WINNER – “Hlaing Myat”

Feminist Literature Competition(5)

WINNER – “Hlaing Myat” .

” တော်လှန်ရေးကာလ စိတ်ကျန်းမာရေး အတွေ့အကြုံ ” ငွေမရှိ၊ ဂုဏ်မသိ၊ ချမ်းသာနတ္ထိ – မရှိခြင်း ဂုဏ်ပုဒ်များ ထုံမွမ်းထားသော အိမ်ခြေစိပ်စိပ် ကျမတို့ ရပ်ကွက်လေး နာမကျန်းတာ ကြာခဲ့ပြီ၊၊ အာဏာသိမ်းအစိုးရ၏ အုပ်ချုပ်မှုအောက် ကိုဗစ်ရောဂါဒဏ်နှင့် စီးပွားရေး ကျဆင်းမှုဒဏ်များကို အလူးအလဲခံနေရသည့် မရှိတရား ဂုဏ်ရှင်တို့၏ နွမ်းလျလျ မျက်နှာထားကို ကျပ်ညှပ်သိုသိပ်စွာ စီကာရီကာ တည်ရှိနေသော ဆယ်ပေအိမ် အမိုးများအောက်တွင် တွေ့မြင်နိုင်သည်၊၊ အများစုမှာ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်များ ခံထားရပုံပေါ်သည်၊၊ သို့ရာတွင် မှီတင်းနေထိုင်သူ အများစုမှာ စက်ရုံအလုပ်သမား၊ လက်လုပ်လက်စား အခြေခံလူတန်းစား မိသားစုများ ဖြစ်ကြ၍ နေ့စဥ် စားဝတ်နေရေး ကိစ္စရပ်များကိုသာ အာရုံစိုက်နိုင်ကြသည်၊၊ စိတ်ကျန်းမာရေးကို ဂရုစိုက်ရန် မဆိုထားဘိ ထမင်းနပ်မှန်နိုင်ရန်အတွက် ကိုယ်ကျန်းမာရေးကိုပင် အလေးမထားအားကြဘဲ နေဝင်မိုးချုပ် ရုန်းကန်လှုပ်ရှားကြရသည်၊၊ ကျမသည် ယခုအချိန်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်နေသည့် စိတ်ပညာ မေဂျာ အထူးပြုကျောင်းသူဖြစ်ရာ တက္ကသိုလ်ဆက်မတက်ဖြစ်စေဦးတော့၊ ကျမ သိထားသော ဗဟုသုတများ၊ သင်ယူခဲ့ရသော အတတ်ပညာများကို အလဟဿ မဖြစ်ချင်ခဲ့၊၊ မိသားစု စားဝတ်နေရေး အခြေအနေအရ စက်ရုံတွင် အချိန်ပြည့် အလုပ်လုပ်ရ၍ တော်လှန်ရေးတွင် ထဲထဲဝင်ဝင် မပါဝင်နိုင်စေဦးတော့၊ ရပ်ကွက်အတွင်းမှ လူများအတွက် အထောက်အကူတစ်ခု ဖြစ်ပေးချင်သည်၊၊ ထို့ကြောင့် အလုပ်ဆင်း အိမ်ပြန်ချိန်များတွင် လမ်းတစ်လျှောက် ကြားမြင်တွေ့သိရသည် များကို စိတ်ကျန်းမာရေး ရှူထောင့်မှ စဥ်းစားခန်း ထုတ်ကာ လေ့လာစောင့်ကြည့်ဖြစ်သည်၊၊ သို့မှသာ လိုအပ်သည့် အကြံဥာဏ်များပေးခြင်း၊ ဆွေးနွေးအားပေးခြင်းနှင့် ဆိုးဝါးသော လက္ခဏာများအတွက် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်းများ ခံယူနိုင်သည့် နေရာများ လမ်းညွှန်ပေးခြင်းတို့ ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါလား၊၊ ယခုကာလများ၌ ဤရပ်ကွက်ငယ်တွင်း စက်ရုံဆင်း အိမ်ပြန်ချိန်များတွင် သတိထား စောင့်ကြည့်ဖြစ်သော လူများအကြောင်း စဥ်းစားခန်း ဖွင့်လိုက်လျှင် လမ်းထိပ်ရှိ ဖွားဖွားတင်၏ မာန်တင်းထားသော မျက်နှာထားက ထင်းခနဲ ပေါ်လာသည်၊၊ ဖွားဖွားတင်တို့ ဇနီးမောင်နှံသည် ဤရပ်ကွက်လေးအတွင်း အအေးဆိုင်လေးဖွင့်ကာ စီးပွားရှာခဲ့ကြသည်မှာ ဆယ်နှစ်နီးပါးရှိခဲ့ပြီ၊၊ ကိုဗစ်တတိယလှိုင်းအတွင်း ဖွားတင် အမျိုးသားမှာ အဆုတ်ရောဂါ အခံလည်းရှိ၍ ဆုံးပါးသွားခဲ့သည်၊၊ အိမ်ပြန်ချိန်များတွင် ဖွားတင်၏ အိမ်ကလေးဆီသို့ လှမ်းမျှော်ကြည့်လိုက်တိုင်း ဖွားတင်တစ်ယောက် ဘုရားဝတ်ပြုနေသည်ကိုသာ တွေ့ရတတ်သည်၊၊ ရုံးပိတ်ရက် တစ်ရက်တွင် ကျမသည် ဖွားတင်၏ စိတ်ကျန်းမာရေး အခြေအနေကို မေးမြန်းပြုစုလို၍ အလည်သွားဖြစ်ခဲ့သည်၊၊ ကျမ- “ဖွားတင် နေရတာ သက်သာရဲ့လား၊၊ ဖျားတာနာတာရော