တစ်ယောက်ဖြစ်တယ်။

                ကျွန်မ ဘဝနဲ့ စပ်လျဉ်းတဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်မကိုယ်တိုင် ချမှတ်တယ်။ အပေါ်မှာ ပြောထားခဲ့သလို နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှာ တစ်စုံတစ်ယောက်ကို ပါဝါတွေ လွှဲပြောင်းပေးလိုက်တာ၊ ထိန်းချုပ်ခွင့် ပေးလိုက်တာဟာ ကျွန်မအတွက် စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်စရာတွေကို ခဏတာ မေ့ပျောက်သွားစေပါတယ်။ ဒီလို ဆက်ဆံရေးမျိုးမှာ ရှိနေခြင်းက သမားရိုးကျ ဆက်ဆံရေးမျိုးထက် ကျွန်မကို စိတ်ကျေနပ်မှုတွေ ပိုမို ဆောင်ကြဉ်းပေးပါတယ်။ Feminist တစ်ယောက်အနေနဲ့ ကျွန်မဟာ ကိုယ်ပိုင်ရွေးချယ်မှုကို တန်ဖိုးထားပါတယ်။ ကျွန်မ လိုချင်တာ၊ ကျွန်မ ဖြစ်ချင်တာကို ထုတ်ဖော်ပြောဆိုဖို့ ဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်သလို အရယူနိုင်ဖို့လည်း အားထုတ်နေမှာပါ။ အခုလို Submissive တစ်ယောက် ဖြစ်နေခြင်းဟာ ကျွန်မ ရွေးချယ်မှု၊ ကျွန်မ အာသီသ၊ ကျွန်မ ဆန္ဒသာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မဟာ feminist တစ်ယောက်ပါ။ ပြီးတော့ submissive တစ်ယောက်လည်း ဖြစ်ပါတယ်။

Read More

Featured Selection – “ELLE”

“Eradicating the patriarchy”

                 လိင်ပိုင်းဆိုင်ရာခွဲခြားမှုက အရင်ကတည်းကကျွန်မတို့ပတ်၀န်းကျင်မှာ ထင်ထင်ရှားရှားရှိနှင့်ပြီးသားဖြစ်ပါတယ်။ ဥပမာ “မိသားစုတစ်ခုမှာ ယောင်္ကျားသားဆိုတာအလုပ်လုပ်ရမယ်ပိုက်ဆံရှာရမယ်အိမ်ထောင်မှုလုပ်စရာမလိုဘူး မိန်းမသားဆိုတာဘာပညာမှတတ်စရာမလိုဘူးအိမ်ထောင်မှုနိုင်နင်းရမယ်ယောကျာ်းသားအပေါ်‌ပြုစုဆက်ဆံတတ်ရမယ်”စတဲ့သတ်မှတ်ချက်တွေကိုကျွန်မတို့ရဲ့မိဘဘိုးဘွားတွေခေတ်ကမိန်းမသားတွေဟာခါးစည်းခံခဲ့ရပါတယ်။ ဒီနေရာမှာ ကျွန်မ အဘွားရဲ့အဖြစ်အပျက်လေးကိုပြောပြချင်ပါတယ်။ ကျွန်မရဲ့အဘွားက စာရင်းကိုင်ပညာမှာ အရမ်းကိုတော်ပါတယ်။ ပါရမီပါသလားလို့တောင်ထင်ရအောင်တော်ပါတယ်။ အတန်းပညာမှာဆိုလည်းပဲ ထူးချွန်တဲ့အထဲမှာပါခဲ့ပါတယ်။

                ဒါပေမယ့်ကံဆိုးတာက အဘွားကဆယ်တန်းမှာကျောင်းထွက်ခဲ့ရပါတယ်။ သမီးကြီးဖြစ်တဲ့အတွက်မိသားစုကိုပြန်ကြည့်ဖို့၊မိသားစုအတွက်အလုပ်လုပ်ဖို့ဆိုတဲ့အကြောင်းပြချက်တွေကြောင့်အဘွားကသူ့အိပ်မက်တွေကိုမေ့ပစ်ခဲ့ရပါတယ်။နောက်မှာတော့အဘိုးနဲ့အိမ်ထောင်ကျပြီးအိမ်ထောင်သည်ဘ၀ကိုစတင်ခဲ့ရပါတယ်။အဘိုးတို့မိဘတွေရဲ့ပွဲရုံမှာစာရင်းကိုင်အဖြစ်၀င်လုပ်ပေးရင်းနဲ့သူထူးချွန်တဲ့အရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။စာရင်းကိုင်ပညာရပ်၊ စီးပွားရေးပညာရပ်တွေကို စနစ်တကျမသင်ခဲ့ရပေမယ့်လည်း အဘွားကတော့ ဒီပညာရပ်မှာထူးထူးချွန်ချွန်ကို တတ်မြောက်နေပါတယ်။ အဘွားကြီးပြင်းခဲ့တဲ့ခေတ်စနစ်အခြေအနေ၊ဖိုဝါဒကြီးစိုးပြီးတန်းတူညီမျှမှုမရှိတဲ့ပတ်၀န်းကျင်အခြေအနေကြောင့်အဘွားဟာသူ့ရဲ့ပညာရေးခရီးလမ်းကိုအဆုံးသတ်ခဲ့ရပေမယ့်လည်းသူကျွမ်းကျင်တဲ့အရာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။ဒီဟာကိုကြည့်ခြင်းအားဖြင့်ထောင်ပေါင်းများစွာသောမိန်းမသားတွေဖြစ်ကြတဲ့ကျွန်မတို့ရဲ့အမေတွေ၊ အဘွားတွေ၊ အဒေါ်တွေဟာ သူတို့ရဲ့ပညာသင်ယူခွင့်ကို မိန်းမသားဖြစ်ရခြင်းအတွက်ကြောင့် ဆုံးရှုံးခဲ့ရတာကို တွေ့မြင်နိုင်ပါတယ်။

                 ကျားမတန်းတူပညာသင်ယူနိုင်ခွင့်ကအ‌ရမ်းကိုအရေးပါလှပါတယ်။ လူ့ဘောင်အဖွဲ့အစည်းမှာ ပညာတတ်တဲ့အမျိုးသားယောင်္ကျားတွေပဲရှိနေလို့မရပါဘူး။ လူသားမျိုးနွယ်တိုင်း ကျားမ မရွေး အမျိုးမျိုးသောလိင်စိတ်ခံယူမှုမရွေး ပညာတတ်တွေကိုလည်းလိုအပ်ပါတယ်။ ဒီလိုပညာရေးမညီမျှမှုတွေက မြို့ပြဒေသတွေမှာမရှိတော့ဘူးဆိုပေမဲ့လည်း ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာတော့ ရှိ‌နေပါသေးတယ်။ လူတစ်ယောက်ရဲ့ လိင် အပေါ်မူတည်ပြီးတော့ သူတို့ရဲ့ စိတ်၀င်စားမှုတွေ၊ ဖြစ်ချင်လုပ်ချင်တဲ့အရာတွေသင်ယူချင်တဲ့ဘာသာရပ်တွေကို မကန့်ကွက်သင့်ပါဘူး။

                ဥပမာ-ယောင်္ကျားတစ်ယောက်ဖြစ်နေလို့ မိတ်ကပ်ပညာ၊ အလှအပရေးရာပညာ၊ ဖက်ရှင်ဒီဇိုင်းပညာရပ်တွေကို မသင်ရဘူး ဆိုပြီးမပိတ်ပင်သင့်သလို အမျိုးသမီးတစ်ယောက်ဖြစ်နေလို့ အင်ဂျင်နီယာဘာသာရပ်တွေ သိပ္ပံဘာသာရပ်တွေကို မသင်ရဘူးဆိုတာမျိုးလည်းမဖြစ်သင့်ပါဘူး။ ကျွန်မတုန်းကဆိုရင်မိန်းကလေးဖြစ်နေလို့ “Civilအင်ဂျင်နီယာမလုပ်နဲ့၊ဆိုက်တွေထဲသွားရမယ်ပင်ပန်းတယ်၊ဆရာ၀န်ပဲအေးဆေးလုပ်”ဆိုတာမျိုးတွေ အပြောခံရပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ဟာ အမျိုးသမီးဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုအတွက်နဲ့ ကျွန်မတို့ရဲ့ passionတွေ interestတွေကို စတေးပစ်ဖို့ တန်ပါရဲ့လား။ ဒီလို ဖိုဝါဒကြီးစိုးတဲ့ လူ့အသိုင်းအဝိုင်းက မှားယွင်းစွာသတ်မှတ်ထားတဲ့စံနှုန်းတွေကို အမြစ်မြေလှန်တော်လှန်ပစ်ရပါမယ်။ ဒီလိုမညီမျှမှုတွေကို ကျွန်မတို့ရဲ့နောက်မျိုးဆက်ဆီမရောက်အောင်အစွမ်းကုန်ကြိုးစားရပါမယ်။

Read More

Featured Selection – “Ye (ရီ)”

“Subtle Sexism and Me”

              ဝေဟင် ဟာ ကျွန်မတို့မိသားစုထဲမှာ အကောင်းဆုံးတက္ကသိုလ်တက်ရောက်နေတဲ့ အင်ဂျင်နီယာလောင်းတစ်ယောက်ဖြစ်တယ်။ သားလိမ္မာလေးဖြစ်လို့ ရပ်ကွက်ကလည်းချစ်ကြသလို စကားခပ်အေးအေးနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားလေ့ရှိတယ်။ ဝေဟင် ဟာ ကျွန်မအတွက်တော့ အတွေးအခေါ်မြင့်မားတဲ့ မော့ကြည့်ရတဲ့ အစ်ကိုတစ်ယောက်ပါ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်နှစ်က အမေနာမကျန်းဖြစ်တော့ အိမ်အလုပ်တွေခွဲဝေ၊ တာဝန်ယူကြပေါ့။ ထမင်းဝိုင်းထဲမှာ ဝေဟင်ရဲ့ အကျင့်တစ်ခုက သူစားပြီးသားပန်းကန်ကို နီးစပ်ရာအမျိုးသမီးတွေဆီ ဆေးဖို့ ပုံလေ့ရှိတယ်။ သူအလုပ်ကိစ္စ သွားစရာရှိလို့ နောက်ကျနေပြီဖြစ်ကြောင်း လှမ်းပြောရင်းနဲ့ပေါ့။

              တစ်ရက် ဧည့်သည်တွေရောက်နေတော့ ကျွန်မ ဟင်းချက်၊ ပန်းကန်ဆေးနေတာ ယခင်နေ့တွေထက်ပိုကြာသွားတယ်။ နေ့လည်လုပ်ရမည့် အလုပ်ကြောင့် ခပ်လောလောနဲ့ ကျွန်မသိမ်းဆည်းပြီးချိန်မှာ သူဘေစင်နားကိုရောက်လာပြီး ကျွန်မလက်ထဲ သူ့ပေကျံနေတဲ့ ထမင်းပန်းကန်ကို ထည့်လိုက်တယ်။ ကျွန်မဆေးပေးဖို့ငြင်းဆန်လိုက်တဲ့ အခိုက်အတန့် သူဟာ မျက်နှာနီရဲလာပြီး “နင်ဟာ နင်လုပ်ချင်တာပဲသိပြီး မိန်းမ မဆန်တော့ဘူး ဆိုတာသိရဲ့လား။ စားပြီးသားပန်းကန် ဆေးရမှာမိန်းမတွေရဲ့ တာဝန်ပဲ။” ထို့နောက် ကျွန်မကိုကြည့်နေရာကနေ ဆတ်ခနဲ လှည့်ထွက်သွားပြီး သူ့နောက်ကျောထမင်းဝိုင်းမှာ ထိုင်နေတဲ့ ၁၀နှစ်အရွယ် ညီမလေးဆီ “နင် ဘယ်တော့မှ နင့်အစ်မကို မကြည့်နဲ့။ သူက နင်အတုယူစရာလူမဟုတ်ဘူး။ အတွေးအခေါ်အပြည့်နဲ့ တစ်သက်လုံးပျော်နိုင်မှာ မဟုတ်တဲ့ဖီးမီးနစ်တစ်ယောက်ပဲ” ဒီလိုနဲ့ ကျွန်မအလုပ်ခွင်ထဲ အလုပ်လုပ်၊စကားပြောဆိုဆက်ဆံလာတော့ လူအများ online ကရော၊ အပြင်ကရော အထူးသဖြင့် အမျိုးသားအများစုက ကွန်မကိုပြောကြတယ်။

              “အခုခေတ်မှာ အမျိုးသားနဲ့အမျိုးသမီးတွေ တူတူပဲ။” အမျိုးသမီးတွေကတောင် အခွင့်အရေးပိုရသေးတယ် ဆိုတဲ့ခပ်ဆင်ဆင် အဓိပ္ပါယ်စကားလုံးတွေကို တွေ့ရတယ်။ ဝေဟင်ရဲ့ စကားလုံးတွေရော၊သူတို့ရောက ကျွန်မကို စဥ်းစားစေတယ်။ မိရိုးဖလာ ယဥ်ကျေးမှုနဲ့ ကြီးပြင်းလာတဲ့ ကျွန်မအတွက် ကျွန်မရဲ့ လိင်ဖြစ်တည်မှု(gender) အပေါ် ခွဲခြားဆက်ဆံခံရမှုက ​ကြီးပြင်းလာတဲ့တစ်လျှောက် နေ့စဥ်လိုလိုပါပဲ။ အရင်ကထက် အသိဉာဏ်ပွင့်လင်းလာတဲ့ ဒီကနေ့ခေတ်မှာ “ဟေ့ ယောကျ်ားနဲ့ မိန်းမတူဘူးဟေ့။ မိန်းမတွေက ယောကျ်ားတွေလုပ်နိုင်တာလောက် မလုပ်နိုင်ဘူး။ အမြဲနိမ့်ကျမှာပဲ။” ဆိုတဲ့ တိကျပြင်းထန်တဲ့ ခွဲခြားမှုတွေက တဖြည်းဖြည်းနဲ့ နည်းသထက်နည်းလာတယ်။

