Featured Selection – Than Than Nyunt

Feminist Literature Competition (Round 1)

Featured Selection – Than Than Nyunt

ကျမ သတိထားခဲ့မိတာက လူမှန်းသိတတ်စ ကတည်းက ကျမကို တစ်အိမ်လုံးက “သားချစ်” လို့ ၀ိုင်းခေါ်ကြတာပါပဲ။ အထူးသဖြင့် အဘွားနဲ့ အမေရယ်၊ ဒေါ်လေးတို့ရယ်ပေါ့။ ဦးလေးမောင်ကတော့ ချစ်ချစ်လို့ ခေါ်တတ်တယ်။ ကျမကလည်း ကိုယ့်ကိုကိုယ် “သား” ကလေ ဆိုပြီး နာမ်စားသုံးပြောခဲ့တယ်၊ အ၀တ်အစားကိုလည်း ယောကျ်ားလေး လိုဘဲ ဆင်ပေးခဲ့တော့ ဒါတွေနဲ့ နေသားကျ လာခဲ့တာမဆန်းဘူးပေါ့ရှင်။ ဆန်းတာကတော့ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာချိန်မှာ ကျမစိတ်နဲ့ ကျမခန္ဓာကိုယ်တို့ဟာ ကျမကို သတ်မှတ်ထားတဲ့ သတ်မှတ်ချက်၊ အသုံးအနှုန်း၊ အဆင်အယင်တွေနဲ့ သဟဇာတ မဖြစ်နေတာ ကိုယ့်ဘာသာသတိထားမိလာတာပါပဲ။ ကျောင်းစထားတဲ့ အချိန်က ကျမကို “ကျား” လို့ စာရင်းပေးခဲ့တော့ ယောကျ်ားလေးလို့ သတ်မှတ်ခံရပြီး ယောကျ်ားလေးတွေနဲ့ အတူတွဲထိုင်ခဲ့၊ ကစားခဲ့ရတယ်။ တကယ်တမ်း ကျမ မိန်းကလေးတွေနဲ့ ဖန်ခုန်၊ ဇယ်တောက်၊ အိုးပုတ်တွေနဲ့ ကစားချင်တာ၊ ပတ်၀န်းကျင်မှာလည်း ကျမကို “ယောကျ်ားလေး” လို့ပဲ သိထားကြတော့ တစ်ခုခုတော့ လွဲနေပြီးဆိုတာ သိပေမယ့် အဖြေမရှာတတ်ခဲ့ဘူး။ ဒီလိုနဲ့ ကျမအသက် ဆယ်နှစ်ပြည့်ပြီးနောက်ပိုင်းမျာ ကျမခန္ဓာကိုယ်က သိသိသာသာပြောင်းလဲလာခဲ့တယ်။ ကျမလက်ခံထားရတဲ့ ကျား၊ မ ဖြစ်တည်မှုနဲ့ တကယ်တမ်း ကျမခန္ဓာကိုယ်ဖြစ်တည်မှုတို့ကြားမှာ ကြီးမားတဲ့ ပဋိပက္ခတွေနဲ့ ရင်ဆိုင်လာခဲ့ရတဲ့ ဒဏ်ကို သည်းမခံနိုင်တဲ့အဆုံး ကျမရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေခံစားလာခဲ့ရပါတော့တယ်။ ဒါကိုရိပ်စားမိလာတဲ့ ဦးလေးမောင်က တစ်နေ့မှာ အကြောင်းရင်းကို ထုတ်ဖော်ပြောပြခဲ့တယ်။ ကျမရဲ့အမေနဲ့အဖေဟာ လူငယ်သဘာဝချစ်ကြိုက်ပြီး ခိုးပြေးခဲ့ကြတယ်။ ကျမအဖေရဲ့မိဘတွေက သူတို့နှစ်ယောက်ကိုလုံးဝသဘောမတူခဲ့ဘူး။ ဇွတ်ခွဲခွာဖို့ကြိုးစားခဲ့ကြတယ်။ မိဘတွေရဲ့ဆန္ဒကို မငြင်းဆန်နိုင်တော့တဲ့နောက်ဆုံးမှာ အဖေဟာအမေ့ကိုချန်ရစ်ပြီး မိဘအိမ်ပြန်သွားခဲ့တယ်လေ။ ကျမကိုယ်ဝန်ကိုဆောင်ထားပြီး ချန်ရစ်ခံခဲ့ရတဲ့အမေဟာအဖေကိုစိတ်နာပြီး သားဦးမှသားဦးလိုချင်တဲ့အဖေကို လက်စားချေလိုစိတ်နဲ့ မွေးဖွားလာခဲ့တဲ့ကျမကို သားလေးမွေးတယ်ဆိုပြီး ပတ်ဝန်းကျင်မှာလိမ်လည်ကြေငြာခဲ့တယ်။ သားရူးရူးတဲ့အဖေ့ကို ကြားပြီးနောင်တရစေလိုတာဖြစ်မှာပေါ့လေ။ ကျမအဖွားနဲ့အဒေါ်ကလဲအလိုတူအလိုပါတွေပါပဲ။ အမှန်တရားကိုနှစ်ပေါင်းများစွာဖုံးကွယ်ရင်း ကျမကိုယောကျ်ားလေးအဖြစ်ပုံသွင်းပြီး ကာယကံရှင်ဖြစ်တဲ့ ကျမကိုပါ လိမ်လည်ခဲ့ကြတယ်လေ။ လူတစ်ယောက်ရဲ့ ကျား၊မ ဖြစ်တည်မှုဘ၀ကို ဇွတ်အတင်း၀င်ရောက်စွက်ဖက်ပြီး မိမိတို့ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း လွှမ်းမိုးခြယ်လှယ်ဖို့ ကြိုးစားခဲ့ကြတာ ဘယ်လောက်များ ရင်နာဖို့ကောင်းလိုက်ပါသလဲနော်။ အကြောင်းစုံကိုသိလိုက်ရတဲ့အချိန် ကျမှာ စိတ်ခွန်အားတွေးပြည့်လာခဲ့ပြီ။ အဘွားတို့အမေတို့ ဘယ်လောက်ပဲတားတား ကျမရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူဟာ ကျမသာလျှင်ဖြစ်တာမို့ ကျား၊ မ ဖြစ်တည်မှုကို ကျမဘာသာ လွတ်လပ်စွာ ရွေးချယ်ခံယူ အသိအမှတ်ပြုဖို့ ဆုံးဖြတ်ရင်း ကျမဟာ “မိန်းကလေး” ဖြစ်ကြောင်း ရဲရဲ၀ံ့၀ံ့ကြေငြာလိုက်ပါရစေလားရှင်။ ကျမနည်းတူ မိန်းကလေးတိုင်း မိမိခန္ဓာကိုယ်ကို မိမိကိုယ်တိုင်တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ကြပါစေ။

Read More

Featured Selection – Victoria Thaw

Feminist Literature Competition (Round 1)

Featured Selection – Victoria Thaw

ကျွန်မဟာ လူမှန်းသိတတ်စအရွယ်အထိ သာမာန်ခန္ဓာကိုယ်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ သာမာန်လူသားတစ်ယောက်သာဖြစ်ပါတယ်။ အသက် ၇ နှစ်ကစလို့ ကျွန်မက မိန်းကလေးတစ်ယောက်ဖြစ်လာပါတယ်။ မိန်းကလေးဆိုတော့ယောကျ်ားလေးမဟုတ်ဘူးပေါ့။ လူသားဆိုတဲ့ ခေါင်းစဥ်အောက်မှာ ယောကျ်ားလေး နဲ့ မိန်းကလေးဆိုတာ ၂ မျိုးရှိတယ်ဆိုတာကို စပြီး သိလာပေမယ့် မသိခဲ့ရတာတော့ မိန်းကလေးခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ မိန်းကလေးနဲ့ ယောကျ်ားလေးခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ ယောကျာ်လေးဆိုတဲ့ အသုံးအနှုန်းအောက်ကစံနှုန်းတွေက ကျွန်မရဲ့ ဘ၀အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလာခဲ့မလဲဆိုတာပါပဲ။ ကျွန်မနဲ့ကျွန်မခန္ဓာကိုယ်ဟာ အသက် ၁၄ နှစ်မှာပိုပြီး ရင်းနှီးလာပါတယ်။ မွေးကတည်းက အတူပါလာတဲ့ သားဥအိမ်က ပထမဆုံးအကြိမ် စနှုတ်ဆက်ခဲ့တဲ့အချိန်ပေါ့။ လစဥ်သုံးပစ္စည်းကို အဆင်ပြေပြေသုံးတတ်အောင်သင်ယူရင်း မိသားစု၀င်တွေရဲ့ “ရာသီသွေးဟာ သွေးပုပ်ဖြစ်တယ်၊ မိန်းမကိုယ်ဟာမသန့်ရှင်းဘူး” ဆိုတဲ့ စကားတွေကိုလဲ နှာခေါင်းရှုံ့ရင်း၊ အမျိုးသမီးခန္ဓာကိုယ်ရှိနေတာကြောင့်ပဲ ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူး ဆိုတဲ့စကားတွေဟာ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်ပိုင်ဆိုင်တယ်လို့ မခံစားခဲ့ရတာပဲဖြစ်ပါတယ်။ ကျွန်မနဲ့ ကျွန်မခန္ဓာကိုယ်ဟာ တစ်ကယ်တော့ သိပ်ပြီးအကြောမတည့်ခဲ့ပါဘူး။ ကျွန်မဟာ အမျိုးသားတစ်ယောက်လို လုပ်ချင်တာတွေကို ကျွန်မခန္ဓာကိုယ်က ခွင့်မပြုပါဘူး။ ကျွန်မရဲ့ တစ်နေ့တာဟာ အိမ်ထဲကနေအိမ်ပြင်မထွက်ခင်မျာ လမ်းပေါ်ကယောကျ်ားတွေရဲ့ အကြည့်တွေအပြောအဆိုတွေကိုမခံရစေဖို့ လုံခြုံတဲ့အ၀တ်အစားကို၀တ်ဖို့ စဥ်းစားရင်းစပါတယ်။ ဘယ်လိုပဲ၀တ်ထား၀တ်ထား အပြောအဆိုကို ခံရတဲ့အခါလဲ စိတ်လိုက်မာန်ပါ မတုံ့ပြန်မိဖို့ ထိန်းချုပ်ရပါတယ်။ ကျွန်မဟာ ကျွန်မလို အမျိုးသမီး ခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ သူတွေကိုလည်း အိမ်ပြန်ရင် လူပြတ်တဲ့ နေရာကိုရှောင်ဖို့၊ ငရုပ်ကောင်းစပရေးဆောင်ထားဖို့၊ ဓာတ်လှေကားထဲကို သူစိမ်းယောကျ်ားနဲ့ နှစ်ယောက်ထဲဘယ်တော့မှမ၀င်မိစေဖို့ အမြဲပြောဖြစ်ခဲ့တယ်။ ကျွန်မတို့ ခန္ဓာကိုယ်ဟာ ကျွန်မတို့ အပိုင်သာဖြစ်တယ်ဆိုတာကို အချို့လူတွေကမေ့နေကြတယ်ထင်ပါရဲ့။ ဘာသာရေးယုံကြည်မှုတွေ၊ ဖို၀ါဒီကြီးစိုးတဲ့ ပုံစံခွက်တွေကနေဖောက်ထွက်ဖို့ကြိုးစားနေတဲ့ကြားထဲက သတ်မှတ်ချက်တွေများတဲ့ ပတ်၀န်းကျင်က မကြာခဏဆိုသလို ကျွန်မယုံကြည်ချက်တွေအပေါ်သံသယတွေပွါးစေပါတယ်။ အမျိုးသမီးခန္ဓာကိုယ်ထဲမှာမွေးဖွားလာတာတစ်ခုထဲနဲ့ပဲ လူမှုရေး၊ စီးပွားရေး နဲ့ နိုင်ငံရေးစတဲ့ အစိတ်အပိုင်းတွေမှာ ဒုတိယနေရာရကြတဲ့ အမျိုးသမီးတွေဟာ တကယ်တော့တန်းတူအနေနဲ့ ရှိသင့်တယ်ဆိုတဲ့ ယုံကြည်မှု တွေဟာ ရှေးရိုးဆန်ပြီး ရိုးရှင်းတဲ့ကျွန်မ ပတ်၀န်းကျင်ထဲမှာ လူနည်းစုဆီမှာ ရပ်တန့်သွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံကျွန်မမေ့သွားတတ်တာက ကျွန်မလို အမျိုးသမီးခန္ဓာကိုယ်နဲ့ အမျိုးသမီးတွေ၊ အမျိုးသားခန္ဓာကိုယ်နဲ့ အမျိုးသမီးတွေ တွေလဲပဲ ကျွန်မလို နည်းနည်းချင်းစီ ကိုယ်ချစ်ရတဲ့ မိသားစုနဲ့ ပတ်၀န်းကျင်ကို ပြောင်းလဲပေးဖို့ကြိုးစားနေတဲ့သူတွေအများကြီးရှိတယ်ဆိုတာပါပဲ။ ရေလှိုင်းတွန့် နိယာမ ( Ripple Effect ) ဆိုတာလိုပေါ့၊ ကျွန်မတို့အတွက် အလွန်သေးငယ်တဲ့ သက်ရောက်မှုလေးတွေဟာ တခြားလူတွေအပေါ် တဖြည်းဖြည်းရောက်သွားပါတယ်။ အဲ့ဒါကြောင့် ပြောင်းလဲဖို့အရမ်းခက်ခဲနေတဲ့ ပတ်၀န်းကျင်မျိုးမှာတောင် ကျွန်မရဲ့လှုံ့ဆော်မှုတွေ ဟာ အမြင်ကျဥ်းတဲ့ မိသားစု၀င်တွေကို သက်ရောက်ခဲ့ပါတယ်။ သူငယ်ချင်းတွေကို ဘယ်အရာကမှ သူတို့ကိုတားဆီးမရနိုင်ကြောင်း ပြောပြလို့ရခဲ့ပါတယ်။ ကျွန်မတို့လို့တစ်ဦးတစ်ယောက်တွေ အများကြီးပေါ်လာတဲ့အခါ မသိသာရင်တောင် သေးငယ်တဲ့ တိုးတက်မှုလေးတွေပေါ်လာမှာဖြစ်ပြီး ဒီသေးငယ်တဲ့သက်ရောက်မှုလေးတွေကပဲ အမျိုးသမီးတွေအကုန်လုံးအတွက် ပိုကောင်းမွန်တဲ့ အနာဂါတ်ရဲ့အုတ်မြစ်လေးတွေဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။

Read More

Featured Selection – Hnin Zaw Thu @ Phoebe

Feminist Literature Competition (Round 1)

