WINNER (Essay) – La Pyae

Feminist Literature Competition Round-4

WINNER (Essay) – La Pyae

@ နေနှောင်းအိမ် “ မလိုချင်ခဲ့တဲ့ စစ်အာဏာရှင် “ ကျွန်မနေထိုင်ရာမွေးရပ်မြေနဲ့ ရှင်သန်နေထိုင်ရတဲ့ပတ်ဝန်းကျင်က သိပ်တော့ သူစိမ်းမဆန်လှပါဘူး။ ဘဝကို ရိုးရှင်းစွာလုပ်ကိုင်စားသောက်ရင်းအေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် လူ့အရေးကိစ္စဆိုတာ ကြိုတင်သိနိုင်ခဲ့တဲ့အရာမဟုတ်ခဲ့ဘူး။ နေဟာသာမြဲသာနေခဲ့တယ်။ ဒါပေမယ့် အလင်းရောင်တွေပေးစွမ်းခဲ့ပေမယ့် မမြင်နိုင်တဲ့အရာတွေပါလာခဲ့တယ်။ အမှောင်တွေဖုံးလို့ သွေးစွန်းရမယ့်နေ့တွေ ရောက်ရှိလာခဲ့တယ်။ ၁ ဖေဖော်ဝါရီ ၂၀၂၁ အဲဒီနေ့ဟာ ဖုန်းတွေခေါ်လို့မရခဲ့ဘူး။ မက်ဆေ့ချ်တွေပို့လို့မရခဲ့ဘူး။ အင်တာနက်လိုင်းတွေဖြတ်တောက်လို့ သတင်းအမှောင်ကျခဲ့ရတယ်။ မျှော်လင့်မထားတဲ့အရာတွေဖြစ်ပေါ်လာခဲ့တယ်။ အေးချမ်းစွာနေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်ဟာ မခံချင်စိတ်တွေ၊ ခံပြင်းမှုတွေနဲ့ လွှမ်းခြုံသွားပါတော့တယ်။ ထို့နောက်တော့ အလုပ်အကိုင်တွေပါရပ်တန့်ခဲ့ရပြီး ဘဝဟာကျီးလန့်စာစားနဲ့ ရှင်သန်ကြရတယ်။ ကုန်စည်စျေးနှုန်းတွေကလည်း တရိပ်ရိပ်နဲ့ထိုးတက်လာခဲ့တယ်။ လူထုအပေါ်ကိုအရက်စက်ဆုံးနည်းလမ်းတွေသုံးပြီးဖိနှိပ်ဆက်ဆံကြတယ်။ ကြားရတဲ့သတင်းအားလုံးဟာလည်း စိတ်မကောင်းဖြစ်ရခြင်း၊ ဝမ်းနည်းကြေကွဲရခြင်းတွေသာ ဖြစ်ပေါ်စေခဲ့တယ်။ အဲဒီလို နာကျင်ကြေကွဲရခြင်းကနေ ပြောင်းလဲလာကာ အာဏာရှင်ဆိုသည်ကို မသတီစရာအဖြစ်နဲ့ အမုန်းကြီးမုန်းခဲ့မိတော့တယ်။ ဟိုးအရင်ကတည်းကမကောင်းလှတဲ့ စစ်အာဏာရှင်ဟာ ဒီနေ့ခေတ်မှာတော့ မိစ္ဆာအဖြစ်ပြောင်းလဲခဲ့တယ်။ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရခြင်းမရှိပဲ ရှေးလူကြီးသူမတွေရဲ့ ပြောပြချက်အရ စစ်အာဏာရှင်ဟာ နဂိုတုန်းကလည်း ဖိနှိပ်ခဲ့ကြတာပါပဲ။ ကိုယ့်လူမျိုးအချင်းချင်းကို ကျွန်သဖွယ်ခိုင်းစေခဲ့ကြတယ်။ မနက်လင်းအားကြီးအချိန်ကနေ ညနေနေဝင်မိုးချုပ်တဲ့အချိန်ထိ အိမ်သို့မပြန်ကြရပေ။ ဒီကြားထဲသူတို့အမြင်မကြည်လျှင် ဖားခုန် ခုန်ခိုင်းကာ လက်ခုပ်သြဘာပေးကြီး လှောင်ပြောင်ခဲ့ကြတယ်၊ နောက်တစ်ဖန် သေရည်အရက်မူးပြီး အမျိုးသမီးများကိုလည်း ကခိုင်းကာ လှောင်ပြောင်ဖိနှိပ်ဆက်ဆံခဲ့ကြတယ်။ တစ်ခါမှာတော့ ဘုရားဖူးလာတဲ့ကားကို ကျွန်မသေချာကြည့်မိပါတယ်။ ကားပေါ်ကဆင်းလာတဲ့ လင်မယားစုံတွဲနဲ့ ရှစ်နှစ်ကိုးနှစ်အရွယ်မိန်းကလေးနှစ်ယောက်နောက်ကပါလာတဲ့ ယူနီဖောင်းအစိမ်းဝတ်နဲ့တပ်သားတစ်ယောက် ဘုရားဝန်းထဲဝင်မည်ဆိုတော့ ဖိနပ်တွေချွတ်ကြပါတယ်။ အဲဒီတပ်သားဟာ လင်မယားနှစ်ယောက်ရဲ့ ဖိနပ်ကိုရော မိန်းကလေးနှစ်ယောက်ရဲ့ဖိနပ်ကိုပါ ကိုင်ရပြီး နောက်ကနေလိုက်ပါခဲ့တာကိုတွေ့ခဲ့ရတယ်။ သူတို့အချင်းချင်းတောင်နိုင့်ထက်စီးနင်းပြုမူနေလျှင် ကျန်တဲ့သူတွေအဖို့ ဆင်းရဲဒုက္ခတွေက ကျရောက်လာမှာအမှန်ပါပဲ။ ဟိုးအရင်က နယ်မှာနေထိုင်ကြသူတွေဟာ စစ်သားကိုမြင်ရင်ပြေးပုန်းကြပါတယ်။ ဒါဟာ ဘယ်လောက်တောင်ကြောက်စရာကောင်းနေလို့လဲလို့ တွေးမိခဲ့တာ အခုတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီ။ တစ်ရွာဝင်တစ်ရွာထွက် သွားလာကာ နွားတွေ့နွားသတ်၊ ကြက်တွေ့ကြက်သတ်၊ လူတွေ့လူသတ်နဲ့ မိန်းကလေးတွေများတွေ့ရင် ခေါ်ဆောင်သွားခြင်းခံရပါတယ်။ အိုးပစ် အိမ်ပစ် စွန့်ခွာထွက်ပြေးကြရတယ်။ တောတောင်ထဲမှာ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ကြရတယ်။ ကျွန်မအပါအဝင်အမျိုးသမီးအားလုံးနီးနီးဟာ စစ်အာဏာရှင်ကို ဘယ်တုန်းကမှမလိုချင်ခဲ့ဘူး။ ယနေ့ထက်ထိမလိုချင်တဲ့ စစ်အာဏာရှင်ကို မကြောက်မရွံ့နဲ့ နေ့စဥ်နီးပါး ဆန္ဒထုတ်ဖော်ကန့်ကွက်ကြတယ်။ မိသားစုတွေ သေကွဲကွဲစေတဲ့၊ အမျိုးသမီးများအပေါ်နိုင်ထက်စီးနင်းပြုလုပ်ခဲ့တဲ့ ဒီစစ်အာဏာရှင်ကို ဒီခေတ် ၂၁ ရာစုမှာ မရ၊ ရအောင်တွန်းလှန်တိုက်ထုတ်မှရတော့မယ်။ အခုနေကာမှ မဆန့်ကျန်ရင် တစ်သက်လုံးခေါင်းဖော်နိုင်မှာမဟုတ်တော့ဘူး။ ဗြောင်လိမ်၊ ဗြောင်စားတွေရဲ့ စကားကိုလည်းဘယ်လိုမှမယုံကြည်နိုင်တော့ဘူး။ သူတို့ပြောတဲ့စကားဟာ ချင်းတွင်းမြစ်ထဲရေရှိတယ်ဆိုရင်တောင် ပြေးကြည့်မှယုံလို့ရမယ့်အခြေအနေပါ။ ဥပဒေကိုလိုသလိုပုံသွင်းတယ်။ အပြစ်မရှိအပြစ်ရှာ အပြစ်ပေးဒဏ်ခတ်တယ်။ လမင်းကိုခွေးဟောင်တိုင်း အိပ်ကောင်းခြင်းမအိပ်ရတဲ့ ညတွေများလာပြီ။ နောက်ဆုံးပြောချင်တာကတော့ တိုက်ပွဲခေါ်သံကိုအတူတူနားစွင့်လို့ အတူတူတိုက်ပွဲဝင်ကြမယ်။ ၈၈မှာ မအောင်မြင်ခဲ့တဲ့ အရေးတော်ပုံဟာ ၂၀၂၁ ခုနှစ်မှာ တစ်မျိုးသားလုံးပါဝင်ပြီး တောင်တန်းပြည်မ မခွဲခြားပဲ အတူတူလက်တွဲကာ ဒီအာဏာရှင်စနစ်ဆိုးကို ငါတို့နိုင်ငံကနေပျောက်ကွယ်အောင် တွန်းလှန်ဖီဆန်ပြီး အရေးတော်ပုံအောင်ဖို့အတွက် လုပ်ဆောင်ကြရမယ်။ ငါတို့ အမျိုးသမီးတွေ သွေးမနည်းကြောင်း၊ အရေးကြုံလာလျှင် ယောကျ်ား မိန်းမ မခွဲခြားပဲတန်းတူပါဝင်နိုင်ကြောင်းပြသကြမယ်။ စိတ်မလျှော့လိုက်ပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ အားတင်းထားပါ။ မာန်တင်းထားပါ။ မကောင်းလှတဲ့ ရက်စက်ဆိုးသွမ်းလှတဲ့ ဒီစစ်အာဏာရှင်ကို ငါတို့အတူတူဖြုတ်ချကာ တော်လှန်ဖီဆန်ပြီး အပြစ်ပေးရမယ်။ ရောင်နီလာလို့ အမှောင်တွေအပြီးတိုင် ပျောက်ကွယ်သွားရင် မျှော်လင့်ခြင်းအိမ်မက်တွေ ပြန်လည်အသက်၀င်လာမယ်။ လွတ်လပ်ခြင်းတေးသံတွေ သီကျူးကြမယ်။ လွတ်မြောက်ခြင်းစကားလုံးတွေပါဝင်တဲ့ ကဗျာတွေ တစ်ဝကြီးသီကုံးရေးဖွဲ့ကြမယ်။ ငါတို့တစ်တွေသာစည်းလုံးမယ်ဆိုရင် လွတ်လပ်အောင်ပန်းကို သေချာပန်ဆင်နိုင်မယ်။ အရေးတော်ပုံအောင်ရမယ်။ အရေးတော်ပုံအောင်ရမယ်။ အရေးတော်ပုံအောင်ရမယ်။ LaPyae @ နေနှောင်းအိမ်

