“Special Selections” – Than Than Nyunt

Feminist Literature Competition Round-3

“Special Selections” – Than Than Nyunt 💜 ကျွန်မနှင့်ကျွန်မလုပ်ငန်းခွင် အခန်း(၁) ကျွန်မကောင်းကောင်းမှတ်မိနေပါသေးတယ်။ ကျွန်မငယ်ငယ်က တောင်ပေါ်မြို့လေးတစ်မြို့က ဘိုးဘွားပိုင်အိမ်နဲ့ ခြံကြီးအတွင်းမှာ အဘိုးအဘွား၊အမေနဲ့ကျွန်မတို့ အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတယ်။ အဖေဆိုတာ ကိုတော့ ကျောင်းဝင်မှတ်ပုံတင်မှာပါတဲ့ ဦးမျိုးမင်းဆိုတဲ့ နာမည်ကလွဲလို့ ဘာမှမသိခဲ့ဘူး၊ ကျွန်မ(၇)နှစ်သမီးအရွယ်လောက်မှာ အဘိုးနဲ့အဘွား နှစ်ဦးစလုံး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြတဲ့နောက်ပိုင်းမှာအမေဟာ ဒီ အိမ်နဲ့ခြံကြီးကို‌ ရောင်းပြီး မြေပြန့်ဒေသမြို့လေးတစ်မြို့ကိုပြောင်းရွေ့ခဲ့ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ အမေဟာ ရပ်ကွက်တစ်ခုက အတန်အသင့် ကျယ်ဝန်းတဲ့ မြေကွက်ကြီးကိုဝယ်ယူပြီး ကျွန်မတို့သားအမိနေဖို့ အိမ်လေးတစ်လုံး နဲ့ ကျန်မြေကွက်လပ်မှာ အဆောင်တွေကို စနစ်တကျ ဆောက်လုပ်ခဲ့ပါတယ်။ကျန်တဲ့ငွေတွေကို ဘဏ်မှာအပ်နှံထားပြီး ရရှိတဲ့ဘဏ်တိုးငွေနဲ့ သူမအင်မတန်ဆန္ဒရှိတဲ့ လုပ်ငန်း တစ်ခုကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။ တစ်ခြားတော့မဟုတ်ပါဘူး။ ခိုကိုးရာမဲ့နေတဲ့အမျိုးသမီးတွေ၊ မိခင်လောင်းတွေ၊တစ်ကိုယ်ရေမိခင်နဲ့ ရင်ခွင်ပိုက် က‌လေးတွေကိုလက်ခံပြုစုစောင့်ရှောက်တဲ့ဂေဟာ (Save House) လေးတစ်ခုကို စတင်ဖွင့်လှစ်လိုက်တာပါပဲ။ အမေကတော့ သူ့ဂေဟာကို”ကွန်းခိုရိပ်”လို့နာမည်ပေးထားပါတယ်။ ဒီဂေဟာမှာအချိန်အတိုင်းအတာတစ်ခုအထိ လက်ခံပြုစုစောင့်ရှောက် ပေးပြီး သက်ဆိုင်ရာလူမှုဝန်ထမ်းဦးစီးဌာနနဲ့ချိတ်ဆက်ပေးတာ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုသင်ယူနိုင်ဖို့ စီမံ ပေးပြီး ဘဝဆက်လက်ရပ်တည်ရေးအတွက် ပံ့ပိုးပေးတာ၊ ဆွေမျိုးသားချင်းတွေနဲ့ ပြန်လည်ဆက်သွယ်အပ်နှံပေးတာတွေ၊ ဉပဒေကြောင်းအရ နစ်နာမှုမရှိအောင် လိုက်ပါဆောင်ရွက်ပေးမှုတွေကို စနစ်တကျ လုပ်ဆောင်ပေးတာမို့ အယုတ်အလတ် အမြတ်မရွေး အလွှာပေါင်းစုံက အတိဒုက္ခရောက်နေတဲ့အမျိုးသမီးတွေအတွက်တော့ တကယ့်ကိုမှီခိုအားထားစရာ နေရာလေး တစ်ခုပါပဲ။ ကျွန်မလည်း ကျောင်းပညာဆက်လက်သင်ယူရင်း အမေနဲ့အတူ ဂေဟာရဲ့ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင် ဆောင်ရွက်ပေးရာက “ကွန်းခိုရိပ်” ကိုရောက်လာတဲ့ အမျိုးသမီးပေါင်းစုံရဲ့ ဘဝတွေကို လေ့လာသိမြင်ခွင့်ရခဲ့ပြန်ပါတယ်။ ‘’ကလေးအရွယ်မိန်းကလေးတစ်ယောက်က ကလေးမွေးရမှာ….အင်း….ကလေးက ကလေးပြန်မွေးရမှာ ဆိုတော့ ပြုစု စောင့်ရှောက်ဖို့မလွယ်ဘူးလေ။ ဖအေကလည်း သတ်မယ်ဖြတ်မယ်တကဲကဲလုပ်နေလို့၊ နေ့တိုင်းပြဿနာရှာနေတဲ့ဖအေနဲ့ ဆက်ထားဖို့မဖြစ်နိုင်တော့လို့ပါ။ ကျွန်မတို့ကလည်း တစ်နေ့လုပ်တစ်နေ့စားတွေဆိုတော့……ဒါကြောင့် ဒီကိုလာအပ်ရတာပါ’’ ဆိုတဲ့(၁၃)နှစ်သမီးအရွယ်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရပြီး မုဒိန်းကောင်ရဲ့ကလေးကို မွေးရတဲ့အဖြစ်ဟာ အတော့်ကို ဆိုးရွားလွန်းပါတယ်လေ။ ဥပဒေအရပြစ်မှုကျုးလွန်သူကို အရေးယူခြင်းကတစ်ပိုင်း၊ ကျုးလွန်ခံရသူရဲ့ စိတ်ဒဏ်ရာကို နှစ်သိမ့် ပေးဖို့၊ အပြစ်မဲ့မိခင်နဲ့ကလေးငယ်ကို ပြုစုစောင့်ရှောက်ပေးဖို့စတဲ့နောက်ဆက်တွဲတွေက ဆက်နွယ် သူတွေကို အတော်ဖိစီးစေ တယ်။ “အဖေအမေကသေ၊ ဆွေမျိုးကမရှိ၊ အားကိုးရာမဲ့လို့လင်ယူလိုက်ပါတယ်၊ ဗိုက်တစ်လုံး နဲ့ချန်ရစ်ခဲ့ပြီး