Featured Selection – Hnin Zaw Thu @ Phoebe

ကျွန်မက စိတ်ဝိညာဉ်ကလေးပါ… လေပြေလေညင်းလို မျက်စိနဲ့မမြင်ရပေမယ့် တည်ရှိနေတဲ့ အရာလေးတစ်ခုပေါ့… ကျွန်မရှင်သန်နေတယ်ဆိုတာဟာလဲ သဘာဝအလျောက်ဖြစ်တည်မှုတစ်ခုပါ…။ ကျွန်မမှာ ထာဝရအဖော်မွန်သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူ့နာမည်ကတော့ ကိုယ်ခန္ဓာ လို့ ခေါ်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ကို သဘာဝတရားကြီးက စတင်မွေးထုတ်သန္ဓေတည်လိုက်ချိန်ကစလို့ ကျွန်မတို့ဟာ အသက်ရှူရသလို တစ်ဦးပေါ်တစ်ဦးအမှီသဟဲပြုနေမှ ရှင်သန်ခြင်းကို ရရှိဖို့ အကြောင်းဖန်ခဲ့တာပါပဲ။ သဘာဝတရားက မွေးထုတ်ပေးကတည်းက အတူပါလာတဲ့ ဒီကိုယ်ခန္ဓာဟာ ကျွန်မအပေါ် သူငယ်ချင်းကောင်းသိပ်ပီသပါတယ်။ ကျွန်မတို့အချင်းချင်းကြားမှာ ဆက်သွယ်အသုံးပြုတဲ့ အချက်ပြစနစ်တွေကို ကျွန်မတို့ပဲ ကောင်းကောင်းနားလည်ကြတယ်။ သူမက တစ်ခုခုဆို ကျွန်မကိုအမြဲအချက်ပြ ပြောပြတတ်ပါတယ်။ ဥပမာ- သူမ ခြေဖျားလက်ဖျားလေးတွေ အေးနေပြီဆိုရင် နူးညံ့နွေးထွေးတဲ့စောင်တွေထဲကို ဝင်ဖို့ ကျွန်မကို ပြောပြနေတာပါ။ ကျွန်မ ရှူးရှူးပေါက်တဲ့ချိန် အရောင်ကဝါနေပြီဆိုရင် ဒါက ကျွန်မကို ရေများများသောက်ဖို့ သူမတောင်းဆိုနေတာပဲ။ ကျွန်မ မျက်နှာမှာ အဖုလေးတွေထွက်လာပြီဆို ဒါက ကျွန်မကို အိပ်ရေးဝဝအိပ်ဖို့ပြောတာ…စသဖြင့် သူမနဲ့ကျွန်မပဲ နားလည်နိုင်မယ့် ဘာသာစကားတွေပေါ့။ ငယ်ပေါင်းမို့လို့လားမသိဘူး… သူကကျွန်မအကြောင်း တော်တော်သိတယ်။ ကျွန်မက သူပြောတာကို နားထောင်ရတယ်၊ လိုက်နာရတယ်၊ သူ့ကို ယုံတယ်လေ…။ တချို့သော သူတွေကျတော့ ကိုယ်ခန္ဓာရဲ့ အသံကို နားမထောင်မိဘူး… အဲ့ဒီအခါမှာတော့ ဒုက္ခအကြီးကြီး ရောက်တော့တာပါပဲ…။ ကျွန်မရဲ့ ခန္ဓာကိုယ် ဘယ်ကနေ၊ ဘယ်လိုဖြစ်လာတာလဲ ဆိုတာကို ကျွန်မကောင်းကောင်းသိနေပါတယ်။ တခါက ကျွန်မ ခန္ဓာကိုယ်မှာ အဆီတွေရှိနေတာကြောင့် ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်မိတော့ ကျွန်မအမေကပြောတယ်… “သူများ ဘယ်လိုမြင်လဲ၊ ဘာပြောမလဲ ဂရုစိုက်စရာမလိုပါဘူး၊ သမီးရဲ့ ခန္ဓာကိုယ်ဟာ မေမေ့ရဲ့ခန္ဓာကိုယ်ထဲက ဖြစ်လာတာ။ သူများခန္ဓာကိုယ်ထဲက ဖြစ်လာတာမဟုတ်ဘူး” တဲ့… အဲ့အချိန်ကစပြီး ဗစ်တိုးရီးယားစီးကရက်မော်ဒယ်ဖြစ်ဖြစ်၊ မာရီလင်မွန်ရိုးဖြစ်ဖြစ်၊ ကင်မ်ကာဒက်ရှန်းဖြစ်ဖြစ်၊ တခြားဘယ်အလှပဂေးဖြစ်ဖြစ် ကျွန်မအတွက် ခန္ဓာကိုယ်အလှပုံရိပ် စံပြပုဂ္ဂိုလ်တွေ ဖြစ်မနေတော့ဘူး။ ကျွန်မတို့ ကိုယ်ခန္ဓာက သူများနဲ့မတူပဲ ထူးခြားဆန်းကြယ်တဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်တယ်ဆိုတာ အမေက ပြောပြသေးတယ်။ သူမ ပြောပြတာက ကျွန်မအနေနဲ့ ဒီခန္ဓာကိုယ်ထဲကနေ နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို ထပ်ဖန်ဆင်းနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိတယ်ဆိုတာပါပဲ။ ဘယ်လောက်ထူးခြားဆန်းကြယ်လိုက်သလဲ…။ ဒါကြောင့် ကျွန်မက သူမကိုပဲ အချစ်ဆုံး၊ ဂုဏ်အယူဆုံးဆိုတာ မကြာခဏပြောပြဖြစ်တယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ ကျွန်မကို သယ်ဆောင်မောင်းနှင်တဲ့ ယာဉ်လို့ ပြောလို့ရတယ်။ သူမ မရှိရင် ကျွန်မဘယ်လိုမှ မရွေ့လျားနိုင်ဘူး၊မလုပ်ဆောင်နိုင်ဘူးပဲ။ ဒါကြောင့် ကျွန်မသူ့ကို ညင်ညင်သာသာဆက်ဆံဖို့ အမြဲသတိချပ်မိတယ်။ ရက်ပေါင်း၊ လပေါင်းများစွာ သွားလာလှုပ်ရှားမောင်းနှင်ပြီးတဲ့အခါ ကမ်းခြေလိုက်ပို့ပေးရတယ်။ နေကြာပန်းခင်းနဲ့ အေးစိမ့်တဲ့စမ်းချောင်းရှိတဲ့နေရာတွေ သွားရတယ်။ ကိုယ်ခန္ဓာက အကြောတွေပြေလျော့ပြီး အသစ်တစ်ဖန်ပြန်လည်လန်းဆန်းလာအောင် သဘာဝတရားနဲ့ထိတွေ့ပေးရတယ်။ တကယ်တော့ ကျွန်မခန္ဓာကိုယ်က သဘာဝတရား ပါပဲ။ ကျွန်မမှာ ကိုယ်ပိုင်စမ်းချောင်းလေးတွေရှိတယ်။ တနေရာကနေ တနေရာကို မြစ်ဖျားခံစီးဆင်းတယ်။ သူတို့အချင်းချင်း အချိတ်အဆက်ရှိတယ်။ ပြီးတော့ နှလုံးသားထဲကို စီးဝင်စုပေါင်းသွားတယ်။ ကိုယ်ပေါ်က အစိုင်အခဲတွေဟာ တောင်တန်းတောင်ကုန်းတွေနဲ့တူတယ်။ တောင်တွေနဲ့ မတူတာက သူတို့က ပိုချောမွေ့ နူးညံ့တယ်၊ ပြီးတော့…ထိတွေ့ခံစားနိုင်တယ်လေ…။ သဘာဝတရားမှာက တောင်တစ်တောင်နဲ့ တစ်တောင်၊ ရေတံခွန်တစ်ခုနဲ့တစ်ခု ထပ်တူညီမနေကြပါဘူး။ နေရာဒေသတစ်ခုနဲ့တစ်ခုလဲ မတူကြပါဘူး။ တူနေရင် ပျင်းစရာကြီးဖြစ်နေမှာပေါ့။ ဒီလိုပဲ ကျွန်မတို့ တစ်ဦးစီရဲ့ခန္ဓာကိုယ်တွေဟာလဲ တစ်ယောက်နဲ့တစ်ယောက်မတူညီကြဘူး။ ဒါကိုက အလှတရားပဲလေ။ ကျွန်မညီမလေးရဲ့ ခါးစောင်းမှာ မွေးရာပါ အနက်ရောင်အမှတ်ကြီးကြီးတစ်ခုပါတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက်ကျတော့ လက်မောင်းနဲ့ လည်ပင်းမှာ အနီရောင်ပြင်လိုက်ကြီး ဖြစ်နေတယ်။ သူတို့က သူများနဲ့မတူလို့ဆိုပြီး ဒါကို သိပ်တော့ မကျေနပ်ကြဘူး။ တကယ်တမ်းတော့ သဘာဝက ပေးလိုက်တဲ့ ကိုယ်ပိုင် နယ်နမိတ်သတ်မှတ်မှုသင်္ကေတတွေ…။ ကရင်ပြည်နယ်ရဲ့ အမှတ်အသားက ဇွဲကပင်တောင်ကြီးဖြစ်ပြီး ချင်းပြည်နယ်မှာ ရိဒ်ရေကန်ရှိသလိုပေါ့၊ ပဲရစ်မှာဆို အစ်ဖယ်မျှော်စင်ကြီးနဲ့ နယူးရောခ့်မှာ လေဘာတီရုပ်တုကြီး ရှိတယ်။ ဒီလိုပဲ ကျွန်မတို့ ခန္ဓာကိုယ်မှာလဲ မွေးရာပါအမှတ်၊ ဝက်ခြံ၊ အမာရွက်၊ ဒဏ်ရာ၊ မှည့်၊ မှည့်ခြောက်၊ တချို့ကျတော့ ပါးချိုင့်၊ သွားတက်၊ မေးနှစ်ခွ အစရှိသဖြင့် ထူးခြားထင်ရှားတဲ့ လက္ခဏာတွေရှိပါတယ်။ ကျွန်မကတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်က ကိုယ်ပိုင်ဝိသေသလက္ခဏာတွေကို မြတ်နိုးဂုဏ်ယူတယ်။ မှတ်မှတ်ရရ မေမေ့မှာ အငယ်ဆုံးညီမလေးကို မွေးတုန်းက ခွဲမွေးရလို့ ဗိုက်မှာ ချုပ်ရာတစ်ခုကျန်နေခဲ့တယ်။ ကျွန်မ ခန္ဓာကိုယ်မှာတော့ ငယ်ငယ်က ကားတိုက်မှုတစ်ခုဖြစ်ခဲ့လို့ ညာဘက်ဒူးခေါင်းအောက်နားမှာ အညိုရောင်အမာရွတ်တစ်ခု၊ ဘယ်ဘက်နှုတ်ခမ်းထောင့်စွန်းမှာ အမာရွတ်လေးတစ်ခု ရှိတယ်။ ဒီလို ဒဏ်ရာမျိုး၊ အမာရွတ်မျိုးကိုတော့ ကျွန်မက ရှင်သန်ခြင်းအမှတ်တံဆိပ်လို့ နာမည်ပေးထားတယ်။ ဒီဒဏ်ရာကို ပြန်ကြည့်လိုက်တိုင်း ကျွန်မ အသက်ဆက်ရှင်နေသေးတယ်ဆိုတာရယ်၊ ဘဝမှာ ကြီးမားထိတ်လန့်ဖွယ်ကောင်းတဲ့ အခက်အခဲကြီးကို ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုတာရယ် ကို ပြန်လည်အမှတ်ရနေစေဖို့ပါ။ တစ်ပတ်တာလုံး ပင်ပန်းတာတွေ ဖြေဖျောက်ဖို့ နှင်းဆီပွင့်ဖတ်လေးတွေစိမ်ထားတဲ့ ရေနဲ့ရေချိုးပေးတာ၊ စပါးနှံစိလေးတွေပါဝင်ပြီး သဘာဝလာဗန်ဒါပန်း၊ လက်ဖက်စိမ်းရနံ့တွေပါတဲ့ ကိုယ်တိုက်ဆပ်ပြာခရင်မ်လေးတွေနဲ့ တိုက်ပေးတာ၊ ပြီးတော့…ဗနီလာရနံ့၊ ဒါမှမဟုတ် နွေးထွေးရှင်းသန့်တဲ့ ရနံ့နဲ့ နူးညံ့တဲ့အထိအတွေ့တွေပေးတဲ့ လိုးရှင်းတွေလဲ လိမ်းပေးတာမျိုးနဲ့ သူ့ကို စိတ်ပြေလျှော့အောင်၊ ကျေနပ်အောင် လုပ်ပေးရသေးတယ်လေ။ ကျွန်မ ခန္ဓာကိုယ်ဟာ ကျွန်မရဲ့ ဖြစ်တည်မှုဖြစ်ပြီး၊ ကျွန်မအတွက် ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ရတာကြောင့် အလွန်အဖိုးတန်တဲ့ အရာဖြစ်ပါတယ်။ ကျွန်မချစ်တဲ့ ခန္ဓာကိုယ်ကိုတခြားသူတစ်ယောက်က ခွင့်ပြုချက်မရှိဘဲ နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ စော်ကားတာဟာ ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်တဲ့ကိစ္စပဲ။ ရှင်တို့ စဉ်းစားကြည့်လေ… ကိုယ့်ပိုင်နက်မဟုတ်တဲ့ နယ်မြေကို ကျူးကျော်ရင် ဘာဖြစ်တတ်သလဲဆိုတာ…။ ကျွန်မနဲ့ ကျွန်မခန္ဓာကိုယ်ဟာ မွေးကတည်းကအတူတူ ကြီးပြင်းခဲ့ရတဲ့အတွက် ကိုယ့်အကြောင်းသူသိ၊ သူ့အကြောင်းကိုယ်သိ။ အထက်ကပြောခဲ့သလို သူဘာအချက်ပြရင် ကျွန်မ ဘာလိုအပ်လဲ၊ ဘာလုပ်သင့်သလဲ သိပ်သိတာပေါ့။ တခြားသူတွေလဲ သူတို့ ကိုယ်ခန္ဓာကို သူတို့အသိဆုံးဖြစ်မှာပါ။ ဒါကို ကျွန်မခန္ဓာကိုယ် အကြောင်းကို မသိတဲ့ တခြားတစ်ယောက်က သူမနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကို ဝင်ချမှတ်ပေးမယ်ဆိုရင် လက်ခံနိုင်စရာအကြောင်းမှမရှိတာ။ သူက ကျွန်မခန္ဓာကိုယ်ကို ကျွန်မလောက်မသိနိုင်ဘူးလေ။ တကယ်တော့ ကျွန်မခန္ဓာကိုယ်ဟာ ကျွန်မ သူငယ်ချင်းပါ။ ကျွန်မနဲ့ ကျွန်မကိုယ်ခန္ဓာဟာ လူတွေမြင်တာထက် ပိုလေးနက်ပြီး ပုဂ္ဂလိကဆန်တဲ့ဆက်ဆံရေးတစ်ခု ရှိပါတယ်။ ကျွန်မ ခန္ဓာကိုယ်ကို ကျွန်မတန်ဖိုးထားသလို၊ ရှင်တို့ ခန္ဓာကိုယ်ကိုလဲ ရှင်တို့ တန်ဖိုးထားဖို့ ပြောချင်တယ်။ ခန္ဓာကိုယ်ရဲ့ အသံကိုနားထောင်ပါ။ သူ့ကို ဂရုစိုက်ပါ။ ညင်ညင်သာသာဆက်ဆံပါ။ သူက အမြဲတမ်းကျွန်မတို့အတွက် ထာဝရအဖော်မွန် သူငယ်ချင်းကောင်းပါ။

