Feminist Literature Competition Round3

 “Me and My Workplace”

“Special Selections” – Hsu Myat San 💜

. ကျမနဲ့ ကျမလုပ်ငန်းခွင် လုပ်ငန်းခွင်လို့ပြောလိုက်ရင် နေရာဆိုတာလေးနဲ့ တွဲပြီးမြင်မိတာတော့ အမှန်ပါ။ အိမ်မှာကိုယ်ပိုင်နေရာလေးရှိသလိုပဲ လုပ်ငန်းခွင်ဆိုတာ အခြားသူကကိုယ့်အတွက်သတ်မှတ်ပေးထားတဲ့ နေရာလေးပါ။ လူပေါင်းစုံ၊ စိတ်ပေါင်းစုံ၊ ဖိအားပေါင်းစုံနဲ့ ရှင်သန်ရတဲ့ နေရာလေးပေါ့။ ကျွန်မလို အမျိုးသမီးရှေ့နေတစ်ယောက်ရဲ့ လုပ်ငန်းခွင်လေးက အများနည်းတူ စိတ်ပင်ပန်းမှုအပြည့်နဲ့ပါပဲ။ ရှေ့နေဘဝလို့ စပြောရရင် ကျွန်မအသက် ၂၄ နှစ်လောက်ကို ပြန်သွားရလိမ့်မယ်။ အလုပ်သင်ရှေ့နေ ပေါက်စလုပ်ငန်းခွင်ဆိုတာကို နှဖူးတွေ့ဒူးတွေ့ စကြုံဖူးချိန်လေးပေါ့။ မှတ်မှတ်ရရပဲ သူငယ်ချင်းမလေးရဲ့ လက်မောင်းလေးကို ချိတ်ပြီး အားကိုးတစ်ကြီးနဲ့ သူ့ချိတ်ဆက်မှုကတစ်ဆင့် အလုပ်သင်ဆင်းရမယ့် ဆရာ့ဆီကို ယောင်လည်လည်ရောက်သွားခဲ့တယ်လေ။ ကျွန်မဘဝရဲ့ စိတ်အပင်ပန်းဆုံးအချိန်က အဲဒီကစတာလို့ပဲပြောရမလား။ မိသားစုအားလုံးက Medical Field ထဲကမို့ ရှေ့နေ့လုပ်ငန်းနဲ့ပတ်သတ်ရင် ဘာကျောထောက်နောက်ခံမှ မရှိတဲ့ ကျွန်မရဲ့ လုပ်ငန်းခွင်လေးက မျက်ရည်အတိနဲ့ပါ။ မိုးလင်းရင် ဆရာ့အထုပ်လေးဆွဲ နေပူကျဲကျဲထဲ တရားရုံးအစုံကို တစ်ရုံးဝင်တစ်ရုံးထွက်ရင်း တရားသူကြီးဆီက လက်မှတ်နဲ့တံဆိပ်တုံးတွေ လိုက်ယူရတာလည်း ငရဲပါပဲ။ ရှေ့နေပညာဆိုတာ လုပ်ငန်းခွင်ထဲဆရာတွေလုပ်တာကိုင်တာကို ကြည့်ရင်းသင်ယူရတယ်ဆိုတာ နားမလည်ခဲ့တဲ့ကျွန်မအတွက် အိမ်ပြန်ရောက်တိုင်း “ကိုယ့်စားရိတ်နဲ့ကိုယ် လိုက်နေတာတောင် ပိုက်ဆံမရတဲ့အပြင် ဆရာက ဘာမှမသင်ပေးလေခြင်း” လို့တွေးရင်း မျက်ရည်နဲ့ မျက်ခွက်ဖြတ်သန်းခဲ့ရတယ်။ ဆရာ့အတွက် ရုံးရှေ့ကနေ ကွမ်းလေးပြေးဝယ်လိုက်၊ မိတ္တူလေးပြေးကူးပေးလိုက်၊ စာချုပ်လေးပြေးရိုက်ပေးလိုက်နဲ့ အလုပ်သင်(၆)လ လောက်မှာ ကျွန်မရဲ့ လုပ်ငန်းခွင်ကနေ တရားခွင်အတွေ့အကြုံလေးက အတော်အသင့်ရလာတယ်။ သေးသေးမွှားမွှားစာချုပ်လေးတွေ ဆရာမကိုင်ချင်လို့ ကိုယ့်ဆီများလွှဲပေးရင်း သိပ်ကျေနပ်တာ၊ လမ်းစရိတ်သာသာ တစ်ပဲခြောက်ပြားလောက်ရရင်ကို ပျော်မဆုံးတော့ဘူး။ အပျော်ဆိုတာလည်း ကြာကြာမခံပါဘူးလေ။ အထက်တန်းရှေ့နေလိုင်စင်လျှောက်ဖို့ နေပြည်တော်မှာတင်ပြတဲ့အခါ တရားသူကြီးလက်မှတ်နဲ့ တံဆိပ်တုံးက အနည်းဆုံး (၁၂၀)ရှိရမယ်တဲ့။ ဘယ်သူကသတ်မှတ်လိုက်တယ်တော့မသိဘူး ကိုယ့်မှာအားပျက်သွားလိုက်တာဆိုတာ ဆက်တောင် မဆင်းချင်တော့ဘူးရယ်။ အလုပ်သင်ကာလတစ်နှစ်ပြည့်ဖို့ (၄) လလောက်အလိုမှာ တံဆိပ်တုံးပေါင်း (၆၄)ခုပဲရှိသေးတယ်လေ။ (၁၂၀)ပြည့်ဖို့ ကျွန်မဘာလုပ်ရမလဲဆိုတာ တော်တော်တွေဝေသွားတယ်။ အကြံကုန်တော့ ဂဠုန်ဆားချက်တယ်ပဲပြောရမလား၊ ဆရာဆီက ပညာသင်တဲ့အပိုင်းကို ခဏရပ်ပြီး တံဆိပ်တုံးရရှိရေး လုပ်ငန်းစဥ်ကြီးကို စရတော့တာပဲ။ ဆရာ့ကိုတော့ နေမကောင်းဘူး၊ ဖျားလို့၊ ခရီးသွားနေလို့နဲ့ အကြောင်းမျိုးစုံတွေပြပြီး ပတ်ပြေးရတာပေါ့။ တစ်ကယ်တော့ မြို့နယ်ရုံးတွေတင်မက ခရိုင်ရုံးပါမကျန် တစ်ရုံးဝင်တစ်ရုံးထွက်နဲ့ ကိုယ်နဲ့သိသိမသိသိ ရှေ့နေတွေအမှုစစ်ရင် ဝင်နားထောင်ပြီး တရားသူကြီးလက်မှတ်လိုက်ထိုးရတာ အမောပါပဲလေ။ ဒီကြားထဲ စီနီယာတွေမှာ အမှုရှိတယ်များကြားရင် နောက်ကနေ ပြေးလိုက်တော့တာပဲ။ ဒီလိုနဲ့ပဲ ကျွန်မလုပ်ငန်းခွင်လေးက ပြေးရင်းလွှားရင်းတစ်ခန်းရပ်သွားခဲ့တယ်။ ခက်ခက်ခဲခဲ ရုန်းကန်ပြီးတဲ့နောက်တော့ ၂၀၁၈ခုနှစ်၊ နွေရာသီပူပူလေးထဲမှာ ရှေ့နေလိုင်စင်လေးလက်ထဲရောက်လာတော့ အတိုင်းမသိအောင်ကို အေးချမ်းသွားတယ်။ လိုင်စင်ရပြီးတဲ့ ရှေ့နေမကြီးဆိုတဲ့မာန်နဲ့ ဆရာနဲ့လက်တွဲပြီး အမှုလိုက်ရင်း လုပ်ငန်းခွင်ထဲတစ်ကျော့ ပြန်ဝင်ခဲ့တယ်။ မှတ်မိသလောက်တော့ ပထမဆုံးစကိုင်ခဲ့တဲ့အမှုက တရားမမှု ကွမ်းခြံကုန်းမြို့လေးမှာပေါ့။ အမှုသည်က ငွေကြေးချို့တဲ့တော့ ရုံးချိန်းစရိတ်လောက်နဲ့ပဲ သူငယ်ချင်းနဲ့တွဲပြီးလိုက်ပေးခဲ့တယ်။ ပင်ပန်းမှုပေါင်းသရဖူဆောင်းတယ်ပဲပြောရမလား။ သင်္ဘောတစ်တန်၊ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန်နဲ့ အသွားအပြန်လုပ်ရလွန်းတော့ အဲဒီရုံးချိန်းရှိတဲ့နေ့များဆို တရားရုံးရောက်ရင် ကြွက်စုတ်ကိုဖြစ်လို့။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလည်းလေ အတွေ့အကြုံကောင်းတွေ ရနေတော့တောင့်ခံထားရတာပါပဲလေ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရှေ့နေဖြစ်လာတော့ တရားခွင်စာရေးကအစ မလေးစားချင်ဘူး။ ကိုယ့်အမှုမှာ တစ်ဖက်ရှေ့နေက သက်ကြီးဝါကြီးရှေ့နေဆရာကြီးတွေများဖြစ်ရင် ကလေးလိုဆက်ဆံတာက ခံရသေးနဲ့ စိတ်ဖိစီးမှုကများလိုက်တာဆိုတာ ပြောမပြတတ်အောင်ပါပဲ။ ကျွန်မဆရာရကံမကောင်းဘူးပဲပြောရမလား၊ ရှေ့နေဖြစ်ကာစ ပညာဆည်းပူးလို့ကောင်းခါစမှာပဲ ဆရာက ရုတ်တရက်ဆုံးပါးသွားတော့ ကျွန်မလမ်းပျောက်သွားတယ်။ အမျိုးသမီးရှေ့နေဘဝက လွယ်တော့ မလွယ်လှဘူးလေ။ အသားယူချင်တဲ့ဆရာနဲ့တွေ့ရင်လည်းမလွယ်၊ လိုက်စင်ရခါစရှေ့နေမို့ တစ်ယောက်တည်းရပ်တည်ဖို့ကလည်း မလွယ်နေတော့ ဆရာမတွေကိုလိုက်ရှာရတယ်။ အဆင်မပြေပါဘူး။ အများစုက အလုပ်သင်ပဲလိုချင်ကြတာလေ။ ဘယ်နေရာပဲရောက်ရောက် လူတိုင်းအပေါ် အကောင်းဆုံးဆက်ဆံခဲ့လို့နဲ့တူပါတယ် တစ်ခုခုဆို ကူညီပေးမယ့် စီနီယာတွေရှိတာတော့ မတောင်းပဲပြည့်တဲ့ဆုတစ်ခုပါ။ သူတို့ အမှုတွေမှာ တွဲပြီးလိုက်ရင်းနဲ့ တစ်ဖက်ကတည်း အလုပ်ခေါ်စာတွေရှာပြီး CV တွေကို ပို့ရတာအမောပေါ့။ ကံကောင်းချင်တော့ ကျွန်မ လယ်ယာမြေကိစ္စတွေဆောင်ရွက်ရတဲ့ Law Firm တစ်ခုမှာ အလုပ်ရခဲ့တယ်။ လုပ်ငန်းခွင်အသစ်အတွေ့အကြုံအသစ်တွေနဲ့ ပတ်ဝန်းကျင်အသစ်ပါပြောင်းသွားခဲ့တယ်။ အရင်လို နေပူပူထဲ တရားရုံးပေါင်းစုံမသွားရတော့ပဲ AirCon ခန်းထဲ စာရွက်စာတမ်းတွေနဲ့ပဲ ဖြတ်သန်းရပေမယ့် ကြာတော့ အဲဒီလုပ်ငန်းခွင်ကို ကျွန်မ စပြီးငြီးငွေ့လာတယ်။ လိုင်စင်ရှိရဲ့နဲ့ အမှုမလိုက်ရတဲ့ ရှေ့နေဘဝက သိပ်ကိုခံပြင်းစရာကောင်းမှန်း သိလာတယ်။ သိပ်ပြီး အချိန်မလွန်ခင်မှာပဲ ကျွန်မအလုပ်ထွက်လိုက်တယ်။ မိသားစုနဲ့ ပတ်၀န်းကျင်က အလုပ်ထွက်လိုက်တဲ့အပေါ် အမှားကြီးတစ်ခုလို ဝေဖန်တာတွေကို တော်တော်လေး သည်းခံခဲ့ရတယ်။ တစ်လလောက်အရှိန်ယူပြီးတော့ ရှေ့နေအသိုင်းအဝိုင်းထဲပြန်ဝင်ခဲ့တယ်။ လိုအပ်မယ်ထင်တဲ့ ဥပဒေသင်တန်းတွေတက်ခဲ့တယ်။ ဆရာမဲ့နေတဲ့ ကိုယ့်အတွက် ဥပဒေစာအုပ်တွေကိုဖတ်ရင်း လက်တွေ့လုပ်ဆောင်ခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ ကျွန်မရဲ့ လုပ်ငန်းခွင်လေးက အတော်လေးစိုပြေနေခဲ့ပါတယ်။ လောကကြီးက မျက်နှာသာပေးချင်တော့ သူငယ်ချင်းအကူအညီနဲ့ ဆရာတစ်ယောက်နဲ့ တွဲပြီးအမှုလိုက်ခွင့်ရခဲ့တယ်။ ဒါလည်း ကြာကြာမခံပါဘူး အတိတ်ဘဝက ဘယ်လောက်အကုသိုလ်များခဲ့တယ်မသိဘူး ဆရာက သူ့သမီးကျန်းမာရေးမကောင်းတာတစ်ကြောင်း၊ သူအခြားအလုပ်လုပ်လိုတာကတစ်ကြောင်းနဲ့ အမှုဆက်မလိုက်ဖြစ်တော့ကြောင်း ပြောပြီးထားခဲ့တယ်။ ဘယ်အရာမှ မတည်မြဲကြောင်းကို လုပ်ငန်းခွင်ထဲကနေ ကောင်းကောင်းကြီးသင်ခန်းစာရလာတယ်။ ကျွန်မအားမလျော့သလို တစ်ရက်မှမနားခဲ့ပါဘူး။ အမှုတွဲတွေလိုက်ရင်း ဆရာလည်း ထပ်ရှာတယ်။ ကံတက်လာတယ်ပဲပြောရမလား ကျောင်းသားဘဝက အမှုလိုက်လေ့လာရင်းဆုံခဲ့တဲ့ဆရာနဲ့ အချိတ်အဆက်ပြန်ရလာတော့ ဆရာဆီမှာ အလုပ်လုပ်ဖြစ်သွားတယ်။ အတွေ့အကြုံအသစ်တွေ ထပ်ရလာသလို လုပ်ငန်းခွင်မှာ အရင်ကထက် လူကြီးဆန်လာတယ်။ ကြုံရတဲ့ လူတွေကြောင့် ထင်ပါတယ်။ ကျွန်မလူတွေအကြောင်း စကားပြောကြည့်ယုံနဲ့ ကောင်းကောင်းအကဲခတ်တတ်သွားတယ်။ ဆရာနဲ့ အလုပ်လုပ်နေရင်း တစ်ဖက်မှာလည်း ကျွန်မနေရာတစ်ခုရောက်ဖို့ အတွေအကြုံတွေလိုချင်တော့ အလုပ်တွေလိုက်လျှောက်မိတယ်။ စိတ်ချမ်းသာမှုက ရေရှည်မခံပါဘူး။ ရုတ်တရက် ကပ်ရောဂါက တစ်ကမ္ဘာလုံးမှာဖြစ်တော့ အိမ်မှာပဲနေလိုက်ရတယ်။ အမှုမလိုက်ရ၊ အလုပ်ကလည်းရပ်၊ အလုပ် Interview ဖြေထားတာလည်း အကြောင်းမကြားနဲ့ ကြာတော့ ကျွန်မစိတ်ကျရောဂါစရလာတယ်။ ညညတွေဆို ကျွန်မအိပ်မပျော်တော့တဲ့အပြင် သတ်သေချင်စိတ်ပါဖြစ်လာတဲ့အဆုံး ဆရာဝန်နဲ့စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလုပ်ရတဲ့အထိ ဖြစ်သွားတယ်။ ကျွန်မစိတ်တွေပြန်တည်ငြိမ်လာတဲ့အချိန်မှာ NGO တစ်ခုက အလုပ်ခန့်ကြောင်းသတင်းကောင်းလေးတစ်ခုဝင်လာတယ်။ သိပ်စိတ်ဝင်စားတဲ့ ပြစ်မှုတွေလိုက်ရတော့မယ်ဆိုတဲ့ အတွေးတစ်ခုနဲ့တင် ကျွန်မသိပ်ကျေနပ်မိတယ်။ ကျွန်မသွားချင်တဲ့ ပန်းတိုင်လေးရောက်ဖို့လမ်းစလေးပေါ်လာသလိုပါပဲ။ စိတ်ညစ်စရာတစ်ချို့တောင်မေ့သွားခဲ့တယ်။ အမျိုးသမီး ရှေ့နေတစ်ယောက်ရဲ့ ဘဝရှင်သန်မှုဟာ အနိမ့်အမြင့်အတက်အကျတွေအပြည့်နဲ့ပါ။ လမ်းတစ်ဝက်ကထွက်ခွာသွားသူတွေ၊ အခြားအလုပ်ဖက်လှည့်သွားသူတွေ အိမ်ထောင်သည်ဘဝခံယူရင်း အချိန်ကုန်ဆုံးသွားသူတွေလည်း အများအပြားပေါ့။ ကျွန်မကတော့ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဒီလမ်းကိုဆက်လျှောက်နေဦးမှာပါ။ ရွေးချယ်စရာ အလုပ်အကိုင်တွေအများကြီးရှိခဲ့ရင်တောင် ကျွန်မသိပ်မြတ်နိုးတဲ့ ရှေ့နေအလုပ်ကိုပဲ ရွေးချယ်မိဦးမှာပါ။ ဒီတစ်ကြိမ်တော့ ကျွန်မရဲ့လုပ်ငန်းခွင်လေးက တောက်ပခြင်းအတိနဲ့ ရှေ့နေဘဝတစ်လျှောက် မအေးချမ်းခဲ့သမျှ ပူလောင်ပြေးလွှားခဲ့ရသမျှ ခဏအနားရလိုက်သလိုပါပဲ။ ရင့်ကျက်တည်ငြိမ်ခြင်းအပြည့်နဲ့ ဆံထုံးလေးသေသပ်စွာထုံးရင်း နစ်နာသူတွေကို ဥပဒေအထောက်အကူပြုဖို့ ကျွန်မအဆင်သင့်ဖြစ်နေပါပြီ။