အိမ်ကရှိတဲ့ ငွေနဲ့ပစ္စည်း တွေယူ ထွက်ပြေးသွားပါရောလား။ အိမ်ကလည်းငှားနေရတာဆိုတော့ အခုအိမ်လခ ဆက်မပေးနိုင်တော့ဘူးလေ။ ဗိုက်ကလည်းတဖြည်းဖြည်းရင့်လာ၊ မီးဖွားခါနီးနေပြီဆိုတော့ အိမ်နီးချင်းတွေတိုင်ပင်ပြီးတော့ ဒီဂေဟာကိုလာပို့တာပါ။ လက်ခံပေးပါနော်” တဲ့။ “ကံဆိုးတဲ့သူသွားလေရာမိုးလိုက်လို့ရွာ” လေသလား။ အဲဒီမိုးဒဏ်လေဒဏ်ကနေ ကာကွယ်ပေးဖို့ အသက်ဝင်တဲ့ ဥပဒေဆိုတဲ့ထီးလေးတစ်လက်တော့လိုအပ်နေတာအမှန်ပါပဲ။ “အဖေကအစိုးရဝန်ထမ်း၊ခုတော့ဆုံးတာကြာပြီ၊အဖေ့ရဲ့မိသားစုပင်စင်လေးနဲ့သားအမိတွေအတူနေရာကအစ်ကိုဖြစ်သူကမူးယစ် ဆေးစွဲ၊ အိမ်ကပစ္စည်းတွေ သူ့လက်ချက်နဲ့ကုန်၊ နောက်ဆုံး အဖေ့ပင်စင်စာအုပ်တောင် ပေါင်နှံပစ်တဲ့အထိပဲ။ မအေဖြစ်သူကဒီစိတ်နဲ့ပဲသေ၊ နောက်ပိုင်းမှာဒီအစ်ကိုနဲ့ပဲအတူနေရပြန်တော့ ဆေးကြောင်ကြောင်နေတဲ့အစ်ကိုက ညီမကို ညီမမှန်းမသိ လိင်အကြမ်းဖက်စော်ကားဖို့ကြံလို့ ကလေးမခမျာ သူ့ကိုယ်သူသတ်သေမယ်လုပ်လို့။ ရပ်ကွက်က အသိမြန် ပေလို့၊ ကံကြီးပေလို့သာပေါ့’’။ ဘဝကံအကြောင်းမလှလို့ဆိုပြီး ကံကိုရိုးမယ်ဖွဲ့ပုံချ။ စိတ်ကိုလုံးလုံးလျှော့ချ၊ ဘဝကိုရေစုန် မျောတော့မဲ့ မိန်းကလေး တွေအတွက် ရုပ်ပိုင်းစိတ်ပိုင်းလုံခြုံ‌နွေးထွေးမှုပေးနိုင်မယ့် ဥပဒေအကာအကွယ်နဲ့ ခိုကိုးရာ တစ်ခုတော့မဖြစ်မနေရှိသင့်တယ်လို့ထင်ပါတယ်လေ။ မတူညီတဲ့နောက်ခံဇာတ်ကြောင်းအဖုံဖုံနဲ့ အလွှာစုံကအမျိုးသမီး တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ မီးဖွားချိန်နဲ့ မီးဖွားပြီးစရင်ခွင်ပိုက်သားသည်မိခင်တွေ၊ ရင်ခွင်ပိုက်ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ရတာ လက်တွေ့မှာတော့စိန်ခေါ်မှု တွေအများကြီးပါ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပြုစုပေးရရုံမက စိတ်ပိုင်းဆိုင်ရာနွေးထွေးလုံခြုံမှုတွေအတွက် နှစ်သိမ့် ဆွေးနွေးပေးနိုင်ဖို့ သိမ်မွေ့တဲ့နည်းလမ်းများစွာနဲ့ ကိုင်တွယ်အသုံးပြု ရပါတယ်။ အကြောက်လွန်တတ်သူ၊ ဒေါသကြီးတတ်သူ၊ သီးခြားနေတတ်သူ၊ ရန်လိုတတ်သူ၊ ဗိုလ်ကျတတ်သူ၊ ဘဝကိုအလိုမကျသူ၊ လောကကြီးကိုအရွဲ့တိုက်လိုသူ၊ အရှုံးပေးလိုသူ အစရှိသဖြင့် အမျိုးသမီးပေါင်းစုံရဲ့ဝေဒနာပေါင်းစုံကို အမေနဲ့အတူ ကျွမ်းကျင်တဲ့သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများက စိတ်ရှည်စွာ နေ့စဉ်ဂရုစိုက်ပြုစုပေးကြလို့ “ကွန်းခိုရိပ်” ဆိုတဲ့ နာမည်နဲ့လိုက်အောင် တကယ်လိုအပ်နေတဲ့အမျိုးသမီးတွေ အတွက် ကွန်းခိုရာနေရာ တစ်ခု ဖြစ်ခဲ့တာပါပဲရှင်။ အခန်း(၂) ဥပဒေဘွဲ့ကိုကျွန်မယူခဲ့တဲ့နေ့တစ်နေ့မှာတော့ အမေဟာအဖေနဲ့လက်ထပ်မဲ့ဆဲဆဲ ကားအက်ဆီးဒင့်နဲ့ အဖေဆုံးပါးသွား ခဲ့ချိန်ကျွန်မရဲ့ကိုယ်ဝန်ကိုလွယ်ထားခဲ့ရတဲ့အကြောင်း၊ ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့မှုဒဏ်တွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ရင်း တစ်ကိုယ်ရည်မိခင် ဘဝကို ကြံ့ကြံ့ခံဖြတ်သန်းခဲ့ကြောင်း အစချီပြောပြပါတယ်။ “မိဘနှစ်ပါးရဲ့အရိပ်မရှိတော့တဲ့နောက်ပိုင်းဒီနေရာဟောင်းမှာ အမေတစ်ခု သမီးတစ်ခုဘဝနဲ့ ဆက်ပြီးရင်ဆိုင်ဖြတ်သန်းရမယ့် အမေတို့သားအမိရှေ့ရေးကို လေးလေးနက်နက်စဉ်းစား မိလာတယ်။ အကြောင်းကြောင်းကြောင့် အဖေနာမည်မဖော်နိုင်ပဲကလေးမွေးခဲ့ရပြီး တစ်ကိုယ်ရည်မိခင်ဘဝကို ရင်ဆိုင် ဖြတ်သန်းကြရတဲ့အမေတို့လို အမျိုးသမီးတွေကို လက်မခံနိုင်သေးတဲ့လူမှုပတ်ဝန်းကျင်မှာ အရွယ်ရောက်ဖြတ်သန်းရမယ့် သမီးလေးကိုပါ ဂယက်ရိုက်လာမှာစိုးတာရယ်၊ ရှေးရိုးဆန်နေဆဲဖြစ်တဲ့ အယူအဆတွေကို