Read More

Featured Selection – Phyu Nwe Win

Feminist Literature Competition (Round 1)

Featured Selection – Phyu Nwe Win

ကျမ ခန္ဓာကိုယ်အကြောင်းကို အရင်ဆုံး စဉ်းစားမိတဲ့အခါ ကျမ အတွေးထဲကို ပထမဉီးဆုံး ရောက်လာတာက ကျမရဲ့ ပိပိအကြောင်းပဲ ဖြစ်ပါတယ်။ ကျမတို့ဟာ ငယ်ငယ်လေးကတည်းက ကျမတို့ရဲ့ အမျိုးသမီး အင်္ဂါ ယားလို့ ကုတ်တာပဲ ဖြစ်ဖြစ်၊ စူးစမ်းချင်လို့ပဲ ဖြစ်ဖြစ် ကိုင်မိတဲ့အခါ “ ဟယ် ပိပိကြီး မကိုင်နဲ့ ရှက်စရာကြီး “ ၊“ မရှက်ဘူးလား ဟိုမှာ လူတွေ ကြည့်နေတယ် “ ၊ “ ဟယ် မရှက်တတ်ဘူးကွယ် သည်ကလေး “ ဆိုပြီး တစ်ယောက်ချင်းစီရဲ့ တစ်မျိုးတစ်ဖုံစီ ပြောခြင်းကို ခံခဲ့ကြပါတယ်။ အဲ့လိုမျိုး ပြောခံရတဲ့အခါတိုင်း ကျမရဲ့ အတွေးတွေထဲမှာ မေးခွန်းမထုတ်မိခဲ့ပေမယ့် ကျမသတိထားမိလာတာကတော့ ကျမရဲ့ အမျိုးသမီးအင်္ဂါ ဘယ်လို ပုံစံရှိသလဲဆိုတာကို ဂရုတစိုက် မကြည့်မိခဲ့ခြင်း ဖြစ်ပါတယ်။ ကျမအသက် (၂၀) ဝန်းကျင်ရောက်မှသာ ကျမရဲ့ အမျိုးသမီးအင်္ဂါကို ဂရုတစိုက် ကြည့်မိပါတယ်။ အစောပိုင်းကာလတွေမှာ ကျမထင်တာက ကျမပိုင်ဆိုင်တဲ့ ကျမရဲ့ အမျိုးသမီးအင်္ဂါကို စူးစမ်းခြင်းက ရာဂမှာ စိတ်ဝင်စားတတ်သူဖြစ်ပြီး ကျမကိုယ်ကျမ ရှက်စရာလို့ကို မြင်နေမိတာပါ။ အမျိုးသမီးတွေမှာ ရာဂစိတ်ရှိတာကို အပြစ်လို့ မြင်နေမိတာလည်း ပါပါတယ်။ အမျိုးသမီးတွေဟာ ရာဂစိတ်ရှိလို့ရတယ်ဆိုတာကို ကျမ လက်ခံနိုင်ဖို့ ကိုယ့်စိတ်နဲ့ကိုယ် တော်တော့်ကို တိုက်ခိုက်ယူခဲ့ရပါတယ်။ အခု ကျမသိလာတာကတော့ ရာဂစိတ်ဆိုတာ အသွေးအသားရှိတဲ့ သူတိုင်း ခံစားလို့ရတဲ့ အရာတစ်ခုဖြစ်သလို၊ အမျိုးသမီးအင်္ဂါပုံစံတွေကလည်း မတူညီကြဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကျမဟာ ရာသီလာခြင်းနဲ့ပက်သက်တဲ့ သင်ခန်းစာတွေကိုတော့ ကျမ အသက် (၁၃) နှစ်ကျော်ကတည်းက သိရှိခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီရာသီလာခြင်းနဲ့ ပက်သက်ပြီး ကျမအသက် (၁၇) နှစ်အရွယ်မှာ ကျမရဲ့ သူငယ်ချင်းတွေကို မေးကြည့်တဲ့အခါ သူမတို့ဟာ အမျိုးသမီး ရာသီသွေးဆင်းတဲ့အပေါက်နဲ့ ရှူးထွက်တဲ့ အပေါက်ကိုတောင် မခွဲတတ်ဘူးလို့ ဆိုပါတယ်။ ကျမ သူတို့ကို ရှင်းပြနေချိန်မှာ သူတို့အနေနဲ့ ရှက်သလို ခံစားမိနေတာကို ကျမသတိထားမိပါတယ်။ ဒါပေမဲ့ ရှင်းပြပြီးတဲ့အခါမှာတော့ သူမတို့အနေနဲ့ ရာသီသွေးဆင်းတဲ့အကြောင်းတွေကို ဘယ်လိုသိသလဲဆိုတာကို ဂရုတစိုက် မေးမြန်းကြပါတယ်။ ကျမကိုလည်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဆွေးနွေးလာကြပါတယ်။ ကျမဆယ်ကျော်သက်အရွယ်တုန်းကဆိုရင် ကြော်ငြာတွေထဲက မင်းသမီးတွေကို မြင်တိုင်း တခါတလေ ကျမတို့တွေဟာ မတူညီတဲ့ ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကို မေ့မေ့သွားတတ်ပါတယ်။ ကြော်ငြာတွေ၊ ရုပ်ရှင်တွေအစရှိတဲ့ မီဒီယာတွေထဲမှာကလည်း ခန္ဓာကိုယ်လှတဲ့သူ၊ ရုပ်လှတဲ့သူတွေသာ အဓိကဇာတ်ကောင်ဖြစ်နေတဲ့အခါကျတော့ အဲ့လို ခန္ဓာကိုယ်တွေ ပိုင်ဆိုင်နေတဲ့သူတွေကပဲ သာနေသလိုလို၊ ကိုယ်ကပဲ လိုအပ်နေသလိုလို၊ မပြည့်စုံသလိုလိုနဲ့ အားငယ်စိတ် နည်းနည်းတော့ ဝင်မိခဲ့ပါတယ်။ သူမတို့လို လှချင်တာမျိုးမဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ဝင်နေမိတာပါ။ အဲ့သလို ခန္ဓာကိုယ် လှခြင်း၊ မလှခြင်းဆိုတဲ့ အတွေးတွေနဲ့ ပက်သက်ပြီး အဝတ်အစားဆိုရင်လည်း ခန္ဓာကိုယ်အလိုက် ရွေးချယ်ပြီး ဝတ်မိခဲ့ပါတယ်။ ဉပမာအားဖြင့် ဒူးခေါင်းမလှဘူးဆိုရင် ဒူးခေါင်းဖုံးတဲ့ ဘောင်းဘီတွေကိုသာ ရွေးချယ်ဝတ်တာမျိုးပေါ့။ အခုချိန်မှာတော့ ခန္ဓာကိုယ်နဲ့ လိုက်တာတွေ၊ မလိုက်တာတွေကို မစဉ်းစားဘဲ ကိုယ်စိတ်ထဲက တကယ့်ကို ကြိုက်နှစ်သက်ရာကိုသာ ဝတ်ဖြစ်လာပါတယ်။ ကျမလိုပဲ ကိုယ်ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်နဲ့ပက်သက်ပြီး ရှုပ်ထွေးတဲ့အတွေးတွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်။ ကိုယ့်ကိုယ်ကို သဘောမကျတဲ့အချိန်တွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်၊ ကိုယ့်ကိုယ်ကို လက်မခံနိုင်တဲ့ အချိန်တွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်။ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ တွေးနေမိတဲ့သူတွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်။