              အခုနောက်ပိုင်း တိုးတက်လာတဲ့ မြို့ပြအများစု လူ့အသိုင်းအဝိုင်းတွေမှာ ဒီလိုပြောဆိုမှုတွေသည် Sexist ဖြစ်တယ်လို့ လက်ခံမှုများပြားလာကြတယ်။ အထက်ကစကားစုလို ငယ်ငယ်ကတည်းက ကျွန်မရဲ့ စိတ်ထဲမှာ လိင်အခြေပြုခွဲခြားမှု(sexism) လို့စဥ်းစားလိုက်ရင် တိကျတဲ့ပုံရိပ်နဲ့ definition သတ်မှတ်ချက်ရှိတယ်။ အခုနောက်ပိုင်း ဒီလိုခွဲခြားမှုကို လူ့အသိုင်းအဝိုင်းက ပေါ်ပေါ်ထင်ထင်နှာခေါင်းရှုံ့လာကြတော့၊ ‘အင်း ဟုတ်လောက်မယ်လေ၊ အရင်ကထက် ပိုတန်းတူ ညီမျှလာတဲ့ခေတ်ရောက်လာပြီပဲ’ လို့တွေးမိတယ်။ အမျိုးသမီးတွေလည်း အရင်ကထက်စာရင် အမျိုးသားတွေနဲ့ တန်းတူအလုပ်လုပ်တယ်၊ အခွင့်အရေးတွေလည်း ပိုရလာတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံကြရင် ဝေဟင်ရဲ့ တုံ့ပြန်ချက်လိုမျိုး ကျွန်မတို့က sexism နဲ့ gender bias အစွဲတွေကို လူ့အဖွဲ့အစည်းမှာ အခုအချိန်ထိ ကုန်စင်အောင် မပယ်နိုင်သေးတာကို သတိထားမိတဲ့အခါ အလွန် အံသြမိတယ်။ အရင်လို “နင်ဟာ အမျိုးသမီးမို့လို့ နင်မလုပ်နိုင်ဘူး။ ဒါကတော့ နင်လုပ်ရမဲ့ အရာ” လို့တော့ တိုက်ရိုက်မပြောဆိုကြတော့ဘူး။ ဒီအစား gender biasတွေကို သေးငယ် သိမ်မွေ့စွာ ဖော်ပြကြတယ်။

              ဒီနေရာမှာ ကျွန်မ စကားလုံးအသစ်တစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်: Microaggression – a statement, action, or incident regarded as an instance of indirect, subtle, or unintentional discrimination against members of a marginalized group such as a racial or ethnic minority. မြန်မာလိုပြန်ရမယ်ဆိုရင်တော့ ​Microaggression ဆိုတာ လူမျိုးရေး သို့မဟုတ် လူမျိုးစု လူနည်းစုကဲ့သို့ ဘေးဖယ်ထားသော အုပ်စုဝင်များ(a member of marginalized group) အပေါ် သွယ်ဝိုက်၊ သိမ်မွေ့သော သို့မဟုတ် မရည်ရွယ်ဘဲ ​ပြုလုပ်ပြောဆိုမိလိုက်တဲ့ ခွဲခြားဆက်ဆံခြင်းစွက်ထားသော statement၊ comment၊ action တွေဖြစ်ပါတယ်။ Microaggression ရဲ့ ပြဿနာက သူက သိသာမနေဘူး။ သူတို့တွေက သာမန်နေ့ဒဓူဝ စကားတွေ၊ ဟာသတွေ၊ တစ်ခါတစ်ရံ ချီးမွမ်းမှုတွေအနေနဲ့တောင် လာတတ်ပါတယ်။

               “ဒီ ဂိမ်းစက်က နင့်အစ်ကိုဟာမလား။” “နင့်အမေက ဟင်းချက်နည်းစာအုပ်ဆို သဘောကျလိမ့်မယ်။” “ဟဲ့ ဒီခုံတွေ စာသင်ခန်းထဲ ရွေ့ဖို့လိုတယ်၊ အားကြီးကြီးနဲ့ ယောကျ်ားလေးနှစ်ယောက်လောက်” “နင်က (ဒီလူမျိုးစု)တစ်ယောက်အနေနဲ့ တော့ချောသားနော်။” “နင်က တခြားမိန်းကလေးတွေလို မဟုတ်ဘူး။” ဒီလို microaggressions တွေကို ရှင်တို့ရော၊ ကျွန်မတို့ရော ဘဝမှာ အနည်းနဲ့ အများကြုံတွေ့ဖူးကြ တယ်။ ဒီလို သိမ်မွေ့သေးငယ်တဲ့ sexismတွေကို ပြုလုပ်တဲ့သူ အများစုက ရှင်ရော၊ ကျွန်မဖြစ်တယ်။ Microaggression တွေက ကိုယ့်အတွက်အန္တရာယ်ကင်းမဲ့တယ် လို့ထင်ရတဲ့စကားတွေ ဖြစ်ပေမဲ့ ကိုယ်နဲ့ပြောဆိုတဲ့ တဖက်သားအတွက် သူ့ရဲ့ လိင် (gender)၊ လူမျိုးစု ethnicity or race အပေါ်မူတည်ပြီး နှိမ့်ချမှု၊ခွဲခြားစော်ကားမှုတွေ ဖြစ်နိုင်ပါတယ်။ ဘာမှ မဟုတ်တဲ့ သာမန်လိုပဲထင်ရပေမဲ့ ဒီလို Microaggression တွေက marginalized group လူနည်းစုတွေကို ပြင်းထန်တဲ့ ပါဝါသက်ရောက်မှုရှိပါတယ်။

                 သူတို့တွေက ကျွန်မတို့ လူမှုပတ်ဝန်းကျင်ထဲမှာ မညီမျှမှုတွေကို ဖန်တီးပါတယ်။ သေးငယ်တဲ့ ဆူးတွေနဲ့ အလားတူ အချိန်ကြာလာတာနဲ့အမျှ ဖြည်းဖြည်းမှန်မှန် သင့်ရဲ့ဖြစ်တည်မှု(sense of self) ကိုတိုက်စားနိုင်ပါတယ်။ “အို နင်က မိန်းမတစ်ယောက်အနေနဲ့တော့ ဉာဏ်ကောင်းသားပဲနော်။” “ဟဲ့ ကောင်လေး ယောကျ်ားလေးဆိုတာ မငိုရဘူး။ စိတ်မာမာထား။” “မိန်းမတစ်ယောက်အတွက် အရေးအကြီးဆုံး တာဝန်က ကလေးမွေးဖို့ပဲလေ။” ဒီလို အင်မတန် သေးငယ်တဲ့ ဆူးတွေ၊ အချိန်ကြာလာတာနဲ့ အမျှ ရှင်တို့၊ ကျွန်မတို့ရဲ့ စိတ်ကို မသိမသာလွှမ်းမိုးလာပါတယ်။ သူတို့တွေက အလုပ်ခွင်မှာ မညီမျှမှုတွေ၊ ပတ်ဝန်းကျင်တွေမှာ မညီမျှမှုတွေဖန်တီးပါတယ်။ သင် ဘယ်သူ့ကို မဲပေးမယ်၊ အတန်းခေါင်းဆောင် ဘယ်သူကိုခန့်အပ်မယ်၊ ဘယ်လိုသူတွေကပဲ အာဏာရ နိုင်ငံကို အုပ်ချုပ်သင့်လဲ အထိကိုပါ impact သက်ရောက်ပါတယ်။ ၂၀၁၇ ဥရောပနိုင်ငံတွေရဲ့ စစ်တမ်းအရ UN အဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ အမျိုးသမီး ခေါင်းဆောင်ဟာ ၁၁နိုင်ငံပဲရှိပါတယ်။ နိုင်ငံရေးလောက ပါလီမာန်မှာ အမျိုးသမီးတွေရွှေးချယ်ခြင်းခံရမှုနှုန်းဟာ ၃၀%အောက်ရှိပါတယ်။

                 အခု ဒီခေါင်းဆောင်မှုပိုင်းတွေမှာ အမျိုးသမီးတွေနည်းနေရခြင်းဟာ သူတို့တွေဟာ သူ့တန်းတူ အမျိုးသားတွေထက် အရည်အချင်းနည်းပါးလို့လား၊ ခံစားလွယ်(too emotional) ဖြစ်လို့လား (ဒါမှမဟုတ်) ကျွန်မတို့ ပတ်ဝန်းကျင်မှာ အသိထဲအရိုးထဲစွဲနေတဲ့ အမျိုးသမီးတွေဟာ အရေးပါတဲ့ဆုံးဖြတ်ချက်တွေလုပ်ရလောက်အောင် မတိကျ၊ခံစားချက်မခိုင်မာကြဘူး ဆိုတဲ့ယုံကြည်မှုကြောင့်လား။ ဒါကိုတော့ စာဖတ်သူသဘောအရ စဥ်းစားကြည့်ပါ။ ဒီ Microaggression တွေက ကျွန်မတို့ရဲ့ မသိစိတ်ထဲက လာလေ့ရှိတယ်။ ကျွန်မတို့ မသိစိတ်ထဲပတ်ဝန်းကျင်၊ မိသားစုတွေ ဆီကနေ လက်ဆင့်ကမ်းလာတဲ့အမြင်တွေဖြစ်တယ်။ လူတစ်ဦးတစ်ယောက်ရဲ့ လိင်၊ လူမျိုးစု၊ အသွင်အပြင်အပေါ်ဘယ်လို ထင်မြင်တယ်ဆိုတာ ကျွန်မတို့တွေရဲ့မသိစိတ်ထဲကို ငယ်စဥ်ကတည်းက မိသားစုတွေ၊ ပတ်ဝန်းကျင်တွေကနေ သင်ကြားပေးခံရတယ်။ ဆိုတော့ ကိုယ့်မသိစိတ်ထဲကနေ ကျော်လွန်တဲ့နေရာမှာရောက်နေတဲ့ Microaggression တွေကို ဘယ်လိုရင်ဆိုင်ရမလဲ။

                   အရင်ဆုံး ပြဿနာတစ်ခုကို ရင်ဆိုင်ရာမှာ ပထမဆုံးခြေလှမ်းက ‘ဒါက ပြဿနာတစ်ခု’လို့ လက်ခံခြင်းပါပဲ။ ကျွန်မတို့ မရည်ရွယ်ပဲ အမှားတွေပြုလုပ်မိနေတယ်လို့ လက်ခံမှသာလျှင် ကျွန်မတို့ရည်ရွယ်ချက်ရှိရှိနဲ့ ဒီအမှားတွေကိုပြန်လည်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ စကားလုံးတွေဟာ တခြားတစ်ယောက်ရဲ့ ဘဝကို မကောင်းတဲ့ သက်ရောက်မှုဖြစ်စေနိုင်တာကို လက်ခံဖို့အရေးကြီးပါတယ်။ စကားလုံးတိုင်းမှာ ပါဝါရှိပါတယ်။ ကျွန်မတို့သေချာ ရွေးချယ်လိုက်တဲ့ စကားလုံးတွေက တစ်ဖက်သားရဲ့ ဘဝကို လေးငါး ဆယ်နှစ်အထိ သက်ရောက်ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် စကားလုံးတွေကို သေချာစိစစ် ရွေးချယ်ကြပါ။ အမေ အရမ်းနေမကောင်းဖြစ်တော့ သားအိမ်ထုတ်ခဲ့ပါတယ်။ တစ်ရက် ပြနေကြ ဆရာဝန်တစ်ယောက်ဆီ သူအရင်လို မခံစားရတော့လို့ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ဘယ်လိုဖြည့်စွက်စာတွေ သောက်ရမလဲ မေးတော့ ဆရာဝန်က “သားအိမ်ထုတ်လိုက်တော့ အစ်မက အမျိုးသမီးမှမဟုတ်တော့တာ။” လို့ အေးအေးဆေးဆေးပဲ ပြောပါတယ်။ သေးငယ်တဲ့ ဆူးတွေပါ။ ကိုယ့်ရဲ့ စကားလုံးတွေက တဖက်သားရဲ့ ဖြစ်တည်မှု၊ အမြင်တွေကို ထိုးနှက်ပြောင်းလဲနိုင်ပါတယ်။

                    အထူးသဖြင့်ကိုယ်ဟာ ပညာတတ်တွေ၊ နိုင်ငံရေးသမားတွေ၊ကျန်းမာရေး စောင့်ရှောက်မှုဝန်ထမ်းတွေ၊ ကိုယ့် ဆုံးဖြတ်ချက် စကားတွေက သူများဘဝကို သက်ရောက်မှုပိုပြင်းတဲ့ သူတွေပေါ့။ Microaggression ကိုတုံ့ပြန်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ယဥ်ကျေးစွာပြန်မေးခွန်းထုတ်၊ မှတ်ချက်ပေးခြင်းပါပဲ။ နှစ်ခါပြန်မေးပါ။ သူတို့ရဲ့ တန်းဖိုးထားမှုစံနှုန်းတွေနဲ့ ပြန်တိုင်းတာပြီး ယခုပြောလိုက်တဲ့စကားဟာ မကိုက်ညီကြောင်း ပြန်ပြောပြပါ။ ဒါမဟုတ် eye roll သာပေးလိုက်ပါ။ ဒါမဟုတ် တိုက်ရိုက်သာ သူတို့ရဲ့စကားတွေက တဖက်သားကိုထိခိုက်စေကြောင်း သတိပေးပါ။ဒါတွေအကုန်လုံးဟာ ပြောတဲ့သူနဲ့ သင့်ရဲ့ ရင်းနှီးမှုအတိုင်းအတာ အပေါ်မူတည်ပါတယ်။

                  တစ်ခါတစ်လေကြရင် တစ်ချို့က တမင် microaggression ပြုလုပ်ပြီး သင့်ဆီက တုံ့ပြန်မှုကိုရှာတတ်ကြပါတယ်။ ဥပမာ “မိန်းမတွေက ပန်းကန်ဆေးစက်တွေပါပဲ။” တမင်ဖြစ်စေ၊ မသိမသာဖြစ်စေ ပြုလုပ်တဲ့ microaggression တွေကို ကျွန်မတို့အနေနဲ့ သတိမူပြီး စောင့်ကြည့်ပြင်ဆင်ဖို့ အရေးကြီးပါတယ်။ နောက်ဆုံးမှာ ကျွန်မတို့ပန်းတိုင်က genderတိုင်း သူတို့ရဲ့ ရည်မှန်းချက်ကို ပြည့်ဝစွာပုံဖော် လုပ်ဆောင်နိုင်တဲ့ ကမ္ဘာကြီးပဲ မဟုတ်လား။ ကျွန်မ ပေးချင်တဲ့ messageကတော့ ကိုယ့်စကားလုံး တွေကိုသေချာရွေးချယ်ပါ။ ဒီလို တဖြည်းဖြည်း မှန်မှန်နဲ့ ရှင်တို့၊ ကျွန်မတို့ရဲ့ မသိစိတ်ထဲက ခွဲခြားမှု မှားယွင်းတဲ့အစွဲတွေကို တော်လှန်နိုင်မှာပါ။