မှားယွင်းစွာ အသိအမှတ်ပြု ထားကြတဲ့ အရိပ်မည်းကြီးတွေက သမီးကို ဆက်ပြီးလွှမ်းမိုးနေမှာစိုးတာရယ်ကြောင့် နေရာသစ်မှာဘဝသစ်စဖို့ ဆုံးဖြတ်ပြီးအမေ့လိုအဖြစ်မျိုး ကြုံတွေ့နေကြရတဲ့ အမျိုးသမီးတွေရဲ့ဘဝတွေကို တတ်နိုင်သရွေ့ကူညီစောင့်ရှောက်သွား မယ်ဆိုပြီး “ကွန်းခိုရိပ်ဂေဟာ” ကို တည်ထောင်ခဲ့တယ်။ ခုဆိုသမီးလည်းဘွဲ့ရခဲ့ပြီး ရင့်ကျက်လာပြီမို့ ရှေ့လျှောက်ကွန်းခိုရိပ်ကို သမီးဦးဆောင်ပြီး ရာသက်ပန်စောင့်ရှောက်သွားပါ။ ဒါ အမေ့ရဲ့ ဘဝနဲ့ရင်းပြီး ဖြစ်တည်လာတဲ့ အပြင်းပြဆုံးဆန္ဒပဲ။ “စိတ်ချပါ အမေ၊ သမီးကတိပေးပါတယ်။ အမေဟာ အရှက်နဲ့သိက္ခာကို ခွဲခြားနားလည်ပြီးအမှန်တရားကို ရိုးသားစွာနဲ့ သတ္တိရှိရှိရင်ဆိုင်နိုင်ခဲ့တယ်။ တစ်ကိုယ်ရည်မိခင်ဘဝကိုခံယူရင်း သမီးကိုရဲရဲဝံ့ဝံ့မွေးခဲ့လို့သာ သမီးလူဖြစ်လာခဲ့ရတာပါ။ အမေသာ မှားယွင်းတဲ့နည်းလမ်းကိုသုံးပြီး ကိုယ်ဝန်ကိုဖျက်ချခဲ့မယ်ဆိုရင် သမီးလည်းခုလိုအသက်ရှင်ခွင့်ရမှာ မဟုတ်ခဲ့သလို အခန့်မသင့်ရင် အမေလည်း အသက်အန္တရာယ်ကြုံသွားနိုင်တယ်လေ။ သမီးကို လူလောကထဲမှာ လူတစ်ယောက်အဖြစ် ဖြစ်တည်ခွင့်လေးပေးလို့ အမေ့ကိုထာဝရကျေးဇူးတင်နေမှာပါ။ “ကွန်းခိုရိပ်ဂေဟာ’’ အတွက် စိတ်ချလိုက်ပါအမေ။ ဒါတင်မက ဥပဒေအကြံပေး ရုံးခန်းတစ်ခုဖွင့်ထားပြီး လူမှုပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသားအမျိုးသမီး တွေကြားထဲမှာလည်း ကျားမခွဲခြားဆက်ဆံနေမှု‌တွေ၊ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရတာတွေကို လျော့နည်း ပပျောက် သွားအောင် သမီးတတ်မြောက်ထားတဲ့ ဉပဒေပညာနဲ့ ကာကွယ်ပေးသွားမယ်။ အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ပြစ်မှုပြစ်ဒဏ်တွေအကြောင်းကိုလည်း အသိပညာပေးသွားမယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တွေအတွက်လည်း တိုင်ကြားမှုယန္တရား အဆင့်ဆင့်နဲ့ အရေးယူနိုင်အောင်ကူညီပေးသွားမယ်။ အမျိုးသမီး‌တွေကိုကာကွယ်ပေးမယ့် ဥပဒေတွေများများပေါ်ထွက်လာဖို့ ရေးဆွဲ နိုင်အောင် ကိုယ်စားလှယ်တွေကတဆင့် လွှတ်တော်ထဲရောက်အောင် တိုက်တွန်းလှုံ့ဆော်သွားမယ်။ အန္တရာယ်များလွန်းလှတဲ့ ဓလေ့ထုံးစံတွေကို ဖြေလျော့သွားနိုင်ဖို့ရယ်၊ စောင့်ထိန်းရမဲ့ လူမှုကျင့်ဝတ်တွေ၊ လိုက်နာသင့်တဲ့စည်းကမ်းတွေ၊ သတိပြုသင့်တဲ့ လူမှုနယ်ပယ် အသီးသီးက ဆက်ဆံရေးတွေ၊ ကျန်းမာရေး ဗဟုသုတတွေ၊ ဆောင်ရန်ရှောင်ရန်တွေ၊ အန္တရာယ်မဖြစ်အောင်ကြိုတင် ကာကွယ် ရမဲ့နည်းလမ်းတွေကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ပူးပေါင်းပြီး အသိပညာဖြန့်ဝေပေးတာ တွေ လုပ်ဆောင် သွားပါဦးမယ်။ ဒါမှလည်းအမျိုးသမီးတွေကို နှိမ့်ချပြီးခွဲခြားဆက်ဆံတာ၊ နေရာမပေးချင်တာတွေနည်းပါးသွားပြီး အမျိုးသမီး အခန်းကဏ္ဍကိုတဖြည်းဖြည်းမြှင့်တင်ပေးသွားနိုင်မှာပေါ့။ သမီးကြိုးစားပါ့မယ်။” အခန်း(၃) ကျွန်မရဲ့လုပ်ငန်းခွင်မှာ အတွေ့အကြုံတွေကတော့အများကြီးပါ။ ဆေးကြောင်ကြောင်နေတဲ့အစ်ကိုက ညီမဖြစ်တဲ့ SingleMotherကို အကြမ်းဖက်နှိပ်စက်နေတာကြောင့်သူ့ဘေးကအိမ်နီးချင်းတွေလာအကူအညီတောင်းလို့သွားရောက် ခေါ်ယူ ချိန်မှာအစ်ကိုဖြစ်သူထောင်ထွက်ဆေးသမားကဖိနပ်တွေနဲ့ပစ်ပေါက်ပြီးဓားနဲ့လိုက်ရွယ်လို့ အမေနဲ့ကလေးငယ်ကို အမြန် ခေါ်ထုတ်ပြီး ထမီထုပ်ဆွဲပြေးခဲ့ရဘူးတာမျိုးလည်းကြုံခဲ့ရပါတယ်။ နောက်ပိုင်းမှ အဲဒီအစ်ကိုလုပ်ရပ်ကို ဥပဒေနဲ့အညီ ဖြေရှင်းလိုက်တယ်။ တစ်ခါကလည်းကွန်းခိုရိပ်ဂေဟာကိုရောက်လာတဲ့အမျိုးသမီးတစ်ဦးကိုအကြောင်းပြပြီး နောက်ကွယ်ကနေ ဂေဟာ ကို