ရှိသေးလား” ဖွားတင်- “သက်သာပါတယ် မြေးရယ်၊၊ အစကတော့ ညည်းတို့ အဖိုးဆုံးတာကို လက်မခံနိုင် ဖြစ်နေတာ၊၊ အိမ်မှာလည်း သူ့ခြေရာလက်ရာချည်း မို့လားကွယ်၊၊ တစ်ဖြည်းဖြည်းချင်း လက်ခံလာနိုင်တဲ့အခါ သတိကပ်ပြီး သက်သာအောင်နေရတာပေါ့ကွယ်” ကျမ- “စိတ်ရော အဆင်ပြေရဲ့လား ဖွားဖွား၊၊ မြေးတို့ ဘေးမှာ ရှိတယ် ဘာမှ အားမငယ်နဲ့နော်” ဖွားတင်- “တစ်ဘဝလုံး လောကဓံတရားနဲ့ ကြုံတွေ့လာရတာ မြေးရယ် တရားနဲ့ဖြေပါတယ်၊ မထိန်းချုပ်နိုင်တဲ့ အရာတွေ လိုတာထက်ပို မခံစားဖို့ တို့ဘုရားရှင် ဟောခဲ့တယ်မို့လား၊၊ အမျှဝေဆုတောင်းပေးတာက သူ့အတွက် တစ်ခုခု လုပ်ပေးနေသလို ခံစားရတော့ ခုလည်း ဘုရားရှိခိုးပြီး သူ့အတွက် ဆုတောင်းပေးနေတာ၊၊ ဆုတောင်းဝတ်ပြုတာက ဖွားဖွားအတွက် အကောင်းဆုံး စိတ်ဖြေမှုပေါ့ မြေးရယ်” အခြေခံစိတ်ကျန်းမာရေး ဗဟုသုတဟူ၍ တကူးတက လေ့လာလိုက်စားခဲ့သည်မဟုတ်ပါဘဲ “လက်ခံ-ရှေ့ဆက်-သတိကပ်” အဆင့်များကို ဘဝက သင်ပေးခဲ့ဟန် တူသည်၊၊ ထိန်းချုပ်မရသော အရာကို လက်ခံ၍ ဆုတောင်းဝတ်ပြုခြင်းကို စိတ်ကျန်းမာရေး ဖြေရှင်းချက်ဖြင့် အံခဲထားသော ဖွားတင်ကို ကျမ လေးစားမိသည်၊၊ ဖွားတင်၏ စိတ်ကျန်းမာရေးကို အနည်းငယ်တော့ စိတ်ချသွားပြီး အိမ်ပြန်ချိန်များတွင်တော့ မှန်မှန် စောင့်ကြည့်ရပေဦးမည်၊၊ ရပ်ကွက်တွင်း သိသိသာသာ စိတ်နာမကျန်းသူများအကြောင်း ပြောရလျှင် မမမေက မပါမပြီး၊၊ မမမေမှာ လှပကျော့မောစွာ ဝတ်စားနေထိုင်တတ်သော ညဥ့်မင်းသမီး တစ်ဦးဖြစ်ကာ ခေတ်ကောင်းစဥ်အခါက ရပ်ကွက်အတွင်း ငွေလိုပါက မငြင်းဘဲ ကူညီပေးလေ့ရှိသောကြောင့် ကျမတို့မိသားစုမှာလည်း မမမေ၏ ကျေးဇူးမကင်း၊၊ ညအသုံးတော်ခံခများဖြင့် မိသားစုကို ရှာကျွေးနေရာမှ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ငွေရပေါက်လမ်း မချောင်လည်တော့၊၊ ကိုဗစ်တတိယလှိုင်းအတွင်း ကင်ဆာသမား ဖခင်နှင့် ပိန်လှီအားနည်းသော မိခင်တို့ကို ရှေ့ဆင့်နောက်ဆင့် ဆုံးရှုံးလိုက်ရ၍ အရူးမီးဝိုင်းလျက် ရှိသည်၊၊ ဤရက်ပိုင်းအတွင်း စက်ရုံအပြန် နှစ်ရက်သုံးရက်တစ်ခါလောက် မမမေဆီ ရောက်ဖြစ်သည်၊၊ မမမေမှာ ကြောင်စီစီ ဖြစ်ကာ တရှုံ့ရှုံ့ငိုသည့် အခါငို၊ ငိုင်သည့်အခါင်ိုင် ဖြင့် စကားလည်း များများစားစား မပြော၊၊ လောကဓံတရားများ အမျိုးမျိုး အဖုံဖုံ ကြုံတွေ့ရပြီးနောက် ခံစားချက်ကို ထုတ်ဆည်း မျိုသိပ်ခြင်းအတတ်၌ တစ်ဖတ်ကမ်းခတ်ခဲ့ပုံရသည်၊၊ ခံစားရသမျှ မြိုသိပ်ခြင်းကြောင့် စိတ်ကျန်းမာရေး ထိခိုက်လာမှာ စိုးရသည်၊၊ ကျမမှာ ရင်ဖွင့်သမျှ နားထောင်ပေးချင်သော်လည်း မမမေက တုံ့တုံ့မျှ မလှုပ်၊၊ သို့အတွက် ကျမမှာ ဖတ်မှတ်ထားသမျှ ဗဟုသုတများ အသုံးပြုကာ တတ်နိုင်သ၍ အကြုံပြုရတော့သည်၊၊ ကျမ- “မမမေ၊ အခုလို ကြိတ်ခံနေတာက ပိုခံရခက်တယ်၊၊ ကြာရင် စိတ်ကျန်းမာရေးအတွက်လည်း မကောင်းဘူး၊၊ လှိုင့်ဆီ ရင်ဖွင့်ချလိုက်ပါနော်၊၊ နားထောင်ပေးဖို့ မမမေနား ရှိပါတယ်… နော် မမ၊၊ (မမမေ တစ်ခွန်းမှမဟ) ကျမ- “ဒါဖြင့် လှိုင် ပေးတဲ့ နည်းလမ်းလေးတွေ လိုက်လုပ်ချင်လားဟင်၊၊ ဖြစ်ပြီးသွားတဲ့ အကြောင်းကိစ္စတွေမှာ မမမေ စိတ်မဖြေနိုင်သေးမှန်း