Read More

WINNER (poem) – Seng Mai

Feminist Literature Competition Round-4

WINNER (poem) – Seng Mai .

“ လေဆန်တဲ့ကြိုးကြာ “ လူအုပ်ထဲသွားဖို့ မဝံ့သူ လမ်းပေါ်ထွက်ဆန္ဒပြ ဦးဆာင်နိုင်သူဖြစ် ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အမေဆူလို့ ဝမ်းနည်းခံစားခဲ့သူ သေနက်ကိုင်တဲ့လက်နဲ့ ရိုက်နှက်မှုကို အံတုနိုင်သူဖြစ် ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အသားဟင်းမပါရင် မစားသူ ရက်ပေါင်းကိုးဆယ် ထောင်ထမင်း၊ဟင်း စားနိုင်သူဖြစ် ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ မွေ့ယာပါးလို့ ကျောအောင့်တယ်လိုဆိုခဲ့သူ သံတိုင်တွေနောက်ကွယ် သလင်းပြင်ထက်အိပ်နိုင်သူဖြစ် ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အဆောင်နေချိန် အမေကိုလွမ်းလို့ငိုခဲ့သူ အင်းစိန်ထောင်ရှေ့ ငိုသူမိခင်ကို အပြုံးနှင့်နှုတ်ဆက်သူ ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ ကြောင်ကလေးအသွင် မူယာနူးညံ့သိမ်မွေ့လှသူ တောထဲသွားဖို့ ကျားတစ်ကောင်အသွင်ဆုံးဖြတ်နိုင်သူ ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ မီးမလာရင်ကြောက်တတ်တဲ့သူ တောနက်ကြီးရဲ့ အမှောင်ညမှာ ဖျားနာသူကိုဖေးမပေးနေသူ ဘယ်လိုအရာတွေက တွန်းအားပေးခဲ့လဲ။ အဲဒီတွန်းအားဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ မမေးတော့ပါဘူး ကြိုးကြာရယ် လေဟုန်ကိုဆန်ပြီး အမှောင်ညကိုကျော်ဖြတ်ကြမယ် ရောင်နီလာလုနီးပြီး အားတင်းထားပါ ကြိုးကြာရယ်… အရေးတော်ပုံအောင်ရမည်။ SengMai

Read More