Read More

Featured Selection – “Mable”

“ပန်းကလေးများ လန်းစေသား”

               နွေရာသီရဲ့ အပူဟာ အခု ကျွန်မရင်ထဲလောင်မြိုက်ရတဲ့ အပူကို မှီပါ့မလားဘဲ။ ကလေးမလေးရဲ့ မစို့မပို့ ပူနေတဲ့ဗိုက်ကလေးရယ် သူလက်တွဲပြီးခေါ်လာတဲ့ ကလေးလေး၂ယောက်ရယ်ကို ကြည့်ရင်း သက်ပြင်းလေးချမိပြန်တယ်။ အော် နောက်တစ်ဗိုက်နဲ့ လာပြန်ပြီဘဲ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်တိုင်ကလေးအရွယ်လေးကနေ ကလေးအမေဘဝရောက်ခဲ့သူလေး။ မြင်လိုက်တိုင်း ငါ့ညီမလေးသာဆိုရင် ဆိုတဲ့စိတ်နဲ့ ရင်နာမိတယ်။

              သူ့နာမည်က နှင်းနု။ နာမည်နဲ့ လူနဲ့တော့ အတော်ကို မကိုက်တာ။ ပထမဆုံး တွေ့ဖူးတဲ့အချိန်က မှတ်မှတ်ရရမှတ်မိလောက်အောင်ကို ပြသာနာပင်လယ်ဝေပြီးရောက်လာသူလေး။ လူကောင်သေးသေးညှက်ညှက်နဲ့ တစ်ယောက်ထဲ သူနှစ်ကိုယ်စာရှိတဲ့ အထုပ်လေးတွေသယ်လို့ ဆေးရုံလာပြသူလေး။ ဘုရားရေ တစ်ယောက်ထဲ လာသလားဆိုတော့ သမီးယောကျာ်းက မအားလို့ပါတဲ့။ လူနာ ရာဇဝင်မေးလို့ သိရကြားရသမျှထဲ အဆင်မပြေမှုတွေများလွန်းတဲ့ သူ့ဘဝလေး။ အသက်က ၁၆နှစ် မိဘတွေသဘောမတူတဲ့သူမို့ လိုက်ပြေးပြီး တစ်အိုးတစ်အိမ်ထူထောင်တာမို့ နှစ်ယောက်စလုံး အလုပ်အကိုင်ကလဲ မယ်မယ်ရရမရှိကြသူလေးတွေ။ ပထမဆုံး ကိုယ်ဝန်မို့ မိခင်ဘဝရောက်ပြီဆိုပြီး ပျော်နေလေရဲ့။

               ယောကျာ်းဖြစ်သူက ကြုံရာကျပန်းလုပ်သူမို့ မပြည့်စုံသေးပေမဲ့လဲ သူတို့အတွက် ဘုရား ပေးတဲ့ ဆုလေးပါတဲ့။ မွေးလမ်းကြောင်းပြသာနာတွေရယ် ကိုယ်အလေးချိန်မပြည့်ဘဲ အာဟာရချို့တဲ့နေတာကြောင့် သေမင်းနဲ့လုပြီး ခွဲမွေးယူထားရတဲ့ သားဦးလေး။ ဆေးရုံဆင်းတဲ့နေ့အထိ မပေါ်လာသူ သူ့ယောကျာ်းကတော့ ကျွန်မ သူနောက်ဆုံးအကြိမ် ဆေးရုံလာတဲ့အထိ မတွေ့ခဲ့ရပါဘူး။ ပထမဆုံးကလေးမွေးပြီး ဆေးရုံဆင်းထဲက သားဆက်ခြားဖို့ လိုအပ်တာတွေရော သိသင့်တာတွေရောရှင်းပြလိုက်ပေမဲ့ ၁နှစ်အကြာမှာ ဒုတိယအကြိမ် ပြုံးပြုံးလေးနဲ့ ထပ်ရောက်လာပြန်တယ်။ သေးညှက်ညှက်ကလေးမလေးဟာ ပိုတောင်ပိန်လို့ လေတိုက်ရင် လဲကျ မှာစိုးရလောက်လေရဲ့။ တိုးလာတဲ့ အညိုအမဲ အကွက်တွေနဲ့ ကလေးမလေးဟာ အပြုံးတွေတော့ ဝေနေဆဲပါဘဲ။ ဒုတိယတော့ သမီးလေးဖြစ်ရင်ကောင်းမယ် ဆရာမရယ်တဲ့။ သူ့ မျှော်လင့်ချက်တော့မပြည့်ပါဘူး။ အရင်တစ်ခါကလို ပြသာနာအမျိုးမျိုးနဲ့ အရေးပေါ် ခွဲမွေးရပြန်တယ်။ ဒုတိယသားလေးမွေးပြီးတော့လဲ အရင်လို သားဆက်ခြားဖို့ ထပ်တိုက်တွန်းရပြန်တယ်။

               မပြေလည်ရတဲ့အထဲ ကလေးစရိတ်တွေကပါ တိုးတိုးလာတော့ ဘယ်အဆင်ပြေကြပါ့မလဲ။ ကိုယ်ကစိတ်ပူပေမဲ့ သူက ပြုံးပြနေဆဲ။ ကိုယ်က သားကြောဖြတ်သင့်ရင် ဖြတ်သင့်ကြောင်း ဆေးရုံမှာ သားကြောဖြတ်ဖို့လဲ ဖောင်တင်လို့ရကြောင်း သေချာထပ်ပြောမိတယ်။ ဒီတစ်ခါတော့ သူ့အပူတွေက အပြုံးတွေလျော့လာအောင် လောင်နေပြီဖြစ်တယ်။ ဆရာမရယ် ကျွန်မယောကျာ်းက အဲလိုတွေ မလုပ်စေချင်ဘူး။ ကျွန်မက ကလေးမယူချင်သေးဘူးပြောတော့ ကျွန်မကို ရိုက်တယ်။ ငါက နင့်ယောကျာ်းတဲ့။ ငါ ပြောသလို နေ ငါ့သဘောနဲ့လုပ်တဲ့ အခုလဲ မပြေလည်ပါဘူး။ အရက်တွေချည်းသောက်တော့ အလုပ်လဲမလုပ်နိုင်ဘဲ ကျွန်မဘဲ အလုပ်ရှာကြုံလုပ်ရတယ်တဲ့။ သူကလဲ ယူထားတဲ့ ယောကျာ်းမို့ မလွန်ဆန်နိုင်ပါဘူးတဲ့။ ကျွန်မ အားပေးစကားပြောပြီး ပညာပေးစကားတွေကို နားဝင်အောင် ​ပြောရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။

              အဲလိုနဲ့ တတိယအကြိမ် သူရောက်လာပြန်တယ်။ ကလေးလေး နှစ်ယောက်ရဲ့ လက်ကို ဆွဲပြီး ရောက်လာတဲ့ သူ့အပြုံးတွေက မပီပြင်တော့ပါဘူး။ နှင်းနုက ဒီတောင်ကိုတော့ ဘယ်လိုမှ မကျော်နိုင်ခဲ့ပါဘူး။ သူကတော့ လောကကြီးက ထွက်ခွာသွားပေမဲ့ သူနဲ့ပတ်သတ်ပြီး တွေးမိတဲ့ မေးခွန်းများစွာကတော့ ကျွန်မအတွက် ကျန်ခဲ့ပါတယ်။ ငယ်ငယ်ထဲက နှင်းနုက မိန်းကလေးမို့ ပညာမသင်ရခဲ့ဘူး။ သူ့အစ်ကို သူ့ မောင်လေးကိုတော့ ကျောင်းထားပေးတယ်တဲ့။ ယောကျာ်းရပြန်တော့လဲ မိန်းမမို့ ကိုယ်မွေးရမယ့်ကလေးကိုတောင် ယူသင့်မယူသင့် ဆုံးဖြတ်ခွင့်မရှိဘူးတဲ့။ ကျွန်မစိတ်ထဲ အတွေးတွေကျန်နေပေမဲ့ နှစ်တွေကြာလာလေလေ နှင်းနုမဟုတ်တဲ့ နှင်းနုလို မိန်းကလေးတွေလဲ အများကြီး တွေ့လာရတော့ ဒါက သမာရိုးကျ ကိစ္စလားတောင် တွေးမိပြန်တယ်။ Internet ဆိုတာကြီး ကျယ်ကျယ်ပြန့်ပြန့် ပေါ်လာချိန်မှာတော့ မျိုးစုံသောပြသာနာတွေရဲ့ တူညီတဲ့ဇာစ်မြစ်ကို တွေ့လာခဲ့တယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဖြစ်လာပြီဆိုထဲက ကျွန်မတို့တွေဟာ အခွင့်အရေးကို အမြဲ ဆုံးရှုံးသွားတော့တာပဲ။

                တစ်ချို့သော အခွင့်အရေးတွေကတော့ အရမ်းကြီးမားတဲ့အကျိုးဆက်ဖြစ်လို့သာ သတိထားမိကြပေမဲ့ အမျိုးသမီးမို့ နှိမ့်ချမှု အခွင့်အရေးချိုးဖောက်ခံရမှု သေးသေးလေးတွေကတော့ သာမန်နေ့စဥ်ဘဝမှာလဲ ကြုံနေကြရတယ်။ သမီး မိန်းကလေးမို့ ‘ဗိုင်းကောင်းကျောက်ဖိနေ’။ မိန်းကလေးမို့ ထမင်းဟင်းချက် အိမ်အလုပ်လုပ်လေ။ မိန်းကလေးမို့ သူငယ်ချင်းတွေနဲ့ အပြင်မသွားနဲ့။ ထမီတွေကို ရောမလျှော်နဲ့။ မိန်းကလေးမို့ ရာထူးကြီးတွေ သိပ်မခန့်ချင်ဘူး။ မိန်းကလေးမို့ လခက နည်းနည်းလျော့ပေးတာလေ။ စသဖြင့် အသေးအဖွဲလေးတွေကိုတောင် အများကြီး မသိမသာနဲ့ နေသားကျနေခဲ့ကြတာကြာပြီ။ ဒါပေမဲ့ ကျွန်မလို အအတော်အတန်ပြည့်စုံပြီး ပညာသင်ခွင့်ရခဲ့တဲ့ အမျိုးသမီးတွေတောင် ဒီအခွင့်အရေးတွေ ချိုးဖောက်မှုလေးတွေရှိနေတာ။ နှင်းနုဟာ လောကထဲကထွက်သွားချိန်အထိ သူဘာတွေ အခွင့်အရေးချိုးဖောက်ခံခဲ့ရလဲ သူလုံးဝ မသိခဲ့ရပါဘူး။ Internet နဲ့ Web ရယ် စာအုပ်တွေရယ်ကနေ Feminism ရဲ့ Definition တွေ အများကြီး သိလာရပါတယ်။

               ကျွန်မကတော့ လူတိုင်း ကိုယ်ရသင့်တဲ့ အခွင့်အရေးတွေ သိခွင့်ရခွင့်ရှိပြီး ကိုယ့်ခန္ဓာကိုယ်ကို ကိုယ့်ဆုံးဖြတ်ချက်တွေနဲ့ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ခွင့်ရမှပဲ ဒါဟာ Feminism လို့ ယူဆပါတယ်။ ဒါပေမဲ့ Feminism ဟာ အမျိုးသမီးဆိုတဲ့ Gender တစ်ခုတည်းထက် မိမိရဲ့ ဖြစ်တည်မှု (identity) ကို အကြောင်းပြပြီး လူတိုင်းတူညီရသင့်တဲ့ အခွင့်အရေးအချိုးဖောက်ခံရတဲ့ ဘယ်သူမဆို (ကျား၊ မ နဲ့ အခြားသော လိင်ကွဲများ) အားလုံးကို ကိုယ်စားပြုပါတယ်။ ကိုယ်သိတာတွေကို မသိတဲ့ အမျိုးသမီးတွေဆီ မျှဝေရင်း ရသင့်တဲ့အခွင့်အရေးတွေကို အတူတူ ဆုပ်ယူကြရပါမယ်။

              အခု နောက်ပိုင်းမှာ Feminism, reproductive health, sex education တွေဟာ ခေတ်ရေစီးကြောင်းနဲ့ အတူ အတော်လေးတွင်ကျယ်လာပါတယ်။ ဒီအရာတွေကို ကျွန်မတို့လို သိနိုင်ခွင့်ရတဲ့ လူတစ်ဆုပ်စာလေးကနေ တစ်နိုင်ငံလုံးကနေ ရှိတဲ့ အမျိုးသမီး၊ အမျိုးသား အခြားသော လိင်တူလိင်ကွဲ လူမျိုးစုံ အရွယ်စုံ အားလုံး အခွင့်အရေးတန်းတူ ရနိုင်ကြဖို့ ကြိုးစားကြရပါမယ်။ ဒါဟာ တစ်ရက်တည်း နေ့ခင်းညချင်းတော့ ပြောင်းလဲသွားမှာမဟုတ်ပေမဲ့ တစ်နေ့နေ့မှာ ဒီမျှော်လင့်ချက်တွေ မျိုးစေ့ချခဲ့သမျှတွေကနေ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးမှာ လူသားတိုင်းတန်းတူညီမျှရေး ပန်းခင်းလေးတွေ ဝေဆာလာမယ်လို့ ကျွန်မယုံပါတယ်။

Read More

Featured Selection – “Rachael”

“ဖိုဝါဒကြီးစိုးမှု၏ ခေါင်းကို ပစ်ခြင်း”

               ကျွန်တော်တို့ ဘာလို့ ခေါင်းကိုပစ်သင့်တာလဲ။ ပိုတိတိကျကျ မေးရရင် ဘယ်သူ့ခေါင်းကိုပစ်ရမှာလဲ။ ပက်ထရီယာခီက ကျွန်တော့်အဖေခေါင်းထဲကို အဖျားပိုးလို ဝင်ရောက်နေတဲ့ ကပ်ပါးတစ်ကောင်ဖြစ်တယ်။ ဒီကပ်ပါးကောင်ကြောင့် အဖေဟာ အခြေအမြစ်မခိုင်လုံလှတဲ့ အကြောင်းအရာတွေကို ထပ်ခါတလဲလဲ ပြောဆိုလာတတ်တယ်။ အဖေ့ခေါင်းထဲ ကပ်ပါးကောင်ရောက်နေတာကို စပြီး သိလိုက်တဲ့အချိန်က အဖေ့နှုတ်ကနေ စကားတစ်ခွန်းထွက်လာတဲ့အချိန်ပါပဲ။