ခုတုံးလုပ်အလှူငွေကောက်ခံနေတဲ့ ပရဟိတအဖွဲ့အမည်ခံအဖွဲ့တစ်ဖွဲ့ကိုလည်း ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်။ တောင်ပေါ်ရွာက(၁၄)နှစ်အရွယ် စိတ်မနှံ့တဲ့မိန်းကလေးတစ်ယောက်မျက်စေ့လည်ပြီးမြို့အဝင်ညောင်ပင် နတ်ကွန်းမှာ ညမိုးချုပ် ကြီးလာအိပ်ပျော်နေလို့ အမြင်မတော်သူတွေကသတင်းပေးတာနဲ့ ညည့်နက်သန်းခေါင်သွားခေါ်လာပြီး ဂေဟာမှာ သိပ်၊ နောက်နေ့ မှနေရပ်စုံစမ်းပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးလက်ထဲ ဘေးမသီရန်မခပြန်အပ်နိင်ခဲ့တယ်။ ဆွံ့အ နေတဲ့မိန်းကလေးတစ်ယောက် လမ်းမှာ ကိုယ်ဝန်ပျက်ကျသွေးသွန်နေကြောင်း သတင်းပေးလာလို့ အပြေးအလွှားဆေးခန်းပို့ ဆေးကုပေးပြီး ဂေဟာမှာခေါ်ထားပြီးစောင့်ရှောက် နေရပ်စုံစမ်းပြန်ပို့ပေးရတာလည်းရှိခဲ့တယ်။ ဘယ်လို အခက်အခဲ အနှောင့် အယှက်တွေကြုံကြုံ ကျွန်မဟာကျွန်မရဲ့လုပ်ငန်းခွင်မှာ ပျော်မွေ့နေပါပြီ။ ကျွန်မနဲ့ကျွန်မရဲ့လုပ်ငန်းခွင် တို့ဟာ တစ်သားတည်း ဖြစ်နေပါပြီ။ အမျိုးသမီးအရေးကိစ္စတွေနဲ့ပတ်သက်ပြီး အလေးအနက်ထားဦးစားပေး ရပ်တည်ဆောင်ရွက်လိုတဲ့ဆန္ဒတွေဟာ ကျွန်မအတွက်တော့ ဘဝနဲ့ရင်းပြီးမှ နှလုံးသားမှာသန္ဓေတည်မွေးဖွားလာခဲ့တဲ့ ပြင်းပြတဲ့စိတ်ခွန်အားတွေပါပဲ။ အဆောင်တွင်း က ရင်ခွင်ပိုက်ကလေးငယ်တွေရဲ့ ငိုသံလေးတွေဟာ ဆည်းလည်းသံလေးတွေအလား…မိခင်တွေရဲ့ ချော့မြူသံတွေကလည်း သံစဉ်တေးသွားလေးတွေအလား…ကွန်းခိုရိပ်ဂေဟာလေးမှာ မိခင်အသီးသီးရဲ့မေတ္တာရောင်စဉ်တွေ၊ ချစ်ခြင်းနဲ့ဖွဲ့သီထားတဲ့ သံယောဇဉ်ကြိုးတွေ၊ နူးညံ့သိမ်မွေ့တဲ့ ပီတိအဟုန်တွေ၊ ဖမ်းဆုပ်မရနိုင်တဲ့ စိတ်စွမ်းအား‌တွေ နဲ့ထုံမွမ်း လို့နေပါတယ်။ သည်ဂေဟာလေးထဲမှာ ဘဝရဲ့ကောင်းခြင်း၊ ဆိုးခြင်းတို့ကို ရင်ဆိုင်ဖြတ်သန်းရဲတဲ့ အမျိုးသမီးတွေရှိတယ်။ သူတို့ရဲ့ တာဝန်သိစိတ်ကိုနှိုးဆော်ပေးတဲ့မေတ္တာတရားတွေရှိတယ်။ အဲဒီလို အမျိုးသမီးပေါင်းများစွာ လောကကြီးထဲမှာလည်း ရှိနေဦးမှာပဲလေ။ ဒါတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဥပဒေဆိုတဲ့အရိပ်အောက်မှာ သူတို့တွေကို ကာကွယ်ပေးဖို့ ကျွန်မကြိုးစားသွားမှာပါ။ အမေ့ကိုပေးထားတဲ့ကတိအတိုင်း ကျွန်မရဲ့လုပ်ငန်းခွင်မှာ ကျွန်မစွမ်းနိုင်သရွေ့ အစွမ်းကုန်ဆောင်ရွက်သွားမှာပါ။ ” သန်းသန်းညွန့်(လွိုင်လင်)

Read More

“Special Selections” – Hsu Myat San

Feminist Literature Competition Round3

 “Me and My Workplace”

“Special Selections” – Hsu Myat San 💜

. ကျမနဲ့ ကျမလုပ်ငန်းခွင် လုပ်ငန်းခွင်လို့ပြောလိုက်ရင် နေရာဆိုတာလေးနဲ့ တွဲပြီးမြင်မိတာတော့ အမှန်ပါ။ အိမ်မှာကိုယ်ပိုင်နေရာလေးရှိသလိုပဲ လုပ်ငန်းခွင်ဆိုတာ အခြားသူကကိုယ့်အတွက်သတ်မှတ်ပေးထားတဲ့ နေရာလေးပါ။ လူပေါင်းစုံ၊ စိတ်ပေါင်းစုံ၊ ဖိအားပေါင်းစုံနဲ့ ရှင်သန်ရတဲ့ နေရာလေးပေါ့။ ကျွန်မလို အမျိုးသမီးရှေ့နေတစ်ယောက်ရဲ့ လုပ်ငန်းခွင်လေးက အများနည်းတူ စိတ်ပင်ပန်းမှုအပြည့်နဲ့ပါပဲ။ ရှေ့နေဘဝလို့ စပြောရရင် ကျွန်မအသက် ၂၄ နှစ်လောက်ကို ပြန်သွားရလိမ့်မယ်။ အလုပ်သင်ရှေ့နေ ပေါက်စလုပ်ငန်းခွင်ဆိုတာကို နှဖူးတွေ့ဒူးတွေ့ စကြုံဖူးချိန်လေးပေါ့။ မှတ်မှတ်ရရပဲ သူငယ်ချင်းမလေးရဲ့ လက်မောင်းလေးကို ချိတ်ပြီး အားကိုးတစ်ကြီးနဲ့ သူ့ချိတ်ဆက်မှုကတစ်ဆင့် အလုပ်သင်ဆင်းရမယ့် ဆရာ့ဆီကို ယောင်လည်လည်ရောက်သွားခဲ့တယ်လေ။ ကျွန်မဘဝရဲ့ စိတ်အပင်ပန်းဆုံးအချိန်က အဲဒီကစတာလို့ပဲပြောရမလား။ မိသားစုအားလုံးက Medical Field ထဲကမို့ ရှေ့နေ့လုပ်ငန်းနဲ့ပတ်သတ်ရင် ဘာကျောထောက်နောက်ခံမှ မရှိတဲ့ ကျွန်မရဲ့ လုပ်ငန်းခွင်လေးက မျက်ရည်အတိနဲ့ပါ။ မိုးလင်းရင် ဆရာ့အထုပ်လေးဆွဲ နေပူကျဲကျဲထဲ တရားရုံးအစုံကို တစ်ရုံးဝင်တစ်ရုံးထွက်ရင်း တရားသူကြီးဆီက လက်မှတ်နဲ့တံဆိပ်တုံးတွေ လိုက်ယူရတာလည်း ငရဲပါပဲ။ ရှေ့နေပညာဆိုတာ လုပ်ငန်းခွင်ထဲဆရာတွေလုပ်တာကိုင်တာကို ကြည့်ရင်းသင်ယူရတယ်ဆိုတာ နားမလည်ခဲ့တဲ့ကျွန်မအတွက် အိမ်ပြန်ရောက်တိုင်း “ကိုယ့်စားရိတ်နဲ့ကိုယ် လိုက်နေတာတောင် ပိုက်ဆံမရတဲ့အပြင် ဆရာက ဘာမှမသင်ပေးလေခြင်း” လို့တွေးရင်း မျက်ရည်နဲ့ မျက်ခွက်ဖြတ်သန်းခဲ့ရတယ်။ ဆရာ့အတွက် ရုံးရှေ့ကနေ ကွမ်းလေးပြေးဝယ်လိုက်၊ မိတ္တူလေးပြေးကူးပေးလိုက်၊ စာချုပ်လေးပြေးရိုက်ပေးလိုက်နဲ့ အလုပ်သင်(၆)လ လောက်မှာ ကျွန်မရဲ့ လုပ်ငန်းခွင်ကနေ တရားခွင်အတွေ့အကြုံလေးက အတော်အသင့်ရလာတယ်။ သေးသေးမွှားမွှားစာချုပ်လေးတွေ ဆရာမကိုင်ချင်လို့ ကိုယ့်ဆီများလွှဲပေးရင်း သိပ်ကျေနပ်တာ၊ လမ်းစရိတ်သာသာ တစ်ပဲခြောက်ပြားလောက်ရရင်ကို ပျော်မဆုံးတော့ဘူး။ အပျော်ဆိုတာလည်း ကြာကြာမခံပါဘူးလေ။ အထက်တန်းရှေ့နေလိုင်စင်လျှောက်ဖို့ နေပြည်တော်မှာတင်ပြတဲ့အခါ တရားသူကြီးလက်မှတ်နဲ့ တံဆိပ်တုံးက အနည်းဆုံး (၁၂၀)ရှိရမယ်တဲ့။ ဘယ်သူကသတ်မှတ်လိုက်တယ်တော့မသိဘူး ကိုယ့်မှာအားပျက်သွားလိုက်တာဆိုတာ ဆက်တောင် မဆင်းချင်တော့ဘူးရယ်။ အလုပ်သင်ကာလတစ်နှစ်ပြည့်ဖို့ (၄) လလောက်အလိုမှာ တံဆိပ်တုံးပေါင်း (၆၄)ခုပဲရှိသေးတယ်လေ။ (၁၂၀)ပြည့်ဖို့ ကျွန်မဘာလုပ်ရမလဲဆိုတာ တော်တော်တွေဝေသွားတယ်။ အကြံကုန်တော့ ဂဠုန်ဆားချက်တယ်ပဲပြောရမလား၊ ဆရာဆီက ပညာသင်တဲ့အပိုင်းကို ခဏရပ်ပြီး တံဆိပ်တုံးရရှိရေး လုပ်ငန်းစဥ်ကြီးကို စရတော့တာပဲ။ ဆရာ့ကိုတော့ နေမကောင်းဘူး၊ ဖျားလို့၊ ခရီးသွားနေလို့နဲ့ အကြောင်းမျိုးစုံတွေပြပြီး ပတ်ပြေးရတာပေါ့။ တစ်ကယ်တော့ မြို့နယ်ရုံးတွေတင်မက ခရိုင်ရုံးပါမကျန် တစ်ရုံးဝင်တစ်ရုံးထွက်နဲ့ ကိုယ်နဲ့သိသိမသိသိ ရှေ့နေတွေအမှုစစ်ရင် ဝင်နားထောင်ပြီး တရားသူကြီးလက်မှတ်လိုက်ထိုးရတာ အမောပါပဲလေ။ ဒီကြားထဲ စီနီယာတွေမှာ အမှုရှိတယ်များကြားရင် နောက်ကနေ ပြေးလိုက်တော့တာပဲ။ ဒီလိုနဲ့ပဲ ကျွန်မလုပ်ငန်းခွင်လေးက ပြေးရင်းလွှားရင်းတစ်ခန်းရပ်သွားခဲ့တယ်။ ခက်ခက်ခဲခဲ ရုန်းကန်ပြီးတဲ့နောက်တော့ ၂၀၁၈ခုနှစ်၊ နွေရာသီပူပူလေးထဲမှာ ရှေ့နေလိုင်စင်လေးလက်ထဲရောက်လာတော့ အတိုင်းမသိအောင်ကို အေးချမ်းသွားတယ်။ လိုင်စင်ရပြီးတဲ့ ရှေ့နေမကြီးဆိုတဲ့မာန်နဲ့ ဆရာနဲ့လက်တွဲပြီး အမှုလိုက်ရင်း လုပ်ငန်းခွင်ထဲတစ်ကျော့ ပြန်ဝင်ခဲ့တယ်။ မှတ်မိသလောက်တော့ ပထမဆုံးစကိုင်ခဲ့တဲ့အမှုက တရားမမှု ကွမ်းခြံကုန်းမြို့လေးမှာပေါ့။ အမှုသည်က ငွေကြေးချို့တဲ့တော့ ရုံးချိန်းစရိတ်လောက်နဲ့ပဲ သူငယ်ချင်းနဲ့တွဲပြီးလိုက်ပေးခဲ့တယ်။ ပင်ပန်းမှုပေါင်းသရဖူဆောင်းတယ်ပဲပြောရမလား။ သင်္ဘောတစ်တန်၊ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန်နဲ့ အသွားအပြန်လုပ်ရလွန်းတော့ အဲဒီရုံးချိန်းရှိတဲ့နေ့များဆို တရားရုံးရောက်ရင် ကြွက်စုတ်ကိုဖြစ်လို့။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလည်းလေ အတွေ့အကြုံကောင်းတွေ ရနေတော့တောင့်ခံထားရတာပါပဲလေ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေ့နေဖြစ်လာတော့ တရားခွင်စာရေးကအစ မလေးစားချင်ဘူး။ ကိုယ့်အမှုမှာ တစ်ဖက်ရှေ့နေက သက်ကြီးဝါကြီးရှေ့နေဆရာကြီးတွေများဖြစ်ရင် ကလေးလိုဆက်ဆံတာက ခံရသေးနဲ့ စိတ်ဖိစီးမှုကများလိုက်တာဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ကျွန်မဆရာရကံမကောင်းဘူးပဲပြောရမလား၊ ရှေ့နေဖြစ်ကာစ ပညာဆည်းပူးလို့ကောင်းခါစမှာပဲ ဆရာက ရုတ်တရက်ဆုံးပါးသွားတော့ ကျွန်မလမ်းပျောက်သွားတယ်။ အမျိုးသမီးရှေ့နေဘဝက လွယ်တော့ မလွယ်လှဘူးလေ။ အသားယူချင်တဲ့ဆရာနဲ့တွေ့ရင်လည်းမလွယ်၊ လိုက်စင်ရခါစရှေ့နေမို့ တစ်ယောက်တည်းရပ်တည်ဖို့ကလည်း မလွယ်နေတော့ ဆရာမတွေကိုလိုက်ရှာရတယ်။ အဆင်မပြေပါဘူး။ အများစုက အလုပ်သင်ပဲလိုချင်ကြတာလေ။ ဘယ်နေရာပဲရောက်ရောက် လူတိုင်းအပေါ် အကောင်းဆုံးဆက်ဆံခဲ့လို့နဲ့တူပါတယ် တစ်ခုခုဆို ကူညီပေးမယ့် စီနီယာတွေရှိတာတော့ မတောင်းပဲပြည့်တဲ့ဆုတစ်ခုပါ။ သူတို့ အမှုတွေမှာ တွဲပြီးလိုက်ရင်းနဲ့ တစ်ဖက်ကတည်း အလုပ်ခေါ်စာတွေရှာပြီး CV တွေကို ပို့ရတာအမောပေါ့။ ကံကောင်းချင်တော့ ကျွန်မ လယ်ယာမြေကိစ္စတွေဆောင်ရွက်ရတဲ့ Law Firm တစ်ခုမှာ အလုပ်ရခဲ့တယ်။ လုပ်ငန်းခွင်အသစ်အတွေ့အကြုံအသစ်တွေနဲ့ ပတ်ဝန်းကျင်အသစ်ပါပြောင်းသွားခဲ့တယ်။ အရင်လို နေပူပူထဲ တရားရုံးပေါင်းစုံမသွားရတော့ပဲ AirCon ခန်းထဲ စာရွက်စာတမ်းတွေနဲ့ပဲ ဖြတ်သန်းရပေမယ့် ကြာတော့ အဲဒီလုပ်ငန်းခွင်ကို ကျွန်မ စပြီးငြီးငွေ့လာတယ်။ လိုင်စင်ရှိရဲ့နဲ့ အမှုမလိုက်ရတဲ့ ရှေ့နေဘဝက သိပ်ကိုခံပြင်းစရာကောင်းမှန်း သိလာတယ်။ သိပ်ပြီး အချိန်မလွန်ခင်မှာပဲ ကျွန်မအလုပ်ထွက်လိုက်တယ်။ မိသားစုနဲ့ ပတ်၀န်းကျင်က အလုပ်ထွက်လိုက်တဲ့အပေါ် အမှားကြီးတစ်ခုလို ဝေဖန်တာတွေကို တော်တော်လေး သည်းခံခဲ့ရတယ်။ တစ်လလောက်အရှိန်ယူပြီးတော့ ရှေ့နေအသိုင်းအဝိုင်းထဲပြန်ဝင်ခဲ့တယ်။ လိုအပ်မယ်ထင်တဲ့ ဥပဒေသင်တန်းတွေတက်ခဲ့တယ်။ ဆရာမဲ့နေတဲ့ ကိုယ့်အတွက် ဥပဒေစာအုပ်တွေကိုဖတ်ရင်း လက်တွေ့လုပ်ဆောင်ခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ ကျွန်မရဲ့ လုပ်ငန်းခွင်လေးက အတော်လေးစိုပြေနေခဲ့ပါတယ်။ လောကကြီးက မျက်နှာသာပေးချင်တော့ သူငယ်ချင်းအကူအညီနဲ့ ဆရာတစ်ယောက်နဲ့ တွဲပြီးအမှုလိုက်ခွင့်ရခဲ့တယ်။ ဒါလည်း ကြာကြာမခံပါဘူး အတိတ်ဘဝက ဘယ်လောက်အကုသိုလ်များခဲ့တယ်မသိဘူး ဆရာက သူ့သမီးကျန်းမာရေးမကောင်းတာတစ်ကြောင်း၊ သူအခြားအလုပ်လုပ်လိုတာကတစ်ကြောင်းနဲ့ အမှုဆက်မလိုက်ဖြစ်တော့ကြောင်း ပြောပြီးထားခဲ့တယ်။ ဘယ်အရာမှ မတည်မြဲကြောင်းကို လုပ်ငန်းခွင်ထဲကနေ ကောင်းကောင်းကြီးသင်ခန်းစာရလာတယ်။ ကျွန်မအားမလျော့သလို တစ်ရက်မှမနားခဲ့ပါဘူး။ အမှုတွဲတွေလိုက်ရင်း ဆရာလည်း ထပ်ရှာတယ်။ ကံတက်လာတယ်ပဲပြောရမလား ကျောင်းသားဘဝက အမှုလိုက်လေ့လာရင်းဆုံခဲ့တဲ့ဆရာနဲ့ အချိတ်အဆက်ပြန်ရလာတော့ ဆရာဆီမှာ အလုပ်လုပ်ဖြစ်သွားတယ်။ အတွေ့အကြုံအသစ်တွေ ထပ်ရလာသလို လုပ်ငန်းခွင်မှာ အရင်ကထက် လူကြီးဆန်လာတယ်။ ကြုံရတဲ့ လူတွေကြောင့် ထင်ပါတယ်။ ကျွန်မလူတွေအကြောင်း စကားပြောကြည့်ယုံနဲ့ ကောင်းကောင်းအကဲခတ်တတ်သွားတယ်။ ဆရာနဲ့ အလုပ်လုပ်နေရင်း တစ်ဖက်မှာလည်း ကျွန်မနေရာတစ်ခုရောက်ဖို့ အတွေအကြုံတွေလိုချင်တော့ အလုပ်တွေလိုက်လျှောက်မိတယ်။ စိတ်ချမ်းသာမှုက ရေရှည်မခံပါဘူး။ ရုတ်တရက် ကပ်ရောဂါက တစ်ကမ္ဘာလုံးမှာဖြစ်တော့ အိမ်မှာပဲနေလိုက်ရတယ်။ အမှုမလိုက်ရ၊ အလုပ်ကလည်းရပ်၊ အလုပ် Interview ဖြေထားတာလည်း အကြောင်းမကြားနဲ့ ကြာတော့ ကျွန်မစိတ်ကျရောဂါစရလာတယ်။ ညညတွေဆို ကျွန်မအိပ်မပျော်တော့တဲ့အပြင် သတ်သေချင်စိတ်ပါဖြစ်လာတဲ့အဆုံး ဆရာဝန်နဲ့စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလုပ်ရတဲ့အထိ ဖြစ်သွားတယ်။ ကျွန်မစိတ်တွေပြန်တည်ငြိမ်လာတဲ့အချိန်မှာ NGO တစ်ခုက အလုပ်ခန့်ကြောင်းသတင်းကောင်းလေးတစ်ခုဝင်လာတယ်။ သိပ်စိတ်ဝင်စားတဲ့ ပြစ်မှုတွေလိုက်ရတော့မယ်ဆိုတဲ့ အတွေးတစ်ခုနဲ့တင် ကျွန်မသိပ်ကျေနပ်မိတယ်။ ကျွန်မသွားချင်တဲ့ ပန်းတိုင်လေးရောက်ဖို့လမ်းစလေးပေါ်လာသလိုပါပဲ။ စိတ်ညစ်စရာတစ်ချို့တောင်မေ့သွားခဲ့တယ်။ အမျိုးသမီး ရှေ့နေတစ်ယောက်ရဲ့ ဘဝရှင်သန်မှုဟာ အနိမ့်အမြင့်အတက်အကျတွေအပြည့်နဲ့ပါ။ လမ်းတစ်ဝက်ကထွက်ခွာသွားသူတွေ၊ အခြားအလုပ်ဖက်လှည့်သွားသူတွေ အိမ်ထောင်သည်ဘဝခံယူရင်း အချိန်ကုန်ဆုံးသွားသူတွေလည်း အများအပြားပေါ့။ ကျွန်မကတော့ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဒီလမ်းကိုဆက်လျှောက်နေဦးမှာပါ။ ရွေးချယ်စရာ အလုပ်အကိုင်တွေအများကြီးရှိခဲ့ရင်တောင် ကျွန်မသိပ်မြတ်နိုးတဲ့ ရှေ့နေအလုပ်ကိုပဲ ရွေးချယ်မိဦးမှာပါ။ ဒီတစ်ကြိမ်တော့ ကျွန်မရဲ့လုပ်ငန်းခွင်လေးက တောက်ပခြင်းအတိနဲ့ ရှေ့နေဘဝတစ်လျှောက် မအေးချမ်းခဲ့သမျှ ပူလောင်ပြေးလွှားခဲ့ရသမျှ ခဏအနားရလိုက်သလိုပါပဲ။ ရင့်ကျက်တည်ငြိမ်ခြင်းအပြည့်နဲ့ ဆံထုံးလေးသေသပ်စွာထုံးရင်း နစ်နာသူတွေကို ဥပဒေအထောက်အကူပြုဖို့ ကျွန်မအဆင်သင့်ဖြစ်နေပါပြီ။

Read More

“Special Selections” – Spica Lin 💜

Feminist Literature Competition Round-3

“Special Selections” – Spica Lin 💜

. ကျမနှင့် ကျမလုပ်ငန်းခွင် “အလုပ်သွားရဦးမယ်” ဆိုတဲ့ စကားလုံးက သူများတွေအတွက် ပျော်စရာမဟုတ်ရင်တောင် စိတ်ဆင်းရဲစရာ စိတ်အနှောင့်အယှက်ဖြစ်စရာတော့ ရှိမည်မထင်ပါဘူး။” ဖြူဖြူရဲ့ဘဝမှာတော့ ပညာမတတ်ခဲ့တာကိုပဲ အပြစ်တင်ရမလား။ ဆင်းရဲနေတဲ့ ဘ၀ကိုပဲအပြစ်တင်ရမလား။ သူများတွေလို ကြွကြွရွရွလှလှပပလေး ရုံးတက်ရုံးဆင်းမလုပ်နိုင်အောင် အလုပ်ကြမ်း လုပ်နေရသူ။ အလုပ်တွေပင်ပန်းပေမယ့် မိဘကို ကိုယ့်အင်ကိုယ့်အားနဲ့ တတ်နိုင်သမျှလုပ်ကျွေးခွင်းရတာ ပျော်ရပါသည်။ ဖြူဖြူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထမင်းချိုင့်လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်၍ အားယူလိုကသည်။ အလုပ်နေရာနဲ့နီးလာလေ မျက်နှာကတည်တင်းလာလေမို့ စိတ်ကလည်း မသက်မသာဖြစ်ရသည်။ “ဟော….. ဟိုမှာ ငါ့မယားလေးလာပြီ… ဘယ်လိုဖြစ်လို့ နောက်ကျနေတာလဲဟ…နောက်နေ့ နောက်ကျရင် မစောင့်တော့ဘူးနော်… ခြောက်နာရီအရောက်လာခဲ့ ကြားလား” ဖြူဖြူခေါင်းကို ဆတ်ခနဲ့ ညိတ်ပြပြီးအသင့်ယူလာတဲ့ ပုဆိုးကြမ်းတစ်ထည်ကို ခေါင်းမှာ ချည်လိုက်ကာ ကားပေါ်ကိုတွယ်တက်လိုက်သည်။ အုတ်သယ်ရတဲ့ အလုပ်က မိန်းကလေးတွေအဖို့ ခက်ခဲပင်ပန်းပေမယ့် မိန်းကလေး ဆယ်ယောက်ကျော် ဒီကားပေါ်မှာ ပါလာခဲ့သည်။ နေအပူဒဏ် အုတ်ဆယ်လုံးရဲ့ အလေးဒဏ်တွေက ဒီမိန်းကလေးတွေကို စိတ်ညစ်အောင်မလုပ်နိုင်ပါဘူး။ အရာရာကို ရင်ဆိုင်ကာ ပြုံးပျော်လှုပ်ရှား သွက်လက်တက်ကြွနေကြသည်သာ…. “မိဖြူရယ်… အလုပ်တောင်မစသေးဘူး… မျက်နှာကြီးကလည်းစူပုပ်နေတာပဲ…ဘယ့်နှယ်ဖြစ်နေတာတုန်း…” “အဘိုးကြီးက မယားလေးလို့ခေါ်တာ ငါမကြိုက်ဘူး…အရမ်းမုန်းတာပဲ” “ဟား..ဟား….သူက စတာပါဟယ်… တို့ကိုလည်းခေါ်တာပဲ…နင်ကစူပုပ်နေတော့ ပိုရန်စချင်တာပေါ့။ ဘာမှမသိသလို ဘာမှမဖြစ်သလိုနေလိုက်ရင် ပြီးတာပဲကိုး…” “ဟဲ့…မသိသလိုနေလို့ရမလား…သူ့သမီးအရွယ်လေးတွေကို ပါးစပ်အရသာခံပြီး စော်ကားနေတာလေဟဲ့…မသိသလိုနေလို့ရမလား…သူ့သမီးအရွယ်လေးတွေကို ပါးစပ်အရသာခံပြီး စော်ကားနေတာလေဟဲ့… ဟိုနေ့က အောင်ဇော်က မေးသေးတယ်… တကယ်လားတဲ့။ သူက စပ်ဖြဲဖြဲလုပ်နေတော့ ငါကပဲသူ့တိတ်တိတ်ပုန်းမယား လုပ်နေသလိုလိုနဲ့…ငါလေ…သတ်ပစ်ချင်လိုက်တာ။” “သူက ရန်စတာပါဟာ…နောက်တော့ ရိုးပြီးမစတော့ပါဘူး… မကြားချင်ယောင်သာဆောင်နေလိုက်ပါ…သူက