သိပေမယ့် အခုထက်ဆိုင်ရင် စိတ်သက်သာရာ ရမှာပါ… နော်၊၊ အသက်ရှင်နေသ၍တော့ အားတင်းထားရဦးမယ်လေ မမရယ်” (မမမေ ခေါင်းညိမ့်ပြသည်) ကျမ- “မမမေ နေ့တိုင်း စိတ်ထဲခံစားရသမျှ ဒိုင်ယာရီ ချရေးစေချင်တယ်၊၊ ခံစားရတာတွေ၊ ဖြစ်ချင်တာတွေ၊ နောင်တတွေ၊ ဝမ်းနည်းစရာတွေကို ချုပ်တည်းမထားဘဲ ချရေးကြည့်နော်၊၊ ဒါကလည်း ရင်ဖွင့်ချတာပဲလေ၊၊ ပုံမှန်လေးတော့ လုပ်စေချင်တယ်၊၊ နောက်နည်းလမ်းတစ်ခုကတော့ သရုပ်ဆောင်ဝါသနာပါတဲ့ မမမေအတွက် ခက်ခဲမယ်တောင်မထင်ဘူး၊၊ မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ရင်ဖွင့်ပြောပြလို့ ရသားပဲ မမရဲ့၊၊ မမကိုယ်မမ ပြောချင်တာတွေ၊ နှစ်သိမ့်ချင်တာတွေ ပြောချလိုက်နော်၊၊ စိတ်သက်သာလာမှာပါ၊၊ ကလေးဘဝတုန်းက လှိုင်တို့ မကျေနပ်ချက်တွေ သွားသွားအော်တဲ့ ရပ်ကွက်နောက်က ရေကန်လေး မှတ်မိလား မမ၊၊ လာမယ့် တနင်္ဂနွေ လှိုင့်အလုပ်ပိတ်ရက်ကျ ကလေးတုန်းကလို ရေကန်နား သွားပြီး စိတ်ထဲ အော်ပစ်ချင်တာတွေ အားကုန်အော်ချပစ်ကြမယ်လေ နော်၊၊ (မမမေက သဘောတူသည့်ဟန် ခပ်ယဲ့ယဲ့ ပြုံးပြသည်) ထိုတနင်္ဂနွေမှစ၍ မမမေ တစ်စတစ်စ သက်သာလာပုံရသည်၊၊ ရုံးဆင်းချိန်များတွင် မမမေတို့အိမ် ပြတင်းပေါက်ကို လှမ်းလှမ်းကြည့်ဖြစ်ရာ ယခင်လို ငူငူငိုင်ငိုင် ထိုင်မနေတော့ဘဲ စာရေးနေတတ်သော မမမေကို တွေ့ရတတ်သည်၊၊ လာမည့် ပိတ်ရက်တွင် မမမေထံသွားလည်ကာ များစွာ မထူးခြားလျှင်တော့ တတ်ကျွမ်းသူများနှင့် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအားပေးခြင်းများ ပြုလုပ်ရန် တိုက်တွန်းရပေဦးမည်၊၊ နွမ်းလျအိမ်ပြန်ခရီးတွင် နေအိမ်ကို လှမ်းမြင်ရပြီ ဆိုလျှင် ဖရုဿဝါစာ စကားများကပါ နားထဲ တစ်ပါတည်း ဝင်လာတတ်သည်၊၊ ဘေးအိမ်မှ ကိုနိုင်တို့ လင်မယား ရန်ဖြစ်သံ၊၊ များသောအားဖြင့် နားထဲဝင်လာသော အချင်းအရာများအရ အရက်လျော့သောက်ဖို့ ပြောရင်း ရန်ဖြစ်ကြသည်များသာ၊၊ ဇနီးသည်မှာလည်း သူဌေးအိမ်မှာ၌ အဝတ်လျှော်၊ ကြမ်းတိုက်လုပ်ရာ များများစားစား မရ၍ အသုံးစရိတ် လျော့ချချင်ဟန်ရသည်၊၊ ကိုနိုင်မှာ ယခင်က အပြုံးချိုချိုနှင့် လူတကာ ခင်မင်လောက်စရာ လူတစ်ယောက်၊၊ အာဏာသိမ်းမှု ဖြစ်စတွင် ဆန္ဒထွက်ပြရန်အလုပ်သမားများကို စည်းရုံးသောကြောင့် အလုပ် နှောင့်နှေးစေသည်ဟု ဆိုကာ အလုပ်ဖြုတ်ခံခဲ့ရသည်၊၊ အလုပ်ပြုတ်ပြီးနောက် ကြုံရာကျပန်း လုပ်နေသော ကိုနိုင်တစ်ယောက် ရန်လိုတတ်လာသည်ကို ကျမ သတိပြုမိသည်၊၊ သေးသေးဖွဲဖွဲမျှ အပြောမခံ၊၊ ရန်ထောင်တတ်လာသည်၊၊ ရက်ကွက်တွင်း အော်ကြီးဟစ်ကျယ် ရန်ဖြစ်သံ ကြားရပြီဆိုလျှင် ကိုနိုင် ပါလာတတ်သည်၊၊ ဒေါသထွက်လွယ်ခြင်းသည် စိတ်ကျခြင်း၏ စိတ်ခံစားမှုဆိုင်ရာ လက္ခဏာတစ်ရပ်ပင် မဟုတ်ပါလား၊၊ ဒီတစ်ခါ ကိုနိုင့်မိန်းမ အိမ်လာလည်လျှင်တော့ ကိုနိုင်၏ ပြောင်းလဲလာသော စရိုက်လက္ခဏာများကို မေးမြန်း သုံးသပ်ကာ အကြံပေးဦးမည်ဟု စိတ်ထဲ တွေးလိုက်သည်၊၊ အနာသိလျှင် ဆေးရှိသည်လေ၊၊ အတွေးရထားရှည်သည် အိမ်ဘူတာသို့ ဆိုက်လာသောအခါများတွင်တော့ မိသားစု အကြောင်းကိစ္စများသာ ခေါင်းထဲ ဝင်လာသည်၊၊ ကျမတို့ မိသားစုမှာလည်း များစွာ ပြေလည်လှသည် မဟုတ်၍ သောကဗျာပါဒများဖြင့် စိတ်မကျန်းမာသော အခါများ ရှိမည်မှာ ပြောစရာပင် လိုမည်မထင်၊၊ လွန်ခဲ့သောလက အလုပ်၌ အာမခံချက်မရှိသော ကိုဗစ်ကာကွယ်ဆေးများ အတင်းအကျပ် ထိုးရန် ဖိအားပေးသောကြောင့် ကြီးကြပ်ရေးမှူးနှင့် စကားများရန်ဖြစ်ပြီး ကိုကို အလုပ်နားခဲ့ရသည်၊၊ ဖေဖေ ဆုံးပါးသွားထဲက အိမ်၏ စားဝတ်နေရေးကို ကိုကိုက တာဝန်ယူခဲ့ခြင်း ဖြစ်သော်လည်း အခြေအနေအရ မေမေက အိမ်ရှေ့တွင် တဲလေးထိုးကာ မနက်ပိုင်း အသုပ်ရောင်း၍ မိသားစု စားဝတ်နေရေး ပြဿနာကို တစ်ဖက်တစ်လမ်းကဖြေရှင်းသည်၊၊ ထိုကာလများတွင် ကိုကိုမှာ ကျမတို့နှင့် စကားမပြောဘဲ အခန်းတွင်း အောင်းနေတတ်သည်၊၊ အစားပင်ပုံမှန်မစား၊၊ တစ်ခါတစ်ရံ တနေကုန် အိပ်နေတတ်ပြီး နေ့နှင့်ည မှားသည့်အခါ မှားနေတတ်သည်၊၊ မေမေ တစ်ခုခု ဝယ်ခိုင်းလျှင်လည်း အာရုံမရှိဘဲ ဝယ်ခိုင်းသည့် အရာကို မေ့မေ့ကာ ပြန်လာသောကြောင့် မကြာခဏ ပူညံပူညံ ဖြစ်တတ်ကြ၏၊၊ ကိုကိုက လူတစ်မျိုး၊၊ ဤလက္ခဏာရပ်များက စိတ်ကျခြင်း ဖြစ်သည်ဟု ပြောသည်ကို လက်မခံချင်၊၊ အွန်လိုင်းမှ အခမဲ့ စိတ်ကျန်းမာရေးတိုင်ပင်ခန်း တစ်ခုခုတွင် ရင်ဖွင့်တိုင်ပင်ဖို့ အကြုံပြုသည်ကို ရှက်စရာကောင်းသည်ဟု ဆိုသည်၊၊ မေမေကလည်း ကိုကို့ဘက်မှ ပါခဲ့သည်၊၊ “သန်သန်မာမာ လူငယ်ယောကျာ်းလေးက စိတ်မကျန်းမာစရာလား၊ အစိုးရိမ်လွန်တာ” ဟု ကျမကို အပြစ်တင်သည်၊၊ ဤသို့ ဆက်သွားပါက အခြေအနေ ပိုဆိုးလာပြီး အလုပ်လျှောက်ရာတွင် စိတ်မကြည်မလင်ဖြစ်ကာ အာရုံကြော ထိခိုက်လာနိုင်သည်ဟု အကျိုးအကြောင်းသင့် ရှင်းပြခါမှ နှစ်ဦးစလုံး လက်ခံသွားသည်၊၊ ကိုကိုမှာ တတ်သိကျွမ်းကျင်သော ပညာရှင်များနှင့် နှစ်ခါ၊ သုံးခါ ဆွေးနွေးအပြီးတွင်တော့ အဆင်ပြေလာပုံရသည်၊၊ အိပ်ချိန်စားချိန် ပြန်မှန်လာပြီး ယခုဆိုလျှင် တက်တက်ကြွကြွ အလုပ်လည်းပြန်ဝင်နေပြီ ဖြစ်၏၊၊ ကိုကို့အဖြစ်ကို ကြည့်ပြီး ယောကျာ်းလေးဖြစ်၍ စိတ်မာရမည်ဟု မဆို၊လူငယ်ဖြစ်၍ လန်းဖြာရမည်ဟု မမည်၊ စိတ်မကျန်းမာလျှင်တော့ မိမိကိုယ်ကို လက်ခံပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ဟအဖြေရှာရမည် သင်ခန်းစာရလိုက်သည်၊၊ ယခုဆိုလျှင် မေမေသည် သူ့ဆိုင်လေးတွင် အသုပ်လာစားသော လူငယ်များကိုပင် လိုအပ်ပါက အွန်လိုင်း စိတ်ကျန်းမာရေး ဆွေးနွေးမှုများ ခံယူရန် ညွှန်းတတ်နေပေပြီ၊၊ တော်လှန်ရေးကာလသည် ခံစားချက်မျိုးစုံ အနိဌာရုံများကို နေ့စဥ်မရိုးအောင် ပေးစွမ်းနိုင်သော အချိန်၊ စိတ်ခံစားမှုကို ကောင်းစွာ စီမံခန့်ခွဲမှု မလုပ်နိုင်လျှင် *လူမသေသော်လည်း စိတ်သေသွားနိုင်သောရာသီ* များပါကလား ဟု စိတ်ထဲမှ ရွေရွတ်မိသည်၊၊ အရင်းခံမှာတော့ မိမိကိုယ်ကို စိတ္တ၊ သုခ နှစ်ဖြာလုံး ကျန်းမာရန် ဂရုစိုက်ဖို့သာ ဖြစ်၏၊၊ သို့မှသာ ပန်းတိုင်တူကြသူချင်း ဖေးမနိုင်မည်၊၊ လမ်းတူသူချင်း စောင်မနိုင်မည် မဟုတ်ပါလား၊၊ ကျမ တစ်ယောက်မှာတော့တော်လှန်ရေးကာလ၌ အနီးအနားရှိ လူများအား ဖေးမရင်း၊ မိမိကိုယ်ကို ဂရုစိုက်ရင်း မည်မျှ ကြာညောင်းဦးပေမည် မသိသော တော်လှန်ရေးကာလကို တစ်ရွေ့ရွေ့ ကုန်ဆုံးဖြတ်သန်းနေမိပါတော့သည်၊၊ စာရေးသူ − Hlaing Myat

Read More

WINNER – “ကြယ်အလင်း”

Feminist Literature Competition(5)

WINNER – “ကြယ်အလင်း” .

“တော်လှန်ရေးကာလ စိတ်ကျန်းမာရေးအတွေ့အကြုံ” ဒီနေ့ဆို ကျွန်မအသက် ၂၃နှစ်ပြည့်ပြီ။ တကယ်ဆို မွေးနေ့မှာ ကျွန်မချစ်တဲ့သူတွေနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းနေရမှာပါ။ အခုတော့ ကျွန်မ မပျော်နိုင်သလို ဘာမွေးနေ့ပွဲမှလည်း မလုပ်ပါဘူး။ သာမာန်နေ့ တစ်နေ့လိုပဲ အိမ်ထဲမှာ ဖြတ်သန်းလိုက်ရပါတယ်။ မပျော်နေတာကြာပြီ။ စိတ်တွေလေနေတာကြာပြီ။ သိမ်ငယ်တဲ့ ခံစားမှုမျိုး အထီးကျန်တဲ့ ခံစားမှုမျိုးတွေ ခံစားနေရတာကြာပြီ။ ကျွန်မက တောင်သူလယ်သမား မိသားစုလေးကနေ ကြီးပြင်းခဲ့တယ်။ တောင်သူဆိုတော့ ကျွန်မတို့ရဲ့ စီးပွားရေးအခြေအနေလည်း ပြောစရာလိုမယ် မထင်ပါဘူး။ စိုက်ပျိုးချိန်မှာ အရင်းအနှီးများပေမဲ့ ပေါ်တဲ့သီးနှံတွေကျ စျေးကောင်းတယ်ဆိုတာ ရှားပါတယ်။ အဲ့တော့ စီးပွားရေးလည်း သိပ်ပြီး အဆင်မပြေလှဘူး။ ဒါပေမဲ့ ဖေဖေက ကျွန်မကို စီးပွားရေးအဆင်မပြေတဲ့ ကြားကပဲ ဘွဲ့လေးတစ်ခုရအောင်တော့ ကျောင်းထားပေးခဲ့ရှာတယ်။ သင်တန်းတွေလည်း ပေးတက်ခဲ့တယ်။ ဖေဖေကြိုးစားရှာဖွေပြီး ပညာတွေသင်ပေးခဲ့တာမို့ ကျောင်းပြီးရင်တော့ ဖေဖေ့ကျေးဇူးတွေ ဆပ်ခွင့်ရပြီပေါ့။ ဖေဖေ့တာ၀န်တွေကို ပုခုံးပြောင်းထမ်းခွင့်ရတော့မှာ ကျောင်းပြီးသွားတာနဲ့ ရန်ကုန်ဆိုတဲ့ မြို့ကို တက်ကြွသော ခြေလှမ်းတွေနဲ့အတူ ကျွန်မသွားခဲ့တယ်။ အလုပ်တစ်ခုရဖို့ ရှာလိုက်ရတာ စိတ်ကူးတွေထဲကလောက် လက်တွေ့မှာ လွယ်မနေခဲ့ဘူး။ အလုပ်ရှင်ကငြင်းလိုက် ကျွန်မက ငြင်းလိုက်နဲ့ နောက်ဆုံးတော့ ကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့ အလုပ်လေးတစ်ခု ကျွန်မ ရွေးချယ်ခဲ့တယ်။ အလုပ်လေးလုပ်မယ်ရှိသေး ကိုဗစ်ဆိုတဲ့ ကူးစက်မြန်ရောဂါဆိုးကြီးက ကျွန်မတို့နိုင်ငံကို ရောက်လာပြီဆိုတဲ့ သတင်းတွေဖတ်လိုက်ရပါတယ်။ အိမ်ကမေမေက ဖုန်းတွေ တဂွမ်ဂွမ် ဆက်ပါပြီ ပြန်လာခဲ့ဖို့။ ကျွန်မ မပြန်ချင်လို့ ငိုခဲ့တယ်။ ကျွန်မဘ၀မှာ အိမ်ကိုမပြန်ချင်လို့ငိုတာ ဒီတစ်ကြိမ်ပဲ ရှိပါတယ်။ အိမ်ရဲ့ အဆင်မပြေမှုတွေ ကြားသိနေရတဲ့ကျွန်မ အလုပ်ရှိမှကို ဖြစ်မယ်။ ဒါပေမဲ့လည်း မေမေ့ဆန္ဒအရ ကျွန်မ အိမ်ပြန်ခဲ့ရပါတယ်။ အိမ်ရောက်တော့လည်း ထမင်းချက်လိုက် အိမ်အလုပ်လေးလုပ်လိုက်နဲ့ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတယ်။ ၀င်ငွေတစ်ပြားမှ မရှိတဲ့ ဘွဲ့ရ အလုပ်လက်မဲ့။ ဖေဖေက အိမ်မှာနေမှာအတူတူ အကျိုးရှိအောင် သင်တန်းပဲတက်ဆိုပြီး မရှိတဲ့ကြားထဲကနေ ကျွန်မကိုထားပေးပြန်ပြီ။ လိမ်လိမ်မာမာသာနေ ကျန်တာ ဖေဖေ့တာ၀န်ထားဆိုတဲ့ ဖခင်ကောင်းပီသနေတဲ့ ဖေဖေ့စကားသံတွေ ကြားရတာ ရင်ဘက်ထဲကနှလုံးသာတွေ ကြေမွမတတ်။ ဖေဖေ ပေးဆပ်ရကျိုး နပ်အောင် စာတွေ အသည်းအသန်နေ့မနားညမနား ကြည့်ခဲ့တဲ့နှစ်။ ဒါပေမဲ့လည်း ဖြေခါနီးကျမှ ရောဂါကြောင့် မဖြေရတော့ဘူးဆိုပြီး စာထွက်လာတော့ စိတ်ပျက်လက်ပျက်နဲ့ လမ်းတွေ ထပ်ပျောက်ရပြန်တယ်။ မက်ထားတဲ့ အိမ်မက်တွေ စိတ်ကူးတွေ တစ်စစီ တစ်စစီ ချေဖျက်ခံရသလိုပဲ။ နောက်ဆုံးတော့လည်း မေမေ့အိမ်မှာပဲ သောင်တင်ခဲ့ရပြန်တယ်။ ဖေဖေ့ရဲ့ ဒုက္ခအိုးလေးက ဘယ်အချန်ထိ ဒုက္ခတွေ ပေးနေမိဦးမယ်ဆိုတာ စိတ်မကောင်းခြင်းများစွာနဲ့ နေရက်တိုင်းကို ရှင်သန်နေတယ်။ ရက်တွေ တရွေ့ရွေ့ပြောင်းလာရင်း ဖေဖော်၀ါရီ ၁ရက်နေ့ကို ရောက်လာတယ်။ မနက်မိုးလင်းလို့ ဖုန်းကို ဖွင့်ကြည့်တော့ ဖုန်းကတိုင်တွေ ပျောက်နေပြီ။ တစ်အိမ်လုံး ပွစိပွစိနဲ့ ဘာလို့ ဖုန်းလိုင်းတွေ မရတော့တာလဲ မသိဘူးလို့ ပြောနေတုန်း အစ်ကိုတစ်ယောက်က ဒေါနဲ့မောနဲ့ အာဏာသိမ်းသွားပြီလို့ ရေဒီယိုကလာသွားတဲ့အကြောင်း လာပြောတော့မှ ဖုန်းလိုင်းမရတဲ့ အကြောင်းရင်းကို သိရတယ်။ သွားပါပြီ သွားပါပြီပေါ့ ရောဂါကမငြိမ်ရတဲ့အထဲ အာဏာက သိမ်းသွားပြန်ပြီတဲ့လေ။ စိတ်တွေတော့ လေပြီးရင်လေပါပဲ။ အသက်တွေကလည်း ရပ်မနေပဲ ကြီးလာပြီ။ အိမ်မက်တွေတော့ ဝေဝါးပြီးရင်းဝေဝါးလေပဲ။ တစ်နေ့တစ်ခြား ဆိုး၀ါးလာတဲ့ ၀င်ငွေထွက်ငွေ မမျှတဲ့ အိမ်ရဲ့စီးပွားရေး။ အဲ့အချိန်မှ ထွက်ပြေးချင်တယ်။ အိမ်နဲ့ အဝေးဆုံး။ ဘာကြောင့်လဲဆို ကျွန်မ ငွေရှာချင်တယ်လေ။ ဖုန်းဘေလ်တစ်ထောင်တောင် ပုံမှန်မထည့်နိုင်တဲ့ ကိုယ့်ဘဝကို စိတ်ပျက်မိလို့။ ဖေဖေနဲ့ မေမေ့အတွက် ဘာဆိုဘာမှ မဖြည့်ဆည်းနိုင်သေးလို့ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိတယ်။ ကိုယ်နဲ့ အရွယ်တူတွေ ပိုက်ဆံတွေ ရှာနိုင်တဲ့အချိန် ကိုယ်ဟာ အိမ်တွင်းအောင်းနေရလို့ ဘယ်သူ့ကို အပြစ်တင်ချင်မှန်းမသိတဲ့ ဒေါသတွေ။ သူများတွေ လှပနေတဲ့အချိန် ကိုယ်ဟာ နေပူထဲမှ ရုန်းကန်လို့ ကျလာရတဲ့ ချွေးစက်တွေ။ တစ်နေ့တစ်နေ့ မကျေနပ်မှုပေါင်းများစွာနဲ့ မပျော်နိုင်တာ ကြာပြီ။ သည်းခံနိုင်မှု ဟိုးအောက်ဆုံးထိ ထိုးကျနေတယ်။ တော်ရုံဆို အကောင်းမြင်တတ်တဲ့ ကျွန်မက အခုဆို အသေးအမွှားလေးကအစ အဆိုး မြင်လာတတ်တယ်။ စာအုပ်တွေ ဘယ်လောက်ဖတ်ဖတ် စိတ်အဆင်မပြေတဲ့ နေ့တွေကို ကျွန်မ ဖြတ်သန်းရတယ်။ တစ်ယောက်ထဲ ညအမှောင်မှာ အသံတိတ် ငိုခဲ့ရတဲ့ညတွေ မနည်းတော့ဘူး။ စိတ်လည်းကြည်မနေတဲ့ အတွက် ဘယ်သူ့ကိုမှလည်း စကားအကောင်းမပြောချင်ဘူး။ ကျွန်မကို ချစ်ခင်တဲ့ သူတွေအပေါ်မှာ ပျက်ကွက်နေတာတွေများနေပြီဆိုတာလည်း ကျွန်မသိတယ်။ ဒါပေမဲ့လည်း အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်တဲ့ အားအင်မျိုး ကျွန်မမှာရှိမနေခဲ့ဘုး။ ကျွန်မကိုယ်ကျွန်မတောင် နားမလည်နိုင်တဲ့ နေ့စွဲတွေမို့။ ဒီစိတ်သောကတွေမှ လွတ်ရင်ပြီးရောဆိုပြီး ဘယ်တော့မှ ပြန်မလာနိုင်တဲ့ လမ်းတစ်ခုဆီကို ကျွန်မ ထွက်သွားချင်မိတယ်။ လူပင်ပန်းတဲ့ ဒဏ်က်ထက် စိတ်ပင်ပန်းတဲ့ ဒဏ်တွေအရမ်း များလာတဲ့အခါ တစ်ခဏတာပဲ လွတ်မြောက်လွတ်မြောက် အဲ့လမ်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ကြတယ် ဆိုတာ ကိုယ်တကယ် ကြုံတွေ့လာရမှ ပိုနားလည်လာတယ်။ ဒီသောကတွေ ဘယ်လောက်ထိ ရှည်ကြာနေဦးမှာတုန်း။ တကယ်ဆို ဒီအချိန်ဟာ ကျွန်မတို့လူငယ်တွေ တက်ကြွလန်းဆန်းနေရမယ့် အရွယ်။ အခုတော့ အိမ်မက်တွေဆိုတာလည်း ဝေဝါး မသေချာတဲ့ မနက်ဖြန်တွေအတွက် ယိုင်နဲ့နဲ့ ခွန်အားလေးနဲ့ ရှေ့ဆက်နေရတယ်။ စိတ်တွေဟာလည်း မတည်မငြိမ် ရယ်နေတဲ့ကြားထဲက ဝမ်းနည်းလာချင်ဝမ်းနည်းလာတာ။ ငိုလိုက်ရယ်လိုက်နဲ့ ကိုယ့်ကိုယ်ကိုတောင် ပုံမှန်မှဟုတ်ရဲ့လား။ စိတ်ကျရောဂါများ ခံစားနေရပြီလား ဆိုတဲ့အထိ။ တန်ဖိုးရှိတဲ့ ကျွန်မတို့ရဲ့ နေ့ရက်လေးတွေကို ဒီလိုခံစားမှုမျိုးကြီးတွေနဲ့ မဖြတ်သန်းချင်တော့ဘူး။ ကျွန်မတို့ လွတ်မြောက်ချင်ပြီ။ ဒီကပ်ဆိုးကြီးလည်း အမြန်အဆုံးသတ် စေချင်ပြီ။ ဓမ္မနဲ့အဓမ္မနဲ့ ယှဥ်တဲ့အခါ ဓမ္မကိုပဲ အမြဲအနိုင်ရစေချင်တယ်။ ကျွန်မတို့ဘ၀တွေ အချုပ်အနှောင်တွေမှ အမြန်လွတ်မြောက်ပါစေ ဆန္ဒပြုရင်း…။