               “မိန်းမတွေဖြစ်ပြီးတော့” အရာရာကို “မိန်းမတွေဖြစ်ပြီးတော့” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ပိတ်ပင် ချုပ်ခြယ်လာတာက သဘာဝမကျလှဘူး။ ဒါဟာ ကပ်ပါးကောင်ရဲ့ ထိန်းချုပ်မှုကြောင့်သာ ဖြစ်နိုင်တယ်။ “မိန်းမတွေဖြစ်ပြီး အိမ်အလုပ် မလုပ်ချင်ဘူး” “မိန်းမတွေဖြစ်ပြီး ပိပိပြားပြားမနေဘူး” “မိန်းမတွေဖြစ်ပြီး အိမ်မှာကို မနေဘူး” ထပ်ခါတလဲလဲ ကြားနေရတဲ့စကားတွေကြောင့် ကျွန်တော် အဖေ့ကိုပြန်ပြီး မေးခွန်းတွေ ထုတ်ခဲ့တယ်။ “မိန်းမဖြစ်နေလို့ အိမ်အလုပ်လုပ်ရတာလား မိန်းမ မဟုတ်ရင် နေချင်သလို နေလို့ရလား ယောင်္ကျားတွေက တစ်နေကုန် အိမ်ထဲမနေလည်းရလား” မေးခွန်းတွေဟာ အဖေ့ကို အကြီးအကျယ် ဒေါပွစေတာ သိသာလှတယ်။ အဖေ့ခေါင်းထဲက ကပ်ပါးကောင် အခြေအနေဟာ တစ်ရက်ထက် တစ်ရက် ပိုပိုပြီး ဆိုးဝါးလာခဲ့တယ်။ တစ်ရက်မှာ ကျွန်တော်က အဖေ့ရောဂါကို တိုင်ပင်ဖို့ ဖီးမီးနစ်(Feminist) ဆရာဝန်တစ်ယောက်ဆီ သွားခဲ့တယ်။ ဆရာဝန်က ကပ်ပါးကောင်ကို သတ်ရမယ့်အကြောင်း ပြောပြပြီး သတ်ပုံသတ်နည်းကိုပါ ညွှန်ကြားပေးတယ်။ ဒါပေမဲ့ ဒီလိုသတ်ဖို့ဟာ အခြေအနေတစ်ခုအပေါ်ကို လုံးလုံးလျားလျားမှီခိုနေတာဖြစ်ပြီး အဲ့အခြေအနေရောက်မှ ကပ်ပါးကောင်ကို အပြတ်ရှင်းနိုင်မှာဖြစ်ကြောင်းပြောလိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ ဆရာဝန်ညွှန်းလိုက်တဲ့ စာအုပ်တစ်ချို့ကို ဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။

             အိမ်ရောက်တဲ့အခါ ကျွန်တော်ဝယ်လာတဲ့စာအုပ်တွေထဲက တစ်အုပ်ကို အဖေ မြင်လိုက်ပုံရတယ်။ စာလုံးကြီးကြီးနဲ့ ရေးထိုးထားတဲ့ ဖီးမီးနစ်(Feminist) ဆိုတဲ့ စကားလုံးအပေါ် အဖေ့ရဲ့ အလိုမကျမှုတွေဟာ တီကောင်ကို ဆားပက်လိုက်သလို ထွက်ပေါ်လာတယ်။ဖီးမီးနစ် ဟာ ဆေးခါးကြီးဖြစ်ကြောင်း အဖေသိပုံပါပဲ။ ကပ်ပါးကောင်ရှိနေတာလည်း သေချာသွားပြီမလို့ ကျွန်တော်ဖန်တီးရမယ့်အခြေအနေတစ်ရပ်အတွက်သာ အာရုံစိုက်လိုက်တော့တယ်။ ပက်ထရီယာခီ ကပ်ပါးကောင်ရဲ့ အတွေးတွေလို ပူလောင်လှတဲ့ နွေရက်တစ်ရက်မှာ အကိုက သူ့ခြေအိတ်တစ်စုံနဲ့အတူ ကျွန်တော့်လက်ကိုင်ပဝါနဲ့ ခြေအိတ်ကိုပါ လျှော်နေခဲ့တယ်။ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတုန်းမို့ စာမူရေးရ၊ စာတိုက်တွေကို စာမူပို့ရနဲ့ ကျွန်တော့်မှာ အားလပ်ချိန်ရယ်လို့ မယ်မယ်ရရ မရှိ။ အဲ့ဒီနေ့မှာ အကို့ကို လက်ကိုင်ပဝါနဲ့ ခြေအိတ် လျှော်ပေးတဲ့အတွက် ကျေးဇူးတင်စကားပြောပြီး ကျွန်တော့်အခန်းထဲ ပြန်ဝင်လာခဲ့တယ်။ တအောင့် ကြာတဲ့အခါ ကျွန်တော့် အခန်းတံခါးကို အတင်းအဓမ္မ ဖွင့်လိုက်သံကို ကြားလိုက်ရတယ်။ ရေးလက်စ စာမူကို ဘေးချပြီး တံခါးဝကို ကြည့်လိုက်တဲ့အခါ အဖေဟာ ကျွန်တော့်ကို ဒေါသတကြီး ကြည့်နေတာကို တွေ့လိုက်ရတယ်။ ရုတ်တရက် အဖေ့လက်ထဲက ရေစိုနေတဲ့ ခြေအိတ်တစ်စုံက ကျွန်တော့်ရင်ဘတ်ကို ပစ်ပေါက်ခြင်း ခံလိုက်ရတယ်။

             “နင်က ကိုယ့်ခြေအိတ်တောင် ကိုယ်မလျှော်နိုင်တဲ့ထိ ဘယ်လောက်တောင် အလုပ်များနေလို့လဲ၊ အကိုဖြစ်သူက လျှော်နေရတယ်။ နင် အဲ့ဒီ အရည်မရ အဖတ်မရဟာတွေပဲ ဖတ်နေရေးနေ၊ နင် ငရဲကြီးမယ်၊ ကြပ်ကြပ်သတိထား” အဖေ့နှုတ်ထွက်စကားတွေကို ကျွန်တော် ဆက်ပြီး နား‌မထောင်။ ရေစိုနေတဲ့ ခြေအိတ်ကို ကိုင်ပြီး အဖေ့ပခုံးကို တွန်းတွန်းတိုက်တိုက်နဲ့ ရေချိုးခန်းထဲကို ထွက်လာခဲ့တယ်။ ပက်ထရီယာခီက ကျွန်တော့်ကို ပေါက်ကွဲထွက်မတတ်သောအကြည့်တွေနဲ့ ကြည့်နေမယ်ဆိုတာ ခံစားမိတယ်။ အကိုက အားနာတဲ့မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်ရှာတယ်။ ကျွန်တော်က အဆင်ပြေကြောင်း ပြုံးပြလိုက်တော့မှ အကိုက စိတ်အေးသွားရှာပုံပေါ်တယ်။ ကျွန်တော်က ခြေအိတ်တွေကို ရေချိုးခန်းထဲ ပစ်ထည့်ပြီး ကျွန်တော့်အခန်းထဲပြန်ဝင်လာကာ အခန်းတံခါးကို ဆောင့်ပိတ်လိုက်တယ်။ ရိုင်းစိုင်းတဲ့အပြုအမူဖြစ်ဟန်တူသော်ငြား ကျွန်တော် မကြောက်မရွံ့ အခန်းတံခါးကို လော့ခ်ချပြီး အပြင်က အော်ဟစ်သံတွေကို လစ်လျူရှုထားလိုက်တယ်။ (အကိုက ကြင်နာတတ်တဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်တယ်။ အဲ့ဒီအပြင် အကိုက သူကိုယ်တိုင် ဖီးမီးနစ် ဖြစ်မှန်းမသိ ဖြစ်နေခဲ့တယ်။) ထိုနေ့နောက်ပိုင်းတွေမှာ ကျွန်တော်နဲ့ အဖေ စကားမပြောဖြစ်ခဲ့။

               တစ်ရက်မှာ ကျွန်တော်ဟာ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲကို တက်ဖို့ ဖြစ်လာခဲ့တယ်။ ကျွန်တော့် အတန်းဖော်တစ်ချို့ဟာ ကျွန်တော့်ဆောင်းပါးတွေကို ဖတ်လေ့ရှိပြီး သဘောတွေ့ကြတာမို့ ကျွန်တော် ဝမ်းသာခဲ့ရတယ်။ ဖီးမီးနစ်ဇမ် (feminism) အကြောင်း ကျွန်တော် စကားစတဲ့အခါ ‌အတန်းဖော် တော်တော်များများက အဲ့ဒီအကြောင်းကို နားလည်လက်ခံကြတဲ့လူတွေဖြစ်လို့ ကျွန်တော် အံ့ဩခဲ့ရသေးတယ်။ ဖီးမီးနစ်ဇမ်ဟာခေတ်အပြောင်းအလဲမှာ ပါလာတာကို မျက်မြင်တွေ့ရတော့ ကျွန်တော့်စိတ်ထဲ ဝမ်းသာပီတိ ဖြစ်မိသလိုပါပဲ။ ထူးထူးဆန်းဆန်း အတန်းဖော် အမျိုးသမီးသူငယ်ချင်းတစ်ယောက်ရဲ့ စကားမှာ ပက်ထရီယာခီဆန်တဲ့ ဝေါဟာ‌ရတွေ ပါဝင်လာကို ကြားလိုက်ရတဲ့အခါ ကျွန်တော် ထိတ်လန့်သွားတယ်။ အမျိုးသမီးတစ်ချို့က ပက်ထရီယာခီကို သက်ဆိုးရှည်စေတယ်ဆိုတာကို အဲ့ဒီ အတန်းဖော်ရဲ့ နှုတ်ကနေ “မိန်းမက မိန်းမ ပီပီသသ နေရမှာပေါ့ မိန်းမက ယောင်္ကျားလိုနေလည်း ယောင်္ကျားဖြစ်သွားတာမှမဟုတ်တာ” ဆိုတဲ့ စကားမထွက်လာခင်ထိ ကျွန်တော် မယုံကြည်ခဲ့ဘူး။ သူ့အပြုအမူနဲ့ စကားတွေဟာ အမျိုးသားတွေပေါ် တိမ်းညွတ်ပြီး တစ်ဖက်စောင်းနင်းဆန်ဆန် ဖြစ်လာတဲ့အခါ အဲ့ဒီစကားဝိုင်းကနေ ကျွန်တော် ထွက်လာခဲ့တယ်။

              အမျိုးသမီးတစ်ချို့ဟာ သူတို့ကို အမျိုးသားတွေ သဘောကျကြဖို့ သူတို့ကိုယ်ကို သူတို့ နှိမ့်ချ အညွန့်ချိုးပစ်လိုက်တာတွေ ရှိသေးပါလားလို့ ကျွန်တော်တွေးမိတယ်။ ဒါက ကျွန်တော့်ကို အတော်လေး ထိတ်လန့်စေပါတယ်။ ညစာစားဝိုင်းမှာ ဝိုင်တစ်ချို့ပါတော့ ကျွန်တော် အများကြီးမသောက်ပဲ အိမ်ကိုပဲ စောစောပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ အမေက အကျိုးအကြောင်းမေးပြီး စကားပြောနေတဲ့အချိန် အဖေ့ရဲ့ ဆူညံသံကို ရုတ်တရက်ကြားလိုက်ရတယ်။ ပက်ထရီယာခီဟာ နေ့ညမရွေး ဒုက္ခပေးနိုင်ကြောင်း အဲ့ဒီညမှာ သိလိုက်ရတာပါပဲ။

              “မိန်းမဖြစ်ပြီး အပြင်မှာ သောက်စားလာတယ် ဟုတ်လား၊ တော်တော် တတ်နေတာပေါ့၊ တော်တော် ခေတ်မီနေတာပေါ့ မိန်းမပျက်တွေ” မိန်းမပျက်ဆိုတာ ပြည့်တန်ဆာကို ရည်ညွှန်းတာဆိုရင် လိင်လုပ်သားအခွင့်အရေးအကြောင်း ကျွန်တော် ပြောပြမိဦးမှာပါပဲ။ ကျွန်တော့်ပါးစပ်က ဝိုင်နံ့ထွက်နေတာကို ကျွန်တော် ခယပြီး မတောင်းပန်နိုင်။ ကျွန်တော်မှာ သမီးတစ်ယောက်ရဲ့စိတ်ထက် မိန်းမတစ်ယောက်ရဲ့ခွန်အားပဲ ရှိနေဟန်တူပါတယ်။

              “မိန်းမတွေ အရက်မသောက်ရဘူးဆိုတာ ဘာလို့လဲ အဖေ ဘုရားက အကုန်လုံးကို မသောက်ဖို့ တားတာလေ မိန်းမတွေကိုပဲ မသောက်ခိုင်းတာမှ မဟုတ်တာ ယောင်္ကျားတွေလည်း သောက်တာပဲ ယောင်္ကျားတွေလည်း လူယုတ်တွေပဲလား” ပက်ထရီယာခီက အမြင့်ဆုံးကို တက်သွားပြီး အဖေ့လက်တွေကပါ ခပ်မြင့်မြင့်ကို ပျံတက်လာပါတယ်။ ပက်ထရီယာခီကို သတ်ဖို့ အချိန်ကောင်းပါပဲ။ ဒါပေမဲ့ ရုတ်တရက် အမေက အဖေ့လက်တွေကို ဆွဲကိုင်လိုက်ပြီး စိတ်ထိန်းဖို့ ပြောလိုက်ပါတယ်။ ကျွန်တော့်အခွင့်အရေးကို အမေက မရည်ရွယ်ပဲ ဖျက်ဆီးလိုက်မိတာပါပဲ။ အမေ့မှာ ကျွန်တော်ထိခိုက်မှာကို မလိုလားတာဖြစ်လို့ အမေ့ကို ကျွန်တော် အပြစ်မတင်ရက်ပါ။ ရက်တွေ လတွေပါ ကြာသွားတဲ့ထိ အခွင့်ကောင်းကို ကျွန်တော်စောင့်စားနေခဲ့ပါတယ်။