ခေါင်းဆောင်လေ…သူအလုပ်မခေါ်ရင် ငါတို့ငတ်လိမ့်မယ်။ ခုချိန်အလုပ်တွေရှားနေတာ…နင်လည်းသိသားပဲ။ နင်တစ်ယောက်တည်းကို ခေါ်တာမဟုတ်ပါဘူး။ ငါတို့ဆို ‘ဖေ’ တွေဘာတွေနဲ့ ကိုင်တုတ်နေတာပဲဟာ…စိတ်ထဲမထားပါနဲ့။” “အလုပ်မလုပ်လို့…အလုပ်လုပ်တာမှားလို့ ဆဲတာက ငါခံနိုင်ပါတယ်။ မနက်အလုပ်ကို ရောက်တာနဲ့ “မယားလေးလာပြီ” တို့၊ “မိန်းမနောက်ကျနေတယ်”တို့ ပြောတာ သိပ်ရွံတာပဲ။” “အေး…ဟုတ်တယ်။ ငါလည်း အလုပ်နားရမှာစိုးလို့ငြိမ်နေရတာ…ဟိုရက်တုန်းကလည်း အုတ်တွေ ငုံ့စီနေတာကို နောက်ကနေ ဓာတ်ပုံရိုက်သေးတယ်…ရှက်လို့မသိချင်ယောင်ပဲဆောင်နေလိုက်ရတယ်။ ပြောပြန်ရင်လည်း ဒင်းကတဏှာရူးဆိုတော့ ဖြုံမှာတောင်မဟုတ်ဘူး။ နှာဘူးအကြီးစားကြီးပဲ… စိတ်ဆင်းရဲတယ် တကယ်ပဲ……” “ဘယ်တတ်နိုင်မလဲဟာ…အလုပ်မလာနဲ့ ပြောလိုက်ရင် ငါတို့ဘာလုပ်စားရမှန်းတောင်မသိဘူး” “ဒင်းကြီး တစ်ခုခုဖြစ်ပြီး သေသွားပါစေပဲ ဆုတောင်းရတော့မယ်။ နှမသားချင်းလည်း မစားဒင်းကြီး တစ်ခုခုဖြစ်ပြီး သေသွားပါစေပဲ ဆုတောင်းရတော့မယ်။ နှမသားချင်းလည်း မစာနာဘူး….နှာဘူး” “ဟုတ်တယ်….အဲ့မသာကြီး…ဟိုနေ့က ငါ့ကိုရန်စသလိုလိုနဲ့ ချုပ်ဖက်ထားတာ ရှက်လိုက်တာ မပြောပါနဲ့” “ယောကျ်ားလေးတွေကလည်း တစ်ခွန်း၀င်မပြောပေးတာ တကယ် အံ့သြတယ်။” “သူတို့လည်း ဘာထူးလဲ…မိန်းကလေးတွေ ဘဝကမလွယ်ပါဘူးဟာ…ပညာတတ်အသိုင်းအဝိုင်းတွေသူတို့လည်း ဘာထူးလဲ…မိန်းကလေးတွေ ဘဝကမလွယ်ပါဘူးဟာ…ပညာတတ်အသိုင်းအဝိုင်းတွေတို တော်သေးတာပေါ့… မိန်းကလေးတွေအတွက် ဥပဒေတွေရှိတယ်သာ ပြောနေကြတာ….ငါတို့လို ဆင်းရဲတဲ့ မိန်းကလေးတွေ ဘဝမှာတော့ နေရာတကာ အကာအကွယ်မဲ့ စော်ကားခံနေရတာပါပဲ” “မိန်းကလေးတွေ အကုန်လုံး သက်ပြင်းကိုယ်စီနဲ့ မျက်နှာမကောင်းကြပေမယ့်လို့ ခံပြင်းစိတ် မကျေနပ်ချက်တွေဖြင့် အလုပ်တွေတော့ ဆက်လုပ်ရဦးမည်။” “မိန်းမ…မနိုင်ဘူးလား…ကိုကြီး ပင့် ပေးမယ်လေ…လာ….” ‘ဘုတ်….” “အား…အောင်မလေး….” “ဟယ်..ကန်တော့ ကန်တော့…. သမီးက ခါးကိုင်ရင်ယောင်တတ်လို့ပါ ကိုကြီးရဲ့…ဟယ်….ဒုက္ခပါပဲ…သွေးတွေထွက်နေပြီ…လုပ်ကြပါဦး….” “သေပါပြီ….သေပါပြီ….” “ဆရာ….ထိုင်လိုက် ထိုင်လိုက်…နင်ဘယ်လိုလုပ်တာလဲဟာ….” “ကိုကြီးက ခါးလာဖက်တော့ ယားလို့ယောင်ပြီး ပစ်ချလိုက်တာပါ….သမီး ဘာလုပ်ပေးရမလဲဟင်…အမလေး နေပါဦး….ရေသွားဝယ်ပေးရမလား…လုပ်ဦး” “ဟ…နင် ကဆုန်ပေါက်နေတာ ဒီမှာတက်နင်းမိတော့မယ်…သွား သွား…. ဆက်လုပ်…” အုတ်တွေကိုစီပြီး ခေါင်းပေါ်တင်ပေးရင်း ဖြူဖြူတို့ မိန်းကလေးတွေ ပြုံးစေ့စေ့ဖြင့် စိတ်ထဲအတော်လေး ကျေနပ်သွားကြသည်။ နှုတ်နဲ့စော်ကားခံနေရတဲ့ ဘဝကနေ ရုန်းမထွက်နိုင် မလွတ်မကျွတ်နိုင်ပေမယ့်လို့ စက္ကန့်ပိုင်းလောက် စိတ်ကျေနပ်ပျော်ရွှင်ခွင့်ကို ဖန်တီးပေးခဲ့တဲ့ ဖြူဖြူကို မျက်လုံးချင်းဆုံတိုင်း ပြုံးပြကြသည်။ ပါးစပ်နဲ့စော်ကား အသားယူတတ်သည့် တဏှာရူး နှာဘူးကောင်ကြီး ခြေထောက်ပေါ်အုတ်ခဲပိပြီး ပါးစပ်ပိတ်နေတဲ့ အခိုက်အတန့်မှာ ဖြူဖြူတို့အဖွဲ့ အလုပ်လုပ်ရင်း တက်ကြွပျော်ရွှင်နေကြသည်။ အင်အားနည်းသူတစ်ယောက်ရဲ့ကာကွယ်မှုက ဘာမှ ထူးထူးခြားခြားမပြောင်းလဲနိုင်သော်လည်း တစ်နေ့နေ့မှာတော့…. လူ့ အသိတရားနဲ့ ပြောင်းလဲလာပါစေ ကိုယ်ကျင့်တရားနဲ့ ပြောင်းလဲလာပါစေ ဥပဒေ အကာအကွယ်နဲ့ ပြောင်းလဲလာပါစေ ကိုယ်ချင်းစာစိတ်ဖြင့် ပြောင်းလဲလာပါစေလို့ ဆုတောင်းမိပါသည်။ ပြောင်းလဲလာတဲ့တစ်နေ့မှာတော့ ပင်ပန်းကြမ်းတမ်းတဲ့လုပ်ငန်းခွင်မှာတောင် မိန်းကလေးတွေ စိတ်ချမ်းသာစွာဖြင့် ပြုံးပျော်နေပါလိမ့်မည်။

Read More