စာရေးသူ − ကြယ်အလင်း

Read More

WINNER – ” Hmwe(မွှေး) “

Feminist Literature Competition(5)

WINNER – ” Hmwe(မွှေး) “

” ဒီကာလတွေမှာ ” တိမ်တွေလွင့်နေတာတွေ့ရင် ဒါမှမဟုတ် တစ်ခုခုလွင့်နေတာမြင်ရင် မျှော်လင့်ချက်တွေကိုသွားသွားသတိရတယ် ‌ဪ လွင့်ပါးပျောက်ဆုံးနေတာငါတစ်ယောက်တည်းမှမဟုတ်ပဲ။ ကောင်းကင်ကကြယ်တွေကြွေတော့ မြေပြင်ပေါ်ကြွေကျပြီး မြေပြင်ကကြယ်တွေကြွေတော့ ညကောင်းကင်ကကြယ်တွေကိုမော့မကြည့်ရဲဘူး အရာရာတိုင်းအတွက် ငါလိပ်ပြာမလုံဘူးလေ။ ဒီကာလတွေမှာ ငါ့စိတ်အဆင်ဟာ မိုးပေါက်တွေကျနေတဲ့ ကန်ရေပြင်လိုမငြိမ်သက် ငါဟာဆယ်ကျော်သက်ပါ သစ်ရွက်လေး‌တွေလှုပ်ရင် ရင်ခုန်ချင်ပါတယ် သို့သော် ငါတို့တိုင်းပြည်မှာလေ ဆယ်ကျော်သက်တွေရဲ့အမေတွေ သစ်ရွက်ရောင်မြင်ရင် ရင်တုန်နေရတယ်။ ငါနဲ့ကျောင်းအတူတူတက်တဲ့သူငယ်ချင်း သံတိုင်တွေနောက်ကအမှောင်ခန်းထဲမှာ ငါပို့လိုက်တဲ့ ကဗျာစာအုပ်တွေဖတ်လို့ဘယ်အဆင်ပြေပါ့မလဲ။ ငါနဲ့အတန်းတူတူလစ်တဲ့သူငယ်ချင်း တောနက်ကြီးထဲ တစ်ယောက်တည်းလစ်ထွက်သွားတယ် “နှောင်ကြိုးတွေနဲ့ကောင်မင်းနေခဲ့”တဲ့။ ဒီကာလတွေမှာလေ ငါရဲ့စိတ်ဝိဉာဥ်ကို ကလေးလေးတွေမှုတ်ထုတ်လိုက်တဲ့ ဆပ်ပြာပူပေါင်းလေးတွေလို စိတ်လိုလက်ရ ပေါက်ကွဲပစ်လိုက်ချင်ပါတယ် ဒါပေမဲ့ ငါဟာဆပ်ပြာပူဖောင်းလေး‌လေ။ ငါ့တိုင်းပြည်မှာပဲငါပျော်တယ် ငါ့တိုင်းပြည်မှာပဲငါနေပြီး ငါ့တိုင်းပြည်ကိုငါပြန်လွမ်းတယ်။ ဘာတွေလည်းကွာ ဘယ်လိုကြီးလဲ ကလေးအစခွေးအဆုံး မတရားဘူးဆိုတာသိနေပါလျှက်နဲ့ လက်သုံးချောင်းနဲ့အနီရောင်အလံကို ရင်ထဲမှာပဲ တလူလူလွှင့်ထူထားရတယ် စိတ်တွေကိုထိန်းနိုင်ဖို့ ကော်ဖီတစ်ခွက်ထက်သေနတ်တစ်လက်ကို ဒီအချိန်မှာပိုလိုအပ်ပါတယ်။ အမှန်အတိုင်း၀န်ခံရရင်လေ အချစ်အကြောင်းတွေပဲကဗျာရေးချင်တယ် စစ်အကြောင်းတွေမရေးချင်ဘူး ပုံမှန်လူငယ်ဆိုတာက‌လေ အသည်းကွဲပြီးရေရေလည်လည်‌မူးရမှာကွ လက်နက်ကိုင်ပြီး ရေရေလည်လည်ဆဲရမှာမဟုတ်ဘူး။ စိတ်ဟာသမုဒ္ဒရာထဲမှာရွက်လွှင့်နေတယ် တွတ်ပီ‌စာအုပ်တွေစာအုပ်စင်မှာရှိသေးတယ် ဒါပေမဲ့ တွက်ပီသီချင်းသစ်တွေမရှိတော့ဘူး ငါတော့အခန်းထဲကအိပ်ရာပေါ်မှာကျန်ခဲ့တယ် ငါ့စိတ်ကိုတော့ တပ်အဖြစ်လှော်ပြီး သမုဒ္ဒရာထဲရွက်လွှင်ထားတယ် သူသွားလိုရာသွားပါစေကွယ်။ လူငယ်တွေရဲ့စိတ်ပဲတက်လွယ်ကျလွယ်မှာပေါ့ ဒါပေမဲ့လေ လုပ်ပါအုံး ငါ့စိတ်ဝိဉာဥ်ကငါ့ခန္ဓာကိုယ်ဆီပြန်မ၀င်ချင်တော့ဘူးတဲ့ တစ်သီးတခြားဆီထွက်ပြေး‌နေတယ်။ “စိတ်နဲ့လူနဲ့ကပ်ဖို့ကူညီကြပါအုံး”လို့ငါအော်ခေါ်တော့ အားလုံးကငေးကြည့်ရုံပဲကြည့်နေကြတယ် ဪ သူတို့တွေလည်းစိတ်နဲ့လူနဲ့မကပ်ကြဘူးပဲ။ − Hmwe(မွှေး)

Read More