               ပက်ထရီယာခီက ကျွန်တော်နဲ့ အဖေ့ကို ဆက်တိုက် သွေးခွဲရုံကလွဲပြီး အမြင့်ဆုံး အခြေအနေကို ရောက်မလာခဲ့ပါဘူး။ တစ်ရက်မှာတော့ ကျွန်တော့်အိမ်နားက ညီမတစ်ယောက်မှာ မုဒိန်းမှုဖြစ်ပါတော့တယ်။ အမေ့ရဲ့ ဂရုဏာ စကားသံမှာ ကလေးမရဲ့ ဝမ်းနည်းတုန်လှုပ်နေမှုတွေကို ကြားနိုင်တယ်။ ၁၂ နှစ်အရွယ် ကလေးမလေးက ဘယ်လောက်တောင် ကြောက်ရွံ့နေလိုက်မလဲ။ “အဲ့ကောင်မလေးက လူတကာနဲ့လိုက်နေတာကို ခံရမှာပေါ့ ဝမ်းကွဲအကိုတွေရော ဘာတွေရော ‌ဘာကောင်တွေမှန်းမသိဘူး ခေါ်သွားတိုင်း လိုက်သွားတာပဲလေ အနေအထိုင်မှ မတတ်တာ” ပက်ထရီယာခီ ဟာ ရဲတင်းစွာပဲ ထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်ဟာ ထိတ်လန့်မှုကို အရှိန်သတ်ကာ အချိန်‌အတော်ကြာ ဝှက်ထားခဲ့တဲ့ဖီးမီးနစ်သေနတ် မသိမသာ ဆုပ်ကိုင်ထားလိုက်ပါတယ်။ အခွင့်အရေးကောင်းဟာ နောက်တစ်ဖန် ပြန်ရောက်လာတာမို့ ဒီတစ်ကြိမ်မှာတော့ လက်လွှတ်မခံဖို့ အခြေအနေ အရပ်ရပ်က တွန်းပို့နေပါတယ်။ အမေက ထိုင်နေရာက စိတ်ပျက်စွာနဲ့ ထထွက်သွားတဲ့အခါ ပက်ထရီယာခီကို မျိုးဆက်ဖြတ်ဖို့ ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်ရှိပြီဖြစ်ပါတယ်။

            “မုဒိန်းမှုမှာ လုပ်တဲ့လူကပဲ အပြစ်ရှိတယ် ကောင်မလေးက အဝတ်ဗလာဆိုရင်တောင် သူ့မှာ မုဒိန်းကျင့်ပိုင်ခွင့်မရှိဘူး” အဖေက ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်တယ်။ ပက်ထရီယာခီရဲ့ အရှိန်ဟာ တက်နေဆဲ။ “အနေအထိုင် မတတ်တာပဲကွ၊ နင်က ဘာသိလို့လဲ အကောင်တွေ တရုန်းရုန်းနဲ့နေတာကို နည်းတောင် နည်းသေးတယ်” “သူ့အစ်ကိုတွေပါ အဲ့ဒါ သူ့ရဲ့ ဝမ်းကွဲအစ်ကို။ သူတို့ မိဘတွေနဲ့လည်း ရင်းနှီးတဲ့ ဝမ်းကွဲအစ်ကိုက လုပ်သွားတာ။ မောင်နှမဝမ်းကွဲကို လုပ်သွားတာ။ သူ့မိဘတွေက သူ့ကို ဘယ်လောက်တောင် မသင်ပေးခဲ့လို့လဲ အဖေ စဉ်းစားကြည့်။ သူတို့သားကို ကောင်းတာ ဆိုးတာ ဘာမှမသင်ပေးခဲ့ဘူးလား။ ဘယ်လောက်တောင် အသိဉာဏ် ကင်းမဲ့လိုက်တဲ့ မိဘတွေလဲ။ ဘယ်လောက်တောင် ဦးနှောက်မရှိ၊ စာနာစိတ်မရှိတဲ့ သားသမီးလဲ။

              ကောင်မလေးက သူ့ညီမပါ” ကျွန်မဟာ ကျွန်မရဲ့ ဖီးမီးနစ်သေနတ် ပေါ်ပေါ်ထင်ထင် မောင်းတင်ပြီး ပက်ထရီယာခီရဲ့ ဦးခေါင်းကို တည်ကာ လက်ညှိုးကို ကွေးချလိုက်ပါပြီ။ ပက်ထရီယာခီ ကပ်ပါးကောင်ရဲ့ အဆိပ်အတောက်တွေဟာ နံရံမှာ ပေကျံပြီး အပိုင်းပိုင်း ပြတ်ထွက်ကုန်တယ်။ အဖေဟာ ကျွန်တော့်ကို အချိန်အတန်ကြာ ကြည့်နေခဲ့တယ်။ သူ့တစ်ဘဝလုံး တွေးထားခဲ့သမျှတွေ အရည်ပျော်ကျသွားတဲ့အခါ သူ ဘာကို ယုံကြည်သင့်လဲဆိုတာကို နောက်တစ်ကြိမ် ဝေဖန်ပိုင်းခြားရတော့တယ်။ ကျွန်တော်နဲ့ အဖေ ပက်ထရီယာခီ ကို မျိုးဖြုတ်နိုင်ခဲ့ပါပြီ။

Read More

Featured Selection – “လာဗင်ဒါကေကေ”

“လူဆိုတာ…….”

             ကျွန်မ လူမှန်းသိတက်စအရွယ်မှာ ကျွန်မရဲ့မိဘတွေကပြောတယ်။ “မိန်းကလေးဆိုတာ အသံအကျယ်ကြီးနဲ့ မရယ်ရဘူးတဲ့” ဒါပေမဲ့ ကျွန်မရဲ့အဖေကတော့ ဟာသကားတွေကြည့်တိုင်း၊သူသဘောကျတဲ့အရာတွေကိုတွေ့တိုင်း အသံကျယ်ကြီးနဲ့ အော်ရယ်လေ့ရှိတယ်။အဲ့အတွက်ကို ဘယ်သူကမှ တားမြစ်ခြင်းမရှိပါဘူး…..။

             ကျွန်မအပျိုအရွယ်ရောက်လာတော့ ကျွန်မအမေကပြောပြန်တယ်။ “မိန်းကလေးဆိုတာသိမ်သိမ်မွေ့မွေ့နေရမယ်”တဲ့ အဲ့ဒီစကားကို ကျွန်မတကယ်နားမလည်ခဲ့ဘူး။ဘာလို့ မိန်းကလေးတွေက သိမ်သိမ်မွေ့မွေ့နေဖို့လိုအပ်တယ်ဆိုတာကို သိရဖို့ ကျွန်မနဲ့ ရင်းနှီးတဲ့သူတွေ၊သူငယ်ချင်းတွေကို မေးကြည့်တယ်။စာအုပ်တွေဖတ်ကြည့်တယ်။

              တချို့ကပြောတယ် “မိန်းကလေးဖြစ်နေလို့ကို သည်လိုသိမ်မွေ့နေရမှာ”တဲ့။ တချို့ကတော့ “မိန်းကလေးတွေသိမ်‌မွေ့နေမှ ယောကျာ်းလေးတွေက ကြိုက်ကြမှာ”တဲ့။ တချို့ကဆိုတယ်” သိမ်မွေ့နူးညံ့ခြင်းက မိန်းမကောင်းတွေရဲ့ အင်္ဂါရပ်မို့ပါ”တဲ့။

             ဒီလိုအဖြေတွေကို ကျွန်မပြန်ရပြီးတဲ့နောက် ပင်ကိုယ်စရိုက်က သိမ်မွေ့ညင်သာမှုရှိမနေတဲ့ ကျွန်မဟာ ကိုယ့်ကိုကိုယ် ဒွိဟဖြစ်လာတယ်။”ငါက မိန်းကလေးမဟုတ်လို့ သိမ်မွေ့မှုမရှိတာလား။ “ငါက မိန်းမကောင်းရော ဟုတ်ရဲ့လား”။ “ငါဒီလိုနေရင် ငါက ယောကျာ်းတွေအမြင်မှာ မိန်းမကောင်းမပီသတော့ဘူးလား”။ ကျွန်မဟာ အချိန်ရရင် ရသလို ဒီလိုမေးခွန်းတွေကို ကိုယ့်ကိုကိုယ် ပြန်မေးရင်း စိတ်မလုံခြုံမှု၊စိတ်ဖိစီးမှုကို ခံစားခဲ့ရတယ်။ ကျွန်မသတိမထားမိလိုက်ခင်မှာဘဲ ကျွန်မဟာ ကိုယ့်ရဲ့ပင်ကိုစရိုက်ကို တခြားသူကြိုက်မကြိုက်၊ဆန့်ကျင်ဘက်လိင်တွေကြိုက်မက်ြိုက်အပေါ်မှာ မူတည်ပြီး ပြောင်းလဲဖို့ကို‌တောင်စဉ်းစားမိခဲ့ပါတယ်။အခုချိန် အဲ့အကြောင်းကို ပြန်တွေးကြည့်လိုက်တိုင်းမှာ ယုတ္တိမရှိတဲ့စံနှုန်းတွေကြား ရုန်းကန်နေရတဲ့ ကျွန်မကိုပဲမြင်ယောင် သနားမိနေဆဲပါပဲ……။

             ဒီလိုနဲ့ ကျွန်မ ဆယ်ကျော်သက်အရွယ်၊အရာရာကိုစူးစမ်းချင်စိတ်အပြည့်၊ပေါ့ပေါ့ပါးပါးတက်တက်ကြွကြွနေလိုစိတ်အပြည့်ဖြစ်နေချိန်မှာပဲ ပတ်၀န်းကျင်ကပြောလာခဲ့ပါတယ်။

           “မိန်းကလေးဆိုတာ ဟိုဟိုဒီဒီလျှောက်မသွားသင့်ဘူး။ လောကကြီးက မိန်းကလေးတွေအတွက်လုံခြုံမှုမရှိဘူး”တဲ့လေ။

           သူတို့ပြောတာ မှန်ပါတယ်။ အပြင်လောကကြီးက မိန်းကလေးတွေအတွက် မလုံခြုံပါဘူး။ သတင်း‌တွေထဲမှာလည်း မကြာခဏဆိုသလို အမျိုးသမီးတွေ အပြင်ထွက်ရင် အလိုမတူဘဲ အဓ္ဓမပြုကျင်ခံရတဲ့ အကြောင်းတွေက ပါလာတတ်တယ်။ တလောကပဲ ဆိုရှယ်မီဒီယာအပေါ်မှာ အမျိုးသမီးတစ်ဦးလမ်းလျှောက်‌နေတုန်း ဘယ်ကမှန်းမသိတဲ့ယောကျာ်းတစ်ယောက်က ရိုက်နှက်ခံရတဲ့သတင်းကိုတွေ့လိုက်ရပါသေးတယ်။ ကျွန်မကိုယ်တိုင်လည်း ဆန့်ကျင်ဘက်လိင်‌တွေရဲ့တရွှတ်ရွှတ်နဲ့ စနောက်ခံရတာ၊အချောလေး၊အလှလေးဆိုတဲ့စကားသံတွေနဲ့ ရိသဲ့သဲ့လုပ်ခံရတာ၊မထိတထိနဲ့ လက်အကိုင်ခံရတာတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတယ်။ ဒါပေမယ့် ဒီအ ကြောင်းတွေကို ဘယ်သူ့ကိုမှပြန်မပြောနိုင်ပဲ အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်မရေငုံနှုတ်ပိတ်နေခဲ့မိပါတယ်။ဘာလို့ဆို ပတ်၀န်းကျင်ရဲ့ “နင်ကအပြင်ထွက်လို့သည်လိုအလုပ်ခံရတာ”ဆိုတဲ့ အပြစ်တင်ဝေဖန်သံတွေကို ကျွန်မကြောက်မိလို့ပါပဲ။

            ပတ်၀န်းကျင်က ထူးဆန်းပါတယ်။သူတို့ဟာ သားကောင်ကို အပြစ်တင်ဖို့သတိရပေမယ့် ဗြောင်ကျကျ ရာဇ၀တ်မှုကျူးလွန်နေတဲ့သူတွေကိုတော့ အပြစ်တင်ဖို့၊အ‌ရေးယူဖို့မေ့လျော့နေတဲ့အပြင် လျစ်လျူပါရှုထားသေးတယ်။ဘာလို့ဒီလိုအကျူးလွန်ခံရသူ အများစုက အမျိုးသမီးတွေဖြစ်နေရတာလဲ။ကျွန်မမေးခွန်းထုတ်မိတယ်။လောကကြီးက မိန်းကလေးတွေအတွက် လုံခြုံမှုမရှိဘူးဆို မိန်းကလေးတွေအတွက် လုံခြုံအောင်လုပ်ပေးနိုင်ဖို့အတွက်ကိုရော ကြိုးစားအားထုတ် မသင့်ပေဘူးလား။အမျိုးသမီး‌ တွေကို ကာကွယ်ဖို့အတွက် ပြဌာန်းထားတဲ့ ဥပ‌ဒေ‌ တွေဟာပတ်၀န်းကျင်ကသတ်မှတ်ထားတဲ့ အရှက်တရားဆိုတဲ့ခေါင်းစဉ်အောက်မှာ ပျောက်ကွယ်သွားပြီး ကျူးလွန်သူတွေကို အရေးမယူနိုင်တဲ့ဖြစ်စဉ်တွေရှိနေတာက တကယ့်ကို စိတ်မချမ်းမြေ့ဖွယ်ရာကောင်းလှပါတယ်။

             ကျွန်မဟာ နေ့တိုင်း အိမ်မှုကိစ္စလုပ်ရပါတယ်။အိမ်မှုကိစ္စလုပ်တာဟာ ကျွန်မဝါသနာမဟုတ်ပေမယ့်ပေါ့။ကျွန်မရဲ့အမှန်တကယ် ဝါသနာက ခရီးသွား ရတာပါ။ ခရီးသွားရတာ ဝါသနာပါတဲ့ကျွန်မဟာ မိန်းကလေးမို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသက်ပြည့်တဲ့အချိန်ထိရောက်လာတာတောင် မိဘမပါဘဲ ခရီးသွားခွင့်မရှိပေမယ့် ကျွန်မသဘောမကျတဲ့ အိမ်မှုကိစ္စတွေကိုတော့ မိန်းကလေးဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ မိဘခွင့်ပြုချက်မလို အော်တိုမက်တစ် တန်းလုပ်ရပါတယ်။

            ကျွန်မရဲ့မောင်လေးဟာ အနေအထိုင်နူးညံ့ပါတယ်။တစ်ခါတစ်ရံ အိမ်မှုကိစ္စတွေလုပ်တဲ့အခါ ပါ၀င်ပြီး ကူညီလေ့ရှိတယ်။ဒါပေမဲ့ သူမီးဖိုချောင်ထဲ ရောက်နေတာကို ကျွန်မအဖေကတွေ့ရင် အဖေက သူ့ကို “အိမ်မှုကိစ္စဆိုတာ မိန်းကလေးတွေလုပ်တာ။‌မင်းလုပ်စရာမလိုဘူး”လို့ပြောလေ့ရှိတယ်။တစ်ဆက်ထဲမှာပဲ ထပ်ပြောတတ်‌သေးတယ် “မီးဖိုချောင်မှာ ယောကျာ်းလေးတွေ ရှိမနေသင့်ဘူး။မင်းယောကျာ်းမဟုတ်ဘူးလား”တဲ့။

           ကျွန်မအဖေရဲ့ သည်စကားတွေဟာ မိန်းမသားဖြစ်တဲ့ကျွန်မကို ခံပြင်းမှုနာကျင်မှုတွေဖြစ်စေပါတယ်။ဒါ့အပြင် ကျွန်မ‌ မောင်လေးကလည်း ကျွန်မအဖေပြောတဲ့ “ယောကျာ်းဆိုတာ” ဆိုတဲ့စံနှုန်း‌ ဘောင်ထဲ၀င်ဖို့တွက် မီးဖိုချောင်မှာအလုပ်လုပ်နေရတဲ့ သူ့အမေတွေ၊အစ်မတွေကို ကူညီပေးချင်တဲ့ဆန္ဒကိုလျစ်လျူရှုဖို့ ကြိုးစားရင်း စိတ်ဖိစီးမယ်ဆိုတာ အသေအချာပါပဲ။တကယ်ဆို အိမ်မှုကိစ္စဆိုတာ မိန်းမတွေအလုပ်ဆိုတာထက် အိမ်တစ်အိမ်မှာနေကြတဲ့ သူတိုင်းလုပ်ရမယ့်တာ၀န်တစ်ခုမဟုတ်ပါဘူးလား……။

            တကယ်တော့ မိန်းမ ယောင်္ကျား ဆိုတဲ့ လိင်အင်္ဂါပေါ်မူတည်ပြီး ခွဲခြားတဲ့အဆင့်မရောက်ခင်မှာ ဒီအမျိုးအစား၂မျိုးလုံးဟာ လူဖြစ်တယ်ဆိုတဲ့ တူညီမှုအဆင့်တစ်ခုရှိနေတယ်ဆိုတာကို ပတ်၀န်းကျင်ကသတိရဖို့မေ့နေကြပါတယ်။ဟုတ်ပါတယ်…… ယောကျာ်းရော မိန်းမရောဟာ လူတွေပါ။ဒါဟာ ဘယ်သူမှငြင်းလို့မရနိုင်တဲ့အမှန်တရားပါ။ဒါပေမဲ့ ခေတ်အဆက်ဆက်က အမျိုးသမီးတွေဟာ လူဖြစ်ပါရဲ့နဲ့ ယောကျာ်းတွေရတဲ့အခွင့်အရေးတွေကို တန်းတူညီမျှမရခဲ့ကြပါဘူး။ဘာလို့ဆို လူမှုအသိုင်းအဝိုင်းဟာ ကျားမဆိုတဲ့အပေါ်မှာပဲ စံနှုန်းတွေကို ဘောင်ခတ်ထားတာမို့လို့ပါ……။

            လူတော်တော်များများက ပြောကြမယ်။အခုချိန်မှာ အမျိုးသားရော အမျိူးသမီးတွေဟာ တန်းတူအခွင့်အရေးရနေတယ်လို့ပေါ့။ဒါပေမယ့်နိုင်ငံရေး၊ စီးပွားရေး၊အနုပညာ၊ခေါင်းဆောင်မှုကဏ္ဍ၊ပညာရေးအစရှိတဲ့ လူမှုကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေကို ပါ၀င်ခွင့်ပြု၊‌နေရာ‌ပေးတာဟာ ယခုချိန်ထိအလွန်နည်းပါးနေတယ်ဆိုပေမယ့် အမျိုးသမီးတစ်ယောက်က အမြင့်တစ်နေရာကိုရောက်လာတိုင်း ဝေဖန်ခံရတဲ့နှုန်းကတော့ အမျိုးသားတွေထက်ပို့မြင့်နေတုန်းပါပဲ။ကျွန်မတို့မြန်မာနိုင်ငံမှာလည်း “ကြက်မတွန်လို့ မိုးမလင်း”ဆိုတဲ့ စကားကို လက်ကိုင်ထားပြီး အမျိုးသမီးတွေကို ခေါင်းဆောင်နေရာမပေးသင့်ဘူးလို့ယုံကြည်နေကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိနေတုန်းပါ။

              ဒါ့အပြင် ရယ်စရာမဟုတ်တဲ့‌ လှောင်ရယ်စရာတစ်ခုရှိပါသေးတယ်။အဲ့တာက ဘာလဲဆိုတော့ မြန်မာအမျိုးသားတစ်ယောက်က ဘာသာခြား၊လူမျိုးခြားနဲ့လက်ထပ်ပေါင်းသင်းရင် ပတ်၀န်းကျင်က တစ်ဖက်အမျိုးသမီးရဲ့နိုင်ငံ၊ဘာသာကို အနိုင်ရပြီဆိုတဲ့ပုံစံမျိုးနဲ့ အောင်ပွဲခံဂုဏ်ပြုချီးမြှောက်ကျပေမယ့် မြန်မာအမျိုးသမီးတစ်ယောက်က အဲ့လိုလက်ထပ်ခဲ့မယ်ဆိုရင် အဲ့ဒီ့အမျိုးသမီးဟာ အမျိုးဂုဏ်ကိုမစောင့်ထိန်းဘူးဆိုပြီး ပတ်၀န်းကျင်က ပြစ်တင်ရှုံ့ချကြတော့တာပါပဲ။ဒါဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းရဲ့ လိင်အင်္ဂါအပေါ်လိုက်ပြီး ခွဲခြားဆက်ဆံတဲ့ ပြယုဂ်တွေထဲကတစ်ခုပါပဲ။

             တကယ်လို့သာ လူကြီးမိဘတွေက သူတို့ရဲ့သား၊သမီး၊‌ မြေး၊မြစ် တွေကို ကျား၊မဆိုတဲ့ အ ကြောင်းအရာပေါ်မှာ အခြေခံပြီး မဆုံးမဘဲ လူဆိုတဲ့ အကြောင်းအရာပေါ်မှာသာ အခြေခံပြီး ဆုံးမကြမယ်ဆိုရင် ကျားမအခြေပြု အကြမ်းဖက်မှုတွေ၊ခွဲခြားဆက်ဆံမှု‌တွေဟာ နည်းနိုင်သမျှ နည်းသွားမယ်လို့ကျွန်မယုံကြည်ပါတယ်။ဥပမာ-“မိန်းမဆိုတာအိမ်မှုကိစ္စလုပ်ရမယ်”ဆိုတဲ့စကားအစား “လူဆိုတာ ကိုယ့်စားဖို့သောက်ဖို့နေဖို့ထိုင်ဖို့အတွက် အိမ်မှုကိစ္စကိုလုပ်သင့်တယ်”ဆိုတဲ့စကားကို အစားထိုးတာမျိုးပေါ့။ဒါပေမဲ့ ဒီလိုစကားတွေကို အမျိုးသားကိုရော၊အမျိုးသမီးကိုရော ပြောဖို့တော့လိုပါလိမ့်မယ်။

           ကျွန်မတို့မှာ ကောင်းမွန်တဲ့အတွေးအခေါ်တွေကို မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းဖို့တာ၀န်ရှိပါတယ်။ကျွန်မတို့ အခုချိန်မှာတွေ့ကြုံနေရတဲ့ ကျား၊မအ‌အခြေပြုခွဲခြားဆက်ဆံမှုတွေ၊အကြမ်းဖက်မှုတွေကို ကျွန်မတို့ရဲ့မျိုးဆက်သစ်တွေဆက်မတွေ့ကြုံစေရဖို့အတွက် လူဆိုတဲ့ဖြစ်တည်မှုကိုသာ အရင်းပြုတဲ့ ဆုံးမသွန်သင်မှုတွေ၊ကျားမတန်းတူညီမျှမှုကို အလေးထားတဲ့ အတွေးအခေါ်တွေကို လူမှုအသိုင်းအဝိုင်းမှာ ဖြန့်ကျက်ဖို့ဟာ အလွန်ပဲ လိုအပ်နေလျက်ရှိပါတယ်………။

Read More

Featured Selection – “ Zaw ”

Feminist Literature Competition (5)

Featured Selection – “ Zaw ”

. ထိုနေ့က ဇန်နဝါရီ(၃၁)ရက်နေ့။ နောက်နေ့မနက်ခင်း ခပ်စောစောထပြီး ပြင်ဆင်ရတော့မယ်။ ဒီနေ့က ကျွန်တော့အတွက် သိပ်အရေးကြီးတယ်။ လက်မလွတ်သင့်တဲ့အခွင့်အရေးတစ်ခုမို့ ကျွန်တော် စောစောရောက်အောင် သွားရမယ်။ ကျွန်တော်အလုပ်ရမှဖြစ်မယ် အမေ။ ကျွန်တော်က လူငယ်သဘာဝ အိမ်မက်တွေအပြည့်နဲ့ပေါ့။ ကျွန်တော်ဟာ ဘွဲ့ရပြီးကာစ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် အလုပ်တစ်ခုလုပ်ရမယ်။ ကြိုးစားမယ်။ ပိုက်ဆံရှာမယ်။ မိသားစုကိုပြန်ပြီး ပံ့ပိုးမယ်။ ကျွန်တော့ခြေထောက်ပေါ် ကျွန်တော်ရပ်တည်မယ်။ ပြီးရင်တော့ အမေ့ကို ကျွန်တော့ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့အကြောင်းတွေ သိရအောင် ပြန်ပြောပြချင်တယ်။ အမေရေ ကျွန်တော်သိပ်ပင်ပန်းတယ်။ ငယ်ငယ်ကတည်းက အခုထိသေချာ အနားမယူခဲ့ရသေးဘူးဗျာ။ မိန်းကလေးဆန်ဆန်နေတတ်လို့ အမေ့ရဲ့ ဒေါသတကြီးရိုက်သံတွေ၊ ဆွေမျိုးတွေက လှောင်ပြောင်လို့ဖြစ်တဲ့ မိသားစုရန်ပွဲတွေကြားမှာ ကျိတ်ငိုနေခဲ့ရတဲ့နေ့တွေ အခုထိမှတ်မိနေဆဲပဲ။ ပတ်ဝန်းကျင်က “အခြောက်” လို့ခေါ်လိုက်တိုင်း ကျွန်တော်အမေ့အတွက် စိတ်မကောင်းဖြစ်စေတာကို ကျွန်တော်သိပ်နားလည်တာပေါ့ဗျာ။ တစ်ကယ်တော့ အမေ့သားက ရှေ့ကနေမားမားမတ်မတ် ရဲရင့်ချင်နေခဲ့တာဗျ။ မိသားစုအဆင်မပြေတာလေးတွေကိုဖြည့်ဆည်းပေးချင်စိတ်နဲ့ပဲ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ် အမေ။ ကျွန်တော်ဟာ အိမ်ထောင်ကျဖို့ သိပ်မဖြစ်နိုင်တာမို့ ဒီမိသားစုလေးကိုပဲ တစ်ခုတည်းသော မိသားစုလို့ သတ်မှတ်ထားပြီးသားပါ။ “ကျွန်တော်တို့ဟာ အယောင်ဆောင်တွေမဟုတ်ဘူး။ ကျွန်တော်တို့ဟာ ရွံစရာကောင်းတဲ့လူတွေမဟုတ်ဘူး” အမေ။ ကျွန်တော်တို့ဟာ ကြင်နာတတ်ပြီး ရဲရင့်တဲ့လူတွေပါ။ လူတစ်ဦးနဲ့ တစ်ဦးဟာ အကြိုက်မတူကြဘူး။ ကျွန်တော်တို့ဟာ လူအများစုနဲ့ အကြိုက်မတူတိုင်း မှားယွင်းနေတဲ့လူတွေ၊ ကျက်သရေမရှိတဲ့လူတွေ ဖြစ်သွားရောလားဗျာ။ ဒါတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ တစ်ဖတ်သတ်အမြင်တွေပဲဆိုပြီး သက်သေပြချင်တယ်။ တစ်ချိန်မှာ ကျွန်တော့်ဘဝအစစ်အမှန်ကို ဖွင့်ပြောပြရင် အမေတို့က လက်ခံပေးမယ်။ ပြီးရင် အမေတို့ကို တစ်လှည့်ပြန်လုပ်ကျွေးရင်း အတူပျော်ပျော်ကြီးနေကြမယ်ဆိုတဲ့ ကျွန်တော့် အိမ်မက်ကလေး ဖေဖော်ဝါရီလမှာ စတင်ပျောက်ဆုံးခဲ့ရတယ်။ ကျွန်တော့ရဲ့ လျှောက်လမ်းတွေ အကုန်ပျောက်သွားသလို၊ ကျွန်တော့်ရဲ့ အိမ်မက်လေးလည်း ဝေဝါးလာခဲ့တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ကျက်သရေကင်းမဲ့တဲ့၊ သိပ်ရွံ့မုန်းစရာကောင်းတဲ့ လူတွေက ကျွန်တော့်ဘဝအတွက်လည်း တရားခံတွေဖြစ်လာခဲ့တယ်။ နေ့ညမနား တောက်တစ်ခေါက်ခေါက်နဲ့ နာကျည်းသံတွေပြုရင်း၊ သံပုံးတီးရင်းနဲ့ပဲ စိတ်ဖြေဖျောက်ခဲ့တယ်။ လမ်းပေါ်မှာ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ၊ ဖြစ်ချင်စိတ်တွေကို ဦးဆောင်ဟစ်ကြွေးခဲ့တုန်းကလည်း ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုတွေကိုပါ အော်ဟစ်ပစ်ချင်ခဲ့သေးတယ်။ ကျွန်တော်ဟာ အမှန်တရားအတွက် သိပ်ရဲရင့်တယ်။ ကျွန်တော့ ပတ်ဝန်းကျင်ကို ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ သူတို့တစ်တွေကို ဆန့်ကျင်ခဲ့တယ်။ လိင်စိတ်ကွဲပြားနေပေမယ့် ပုံမှန်ယောကျ်ားတစ်ယောက်ထက် ပိုပြီးလုပ်နိုင်ခဲ့တာကိုတော့ အမေသိရင် ဂုဏ်ယူမလားမသိဘူး။ ပြောမယ့်သာပြောရတာ အမေ့သားတို့ အသိုင်းအဝိုင်းက တစ်ကယ်သတ္တိရှိကြတယ်ဗျ။ နိုင်ငံတကာသတင်းတွေထဲက ပုံတွေကိုကြည့်ရင် သိပ်အားရှိတာပဲဗျာ။ ခြောက်ရောင်ခြယ်သက်တံ့ပေါ်က ချစ်စဖွယ်လူသားတွေရဲ့ သတ္တိကို အမေမြင်ခဲ့ရမှာပေါ့။ တစ်ခါတစ်လေ ကျွန်တော် သူတို့လေးတွေအကြောင်း စဥ်းစားရင် အတော်ခံစားရခက်တယ်။ ကိုယ်တိုင်လည်း ပုံမှန်လိင်စိတ်ခံယူထားတဲ့သူတွေနဲ့ တန်းတူအခွင့်အရေးမရခဲ့တာတွေ၊ ဖိနှိပ်ခံထားရဆဲအခြေအနေတွေ ရင်ဆိုင်ခဲ့ရဖူးတယ်။ တစ်ချို့လူငယ်လေးတွေကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြတယ်လေ။ လိင်စိတ်ကွဲပြားနေတဲ့လူငယ်တစ်ယောက် အဆုံးစီရင်လိုက်တိုင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ တက်လာတယ်။ အထူးသဖြင့် ဘဝတစ်လျှောက်ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် သတ်သေသွားတဲ့ လိင်စိတ်ကွဲပြားသူ လူငယ်တစ်ဦးအကြောင်းကို မကြာသေးခင်က ကျွန်တော်ဖတ်လိုက်ရသေးတယ်။ သူတို့ အဲ့လို လွတ်လမ်းရှာခါနီးရေးခဲ့တဲ့စာတွေက ကျွန်တော့စိတ်ထဲအမြဲစွဲထင်နေတယ်။ ကျွန်တော်ကသာ ငြီးငြူနေတာဗျာ။ တောနက်ထဲမှာရောက်နေတဲ့ ကျွန်တော်တို့လိုလူငယ်တွေလည်း အများကြီးပဲဗျ။ ၈၈ တုန်းက လိင်စိတ်ကွဲပြားတဲ့လူငယ်တစ်ယောက်ဟာ အခု ပြည်သူ့အစိုးရရဲ့ ဝန်ကြီးချုပ်မဖြစ်ခင် သူစွန့်လွှတ်ခဲ့ရတာတွေ၊ ပုံမှန်ယောကျ်ားသားတွေထက်ပိုတယ်။ လူသားဆန်တယ်လို့ပြောရရင် အားတက်စရာကြီးပဲဗျာ။ ဒါတွေကို အမေကြားသိလိုက်ရမယ်လို့ မျှော်လင့်ရတာပါပဲ။ ကျဆုံးအာဇာနည်တွေထဲက လိင်စိတ်ကွဲပြားသူတွေကိုတော့ ထိထိရောက်ရောက် အသိအမှတ်ပြုတာမျိုးမမြင်ရသေးတဲ့အတွက် ကျွန်တော်တို့ဘယ်အချိန်အထိ ဖိနှိပ်ခံရမှာလဲဆိုတဲ့ မေးခွန်းကိုတော့ မမေးရက်ပါဘူး။ ဒီကာလတစ်ခုကို ကျော်လွန်ပြီးရင်တော့ အောင်ပွဲနဲ့အတူ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေအတွက် ကျွန်တော် ကြိုးစားချင်သေးတယ်။ လိင်စိတ်ကွဲပြားလူငယ်တွေဟာ ကမ္ဘာတည်သ၍ရှိနေဦးမှာပဲ။ သူတို့ကိုတော့ အနောက်နိုင်ငံတွေကလို လူ့အခွင့်အရေးအပြည့်အဝနဲ့ ဘဝကို အစအဆုံး လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်စေချင်တယ်။ ပြီးတော့ အမေ့ကို ကျွန်တော် ဂုဏ်ယူစွာနဲ့ ပြောချင်တယ်။ ကျွန်တော်ဟာ ပျော့ညံ့တဲ့သူမဟုတ်ဘူး။ အဲ့လိုပဲ ကျွန်တော်တို့ဟာ ခက်ခဲတဲ့မြေကပွင့်တဲ့ ပန်းလေးတွေလိုပဲ ခက်ခဲတဲ့အခြေအနေတွေမှာ ကြီးပြင်လာကြတဲ့အတွက် သိပ်ကို စိတ်ဓာတ်ခွန်အားပြည့်ဝတဲ့သူတွေဖြစ်တယ်။ အကယ်၍ အမေတို့ မရှိတော့တဲ့အချိန်တစ်ခုမှာလည်း အမေ့သားက ဘယ်လောက်ထိလောကဓံကို ကြံ့ကြံ့ခံနိုင်သလဲဆိုတာ အမေတွေ့ရင်ကျေနပ်စေမယ့်အထိ ကျွန်တော်ကြိုးစားမယ်။ ဒါတွေက ကျွန်တော့်ရဲ့ အိမ်မက်တွေပါ။ ကျွန်တော်နဲ့ အိမ်မက်တူနေတဲ့ လူငယ်တွေရော ဘယ်လောက်ထိ များမလဲလို့ ဘယ်သူက သိနိုင်မှာလဲ အမေရယ်။ ဒီကြားထဲမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူငယ်တစ်ယောက်အနေနဲ့ စိတ်ဓာတ်ကတော့ ကျမိတာပဲ အမေရေ့။ ချည်တိုင်ကနေ လွတ်အောင်ပြေးနေသလိုပဲ တစ်သက်လုံးလွတ်အောင်ပြေးနေတယ်။ ဒီတစ်ချီတော့ ကျွန်တော့လွတ်လပ်ရေးအတွက်ရော၊ ကျွန်တော်တို့အနာဂါတ်အတွက်ရော ကြိုးစားမယ်။ ကျွန်တော်တို့ဟာ ဟာသ သာသာပဲ ဆိုတဲ့ ဓလေ့ထုံးစံချည်တိုင်ကနေ ကြိုးပြတ်အောင် ပြေးတော့မယ်ဗျာ။ အမေ့ကိုချစ်တယ်။ အဖေ့ကိုချစ်တယ်။ ကျွန်တော်တို့ အနာဂါတ်တွေမှာဖြစ်လာမယ့် အခက်အခဲတွေကို စိတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်ကြရဦးမယ်။ အမေတို့သိဖို့ ကျွန်တော်တို့ အကြောင်းတွေလည်းပြောပြရဦးမယ်။ လောလောဆယ် တော်လှန်ရေးကာလကြီးကို အတူတူဖြတ်ကျော်ရင်း အားတင်းထားကြမယ်လေ။ မှတ်ချက်။ တော်လှန်ရေးကာလအတွင်းအသက်ပေးခဲ့သော လိင်စိတ်ကွဲပြားသူအာဇာနည်သူရဲကောင်းများကို လေးစားဂုဏ်ပြုချင်ပြီး၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသော လူငယ်များအတွက် ဝမ်းနည်းမိသော စိတ်ခံစားချက်ဖြင့် ရေးသားခြင်းဖြစ်ပါသည်။ စာရေးသူ − ဇော်

Read More

Featured Selection – ” Vera “

Feminist Literature Competition(5)

Featured Selection – ” Vera ”

. ” တော်လှန်ရေးကာလ စိတ်ကျန်းမာရေး အတွေ့အကြုံများ ” “ အိုဘယ်ဆီမှာ…အရပ်ဆယ်မျက်နှာ “ မြင့်မားတဲ့ တိုက်ခန်းတွေရဲ့နောက်ကွယ်မှာပဲ နေက တဖြည်းဖြည်းဝင်သွားတာနဲ့အတူ ညအမှောင်က ကြီးစိုးလာတယ်။ ရန်ကုန်မြို့ထဲက ဆယ့်ငါးပေပတ်လည်အခန်းငယ်လေးထဲ ကျွန်မရဲ့ အသက်ရှူရခက်တဲ့ရောဂါက ပိုပိုဆိုးလာတယ်။ ကျွန်မကိုယ် ကျွန်မသတိထားမိ‌တော့ တိုက်ခန်းရှေ့ဝရန်တာမှာ။ကျွန်မကိုယ်တိုင်လည်း ကိုဗစ်က ပြန်သက်သာလာတာမကြာသေးဘူး။ ဒါ့အပြင် အလုပ်လက်မဲ့။ ကျောင်းကလည်း နားထားတော့ ဆိုရှယ်မီဒီယာကို အချိန်ပြည့် ကျွန်မသုံးနေမိတယ်။ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်မှုကြောင့် တစ်နေ့နဲ့တစ်နေ့ သေနေကြတဲ့လူတွေ။ အင်စတာဂရမ်က လူချမ်းသာနဲ့ဆယ်လီဘရတီတို့ရဲ့ ပြည့်စုံလှတဲ့ ပုံရိပ်တွေ။ အကူအညီတောင်းခံနေကြတဲ့ စီဒီအမ်သမားတွေနဲ့ စစ်ပွဲအတွင်းတော်လှန်ရေးအတွင်းက ကျဆုံးရတဲ့ အာဇာနည်တွေ။ ကျွန်မစိတ်ဟာ ဟိုပျံ့သည်ပျံ့။ အထိန်းအကွပ်မဲ့စိတ်ဟာ နှိုင်းယှဉ်မိသွားတယ်ဆိုတာ ကျွန်မဝန်ခံပါတယ်။ နဂိုကတည်းက ငွေကြေးတတ်နိုင်လို့ နိုင်ငံခြားကျောင်းသွားတက်နေသူလည်းအများကြီး၊ တက္ကသိုလ်ပြီးရင် ကျောင်းသွားတက်မယ့်သူတွေလည်း အများကြီးပဲ။ ဆင်းရဲချမ်းသာကွာဟမှုဆီ စိတ်က ရောက်သွားတယ်။ ကာယအလုပ်သမားတွေထဲအစားအသောက်ပို့ဆောင်သူတွေ၊ ဆိုက်ကားနင်းသူတွေ၊ ‌ဆောက်လုပ်ရေးအလုပ်သမားတွေ၊ တစ်နေကုန်ထိုင်စက်ချုပ်နေရတဲ့ စက်ရုံအလုပ်သမတွေ စသူတွေပေါ့။ တစ်ချိန်က ငယ်စဉ်အခါမကြိုးစားရင် ကာယအလုပ်သမားတွေဖြစ်လာမယ်လို့ ဆုံးမတာကို သတိရလာတယ်။ ဒါဟာတကယ်မှန်တယ်လို့ ကျွန်မမယုံကြည်ပါဘူး။ စက်ရုပ်တွေ၊ ခေတ်မီစက်ကိရိယာတွေ အပြည့်အဝမသုံးနိုင် သေးသရွေ့ အခုလိုလုပ်ပေးမယ့် အလုပ်သမားတွေကို ကျွန်မတို့လိုအပ်တာပဲမဟုတ်လား။ သူတို့သာမရှိရင် ကျွန်မတို့လူမှုအသိုင်းအဝိုင်းကြီး အဆင်ပြေနိုင်ဦးပါ့မလား။ လူ့ဘဝကြီးမှာ သူ့တာဝန် နဲ့သူ သူ့ကဏ္ဍနဲ့သူ အရေးပါတယ်လို့ ယုံကြည်မိပါတယ်။ ပန်းအိုးငယ်လေးထဲ အလှစိုက်ထားတဲ့ စံပယ်ရနံ့တွေသင်းပျံ့လို့။ မဇ္ဈိမတီဗွီကနေ လှုံ့ဆော်ချက် တစ်ချို့ကို ကြားတစ်ချက်မကြားတစ်ချက်။ ကြားလိုက်မိတာကအခုလို ကပ်ဘေးနဲ့ အာဏာသိမ်းမှုတွေကြား အလုပ်အကိုင် အဆင်မပြေတာ‌တွေများတော့ အိမ်တွင်းအကြမ်းဖက်မှုတွေများတတ်ပါတယ်တဲ့။ စိတ်ဖိအားတွေကဦးတည်သွားပြီး ရှေးမျိုးရိုးစဉ်ဆက် ပက်ထရီအာခီစနစ်ရဲ့ အခွင့်ထူးခံမှုတွေနဲ့ ရောပြွမ်းနေ တာပေါ့။ ကျွန်မ နယ်မြို့လေးဆီရောက်ခဲ့တုန်းက အိမ်မှာအလှူလုပ်ရင်း ဘုန်းကြီးတစ်ပါး ဟောခဲ့တဲ့ တရားလေးကိုသတိရမိတယ်။ ပန်းပုဆရာ အိမ်တစ်အိမ်ရဲ့ အဝမှာ ‘ရင်ဖွင့်ပင်’လေးရှိတယ်။ပန်းပုဆရာဟာ အလုပ်က အိမ်ကို ပြန်ရောက်လာတိုင်း ချက်ချင်းတန်းမဝင်ဘဲ အပင်လေးကို ပြောတယ်။ အပင်လေးကို စကားတိုးတိုးလေး အမြဲပြောပြီးမှ အိမ်ထဲဝင်ပါတယ်တဲ့။ သူတို့မိသားစုကိုကြည့်လိုက်တော့လည်း လင်မယားဟာ ရန်မဖြစ်၊တစ်မိသားစုလုံးအဆင်ပြေနေရောတဲ့။ ဒီလိုနဲ့ အိမ်နီးချင်း လယ်သမားကမေးတာပေါ့။ ပန်းပုဆရာကြီး ပန်းပုဆရာကြီးက မိသားစုနဲ့အမြဲအဆင်ပြေတယ်နော်။ ကျွန်တော်သတိထားမိတာ ပန်းပုဆရာကြီးက စကားတွေပြောပြောနေတာလည်းတွေ့လို့ လျှို့ဝှက်ချက်လေးတွေရှိရင်မျှဝေပါလို့ မေးတော့မှ ပန်းပုဆရာက ကျွန်တော်လည်းလူပဲ လယ်သမားရယ်၊ လုပ်ငန်းခွင်မှာအဆင်မပြေတာတွေရှိတယ်၊ကျွန်တော်တစ်နေ့တစ်နေ့ အလုပ်မှာကြုံလာရတဲ့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေ၊ အဆင်မပြေမှုတွေကို ဒီသစ်ပင်လေးဆီ ပြောပြောပြီး ချန်ထားခဲ့တယ်။ နောက်နေ့ ရုံးသွားတော့မှ ကျွန်တော်ပြန်ပြန်ယူသွားတယ်။ ဒါကြောင့်လည်း မိသားစုနဲ့ ကျွန်တော်အဆင်ပြေနေတာပါဆိုပြီး လယ်သမားကို နည်းလမ်းလေးမျှဝေပေးခဲ့တယ်။ ကျွန်မတို့ရဲ့ တစ်နေ့တာဘဝတွေဟာ အမြဲအဆင်ပြေနေတာတော့မဟုတ်ပါဘူး။ မိသားစုတွေ လူတစ်ဦးနဲ့တစ်ဦးညှိနှိုင်းနေထိုင်ရတော့ ပိုဆိုးတယ်။ တစ်ယောက် စိတ်ဆင်းရဲ၊ စိတ်ဓာတ်ကျနေချိန်မှာ တစ်ယောက်က အရမ်းပျော်ရွှင်ပါတယ်သွားလုပ်လို့မရဘူးလေ။ အ‌ခြေခံလူ့ကျင့်ဝတ်လို့ ကျွန်မနားလည် ထားပါတယ်။ ဒီပုံပြင်လေးရဲ့ မူရင်းကို ချစ်ကင်းစွတ်ပ် လို့ခေါ်တဲ့ အာဟာရရသစာပေများမှာ ပြန်ဖတ်ခဲ့ရပါတယ်။ ကျွန်မ နားလည်ခဲ့တာကတော့ ဘဝမှာ ခွဲခြားနားလည်တတ်ဖို့လည်းအရေးကြီးတယ် ဆိုတာပါပဲ။အလုပ်မှာ အဆင်မပြေတာ၊ အလုပ်ရှင် ဆူတာခံရတာတွေက အိမ်ကမိသားစုအပြစ်မဟုတ်ဘူးဆိုတာရယ်ပါ။ အိမ်ပြဿနာ အိမ်မှာညှိပြီး အလုပ်ပြဿနာ အလုပ်မှာအဖြေရှာသလိုပေါ့။ တစ်ခါတလေ ဇနီးမယား၊ သားသမီးကို ပြောပြရ ခက်ခဲရင် အခုလိုပဲအပင်လေးတစ်ပင်၊ သက်မဲ့လေးတစ်ခုကို ‌အဖော်ပြုလုပ်နိုင်ပါတယ်။ ကျင့်သားရနေတဲ့ ဖိနှိပ်မှုတွေ၊ အခွင့်ထူးတွေကိုလည်း တစ်ဖက်မှာ ချက်ချင်းစွန့်လွှတ်ဖို့ မလွယ်ဖူးဆိုတာ သိပေမယ့် ဖြည်းဖြည်းချင်း ခွာချ၊ တကယ်အရေးကြီးတာတွေ ပိုလေးနက်တာတွေကို တွေးမိရင် ဘဝဟာ ပိုပေါ့ပါးလာတတ်ပါတယ်။ သတင်းနဲ့ဆက်စပ်ပြီး တွေးလိုက်တာ ကျွန်မအာရုံက ထပ်ပြောင်းသွားပြန်တယ်။ လမ်းသွားလမ်းလာ လူတိုင်းကို လိုက်ကြည့်လို့ သေချာတာတစ်ခုကတော့ သူတို့ဆီမှာ အပြည့်အဝ ပျော်ရွှင်နေတယ် မဟုတ်ဘူးဆိုတာပါပဲ။ စိတ်မလုံခြုံမှုတွေ ရှိနေတယ်။ အဆင်မပြေမှုတွေနဲ့ တချို့က အတွင်းပိုင်းမှာ စိတ်ဓာတ်ကျနေပြီး မျက်နှာကို တင်းချင်ယောင် ဆောင်ထားတယ်။ ဈေးသည်လေးတွေကအစ အကုန်လုံးမှာ အသက်ရှင်ချင်စိတ်နဲ့ ရှင်သန်သူတွေရဲ့ ရှင်ကျန်ရစ်လို့ခက်ခဲတဲ့စိတ် ရှိနေတာပါပဲ။ စိတ်ပင်ပန်းမှု‌ကြီးကို ထမ်းထားရပြီး အပြည့်အဝမပျော်ရွှင်ရဲ၊ အပြည့်အဝ မလုပ်ရဲတဲ့ စိတ်တွေ။ နာတာရှည်ရောဂါတစ်ခုလို စိတ်ပင်ပန်းလွယ်လာတယ်။ ကျွန်မလည်း အပါအဝင်ပါပဲ။ အရင်ထက် ဒေါသ ပိုထွက်တတ်လာ၊ ပိုသိမ်ငယ်လာ၊ ပိုအားငယ်လာနဲ့ ပါပဲ။ ကျွန်မ အကုန်လုံးကိုအပြည့်အဝမသိပေမယ့် ကျွန်မရဲ့ လူမှုအသိုင်းအဝန်းထဲတော့ လွတ်‌မြောက်နယ်မြေရောက်နေလို့ သေသွားတဲ့သူတွေ၊ ထောင်ထဲ ရောက်နေသူတွေ၊ မြေပြင်လူတွေကို အားနာတဲ့ စိတ်ရယ်၊ ထောင်ထဲရောက်နေသူတွေကလည်း ဆက်တိုက်ပွဲဝင်နေသူတွေနဲ့ သေသွားသူတွေကို အားနာနေရပြန်တာပါပဲ။ ‌သေသွားသူတွေကလည်း ပိုလုပ်ပေးနိုင်လိုက်ရခြင်း ဆိုတဲ့ အားနားစိတ်တွေရှိနေမယ်လို့ တွေးမိတာပါပဲ။ ကျွန်မတို့ထက် မကြောက်မရွံ့ပေးဆပ်ခဲ့သူတွေကိုတော့ အမြဲအားနာမိပါတယ်။ ဒီအခက်အခဲကြီး၊ အကြပ်အတည်းကြီးမှာ တတ်နိုင်သမျှပါဝင်ဆောင်ရွက်ရင်း အားတင်းထားဖို့လိုပါလိမ့်မယ်။ ကျွန်မအနေနဲ့ဆိုရင်တော့ ပန်းလေးတစ်ပွင့်ဖြစ်ချင်တယ်။ ရင်မောသူတွေ၊ မွန်းကြပ်သူတွေ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်တိုင်း ‌အပန်းပြေသွားစေမယ့် ပန်းလေးတစ်ပွင့်ပေါ့။ ဒီ‌နေရာမှာမြေသင်းရနံ့တွေမရှိလည်း တိုက်ခန်းအနံ့တွေကိုကျွန်မချစ်ပါတယ်။ ရွှေနိုင်ငံကြီး ရွှေခေါင်း ပြောင်ပြောင် ဝမ်းကခေါင်နေပေမယ့် ဒီနိုင်ငံကြီးကို တကယ်ဒီမိုကရေစီရစေချင်ပါတယ်။ အခက်ခဲဆုံးအချိန်ကို တူတူကျော်ဖြတ်ပြီး ပြည်သူတွေ၊ အာဇာနည်သူရဲကောင်းတွေအဖို့ ‌‌နောက်နှစ်နွေဦးမှာ ငြိမ်းချမ်းရေးကိုဆွတ်ခူးနိုင်ဖို့ မျှော်လင့်မိတဲ့ညနေခင်းတစ်ခု ဖြစ်ပါတော့တယ်။ ” စာရေးသူ − Vera

Read More

Featured Selection – ” ရဲ(မြန်မာ) “

Feminist Literature Competition(5)

Featured Selection – ” ရဲ(မြန်မာ) “

. ”တော်လှန်ရေးကာလ စိတ်ကျန်းမာရေးအတွေ့အကြုံ” ဖေဖော်ဝါရီလ ( ၁ )ရက်နေ့။ ပြည်သူ့ဆန္ဒကိုလျစ်လျှူရှုပြီး စံထားခဲ့ရသူတွေကို အကျဉ်းချလိုက်တော့ စိတ်နှလုံးတွေဟာ မှောင်ကျသွားခဲ့။ လှူလှူ ကူကူ သူတို့နဲ့မမြင်မတူရင် ရန်သူလို့ထင်လာတတ်တဲ့အနေအထားမှာ….. ဘယ်လောက်ပဲ အများကောင်းကျိုးလုပ်လုပ် အမျိုးကောင်းသားလို့မထင်တော့တဲ့နေ့က အမေ့အိမ်ကလေးနဲ့ဝေး ခဲ့ရတယ်ပေါ့။ ခြေလှမ်းတိုင်းက ထောင်နှုတ်ခမ်းလား…… သောင်ကမ်းလား……ဆိုပြီး မသေချာခြင်းတွေနဲ့ခန့်မှန်းလှမ်းနေရ။ မျက်လုံးတွေကလည်း နေ့မသိညမသိ ရောက်ရာအရပ်မှာ…… ကျီးကန်းတောင်းမှောက်။ တစ်နေ့နေ့ပေါ့ဆိုပြီး မျှော်လင့်ချက်တွေနဲ့ ခဲလေသမျှလည်း သဲရေကျခဲ့ရပြီ။ ပြောချင်တဲ့စကားတွေ လည်ချောင်း၀ထိ လျှံတက်လာတဲ့အခါ ရေနောက်နောက်နဲ့ရောသောက်ပစ်လိုက်တယ်။ ဆို့နစ်ကြေကွဲဖွယ်ဖြစ်ရပ်တွေကြောင့် မျက်ရည်တွေပြိုလုဆဲဆဲဖြစ်လာတဲ့အခါ အားလျော့လိုစိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ကောင်းကင်ထက်က တတ်စွမ်းသလောက်လင်းလက်ပေးနေတဲ့ ကြယ်တွေကိုရေတွက်နေလိုက်တယ်။ စိတ်ခံစားချက်တွေကို မြိုချ အထီးကျန်တဲ့ညတွေကို ကျောခင်း အဆင်မပြေခြင်းတွေကို တစ်ထစ်ချင်းဖြိုဖျက် ရောင်နီကို မျှော်လင့်ရင်းနဲ့ ကွေကွင်းတစ်ခါ ဖြောင့်စင်းတစ်လှည့်ဖြင့် ဆက်လျှောက်လာခဲ့ရင်းမှ အသက်နဲ့ခန္ဓာဟာ အမှန်တရားနဲ့ ပြည်သူ့ဆန္ဒအတွက်ဖြစ်လာခဲ့။

စာရေးသူ − ရဲ(မြန်မာ)

Read More

Featured Selection – ” Nang Khem Sein “

Feminist Literature Competition(5)

Featured Selection – ” Nang Khem Sein “

. ငါတို့အားလုံးဟာ……. အာဏာရှင်ကကြိုးဟာ ငွေနဲ့ လက်နက်နဲ့ အခု၂၁ရာစုမှာတော့ ကပ်ရောဂါနဲ့ အင်အားကြီးသူတွေ ကစားကွက်ကြား အင်အားမဲ့သူတွေဟာ ရုန်းကန်ကစား။ အလုပ်ဆိုတာ လုပ်တိုင်း အောင်မြင်နေတယ် ဘယ်သူပြောလဲ သစ်ပင်တစ်ပင် ဖူးပွင့်ဖို့၊သီးဖို့ဆိုတာ သူ့ဗီဇအပြင် ရေ၊‌လေ၊မြေဩဇာနဲ့ လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ ကံ၊ဉာဏ်၊ဝီရိယသာမက သူရရှိတဲ့လူ့အခွင့်အရေးတွေနဲ့။ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှု မျိုးရိုးအစဉ်အလာအောက်က ခေတ်နောက်ပြန်ဆွဲတွေ ကံကောင်းတယ်၊ မကောင်းဘူးဆိုတာ ငါတို့နိုင်ငံမှာတော့ မြို့ နဲ့ နယ်ပဲ။ ဖိနှိပ်ခံရတာခပ်များများနဲ့ ခပ်နည်းနည်း ဒါပဲကွာတယ်။ ငယ်စဉ်ကတည်းက ပုံသေအတွေးအခေါ်တွေ လက်ဆုပ်လက်ကိုင်မှားခဲ့မှန်းသိတော့ အခု လူက ဗလာ၊ ခံစားချက်ဟာ နတ္ထိ အတွေးကသေးသေး၊ အတွေးကကြီးကြီး။ ငါ့ဘဝရဲ့ ပြိုလဲကာနီးအခြေ‌အနေတွေဟာ အိမ်မက်မက်ခွင့်မရှိတဲ့သူတွေထက် အများကြီး‌ အခွင့်အရေးရနေတာ။ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ပေါ်လစီကားတွေထဲ စွန့်လွှတ်အနစ်နာခံတတ်တဲ့ဇာတ်ကောင်တွေဟာ တကယ်ရှိတယ် ဟိုးဝေးဝေးကိုသွားရှာ‌မနေနဲ့ စာအုပ်ထဲမရှာနဲ့၊ ဇာတ်ကားထဲမရှာနဲ့ လက်တွေ့ဘဝမှာတကယ်ရှိတယ်။ ငါတို့ရဲ့တိုင်းရင်းသားတွေ၊ ငါတို့ရဲ့တောင်သူလယ်သမားတွေ ဖိနှိပ်ခံနေရတဲ့အလုပ်သမားတွေ၊ ယမ်းငွေ့တွေကြားကစစ်ဘေးရှောင်တွေ လောကဒဏ်ကြားရုန်းထနေတဲ့ ငါတို့ရဲ့ ပြည်သူတွေ အခုငါတို့ရဲ့ လူငယ်တွေ အာဇာနည်သူရဲကောင်းတွေ။ မြင်ရုံနဲ့ နာကျင်ရတဲ့ အထိအရှတွေ စိတ်ဒဏ်ရာတွေနဲ့ မလုံခြုံမှုတွေ ငါတို့‌ရေ၊ငါတို့မြေဟာ ရက်စက် ငါတို့လူတွေဟာ သွေးစိမ်းရှင်ရှင်ထွက်။ ခံစားချက်ကိုမျှဝေ နွေးထွေးမှုကိုမျှဝေ တရားမျှတမှုကိုမျှဝေ လူ့အခွင့်အရေးကိုမျှဝေ စာနာစိတ်ကိုမျှဝေ ငြိမ်းချမ်းခြင်းကိုမျှဝေ ငါတို့အားလုံးဟာမျှဝေ။ ကဗျာမှာငါတို့ဆိုနေကြ ပြည်ထောင်စုအမွေ နောင်ဘဝမှာ ဒီနိုင်ငံထဲပြန်ဝင်စားရအောင် ဖိနှိပ်ခံရမှုကိုဒီမှာအပြီးသတ် ဖက်စစ်စိတ်ဓာတ်ကိုဒီမှာအပြီးသတ် တော်လှန်ရေးကိုဒီမှာအပြီးသတ် စည်းလုံးခြင်းနဲ့ ငါတို့တွဲလက်တွေ ခိုင်မြဲလျက်။ စာရေးသူ − Nang Khem Sein

Read More