Read More

Alice @ Aye Shwe Yi Cho

Feminist Literature Competition (Round 1)

Featured Selection – Alice @ Aye Shwe Yi Cho

၇ပေါင် ၈အောင်စ − မွေးကာစ ကျွန်မရဲ့ အလေးချိန်။ လူမှန်းသိတတ်စက အစားသိပ်မစားလို့ အမေက ကြားဖူးသမျှ အားဆေးတွေ အကုန်တိုက်ခဲ့တယ်။ အစားမရွေးအောင် ချော့တစ်ခါ ခြောက်တစ်လှည့် မျိုးစုံ ကျွေးခဲ့တယ်။ ပေါင် ၈၀− ခြောက်တန်းကျောင်းသူ ကျွန်မရဲ့ အလေးချိန်။ လူတိုင်းက ကျွန်မကို စကားလုံး ၃ လုံးနဲ့ပဲ အမြဲ နှုတ်ဆက်တယ်။ “ထွားလိုက်တာ” ကျွန်မ အဆင့် ၁ တွေ ဘယ်လောက် ရရ သူတို့ ဂရုမစိုက်ဘူး။ မသိချင်ဘူး။ ငါးပေ ရှိနေပြီ ဖြစ်တဲ့ ကျွန်မ အရပ်ကိုပဲ ခြေဆုံးခေါင်းဆုံး ကြည့်ကြရင်း အမေ ကျွန်မကို ဘာတွေ ကျွေးလဲလို့ပဲ မေးခဲ့ကြတယ်။ ဒါနဲ့တင် မလောက်ပဲ ၅ပေ ၁လက်မ အရပ်ပိုင်ရှင် သေးသေးလှပ်လှပ် အစ်မနဲ့ပါ နှိုင်းယှဥ်ပြီး ချီးကျူးသလိုနဲ့ ၀ိုင်းရန်တိုက်ပေးကြသေးတယ်။ “အစ်မလောက် ဘာလို့ မလှတာလဲ” “အစ်မလောက် ဘာလို့ မဖော်ရွေတာလဲ” “အစ်မလောက် ဘာလို့ လူတောမတိုးတာလဲ” “အရပ်ရှည်တဲ့သူက အစ်မလား ” “ညီမက ရင့်တယ်နော်၊ အစ်မ ပိုနုတယ်” စသည့်ဖြင့်။ ထိုးနှက်မှုတွေကြားမှာ နှစ်ယောက်စလုံးရဲ့ ချစ်ခြင်းတရား၊ မေတ္တာတရားတွေပါ ပျက်ယွင်းပြီး အချင်းချင်းရန်သူလို့ပဲ မြင်ခဲ့ကြတော့တယ်။ ပြောသူတွေကတော့ မရည်ရွယ်ပါဘူးလို့ပဲ ခေါင်းရှောင်ကြလိမ့်မယ်။ အပြောခံရတဲ့သူတွေသာ စိတ်ဓါတ်အကျရဆုံးဆိုတာ သူတို့ ဂရုမစိုက်ဘူးလေ။ ပေါင် ၁၅၁ − ဆယ်တန်းကျောင်းသူ ကျွန်မရဲ့ အလေးချိန်။ လူတိုင်းက ကျွန်မကို စကားလုံး ၃လုံးနဲ့ နှုတ်ဆက်ပြန်တယ်။ “၀လိုက်တာ” ကျွန်မ တက္ကသိုလ်၀င် စာမေးပွဲမှာ ဂုဏ်ထူးခြောက်ခုထွက်ဖို့ နေ့မအိပ်ညမအား စာကျက်နေခဲ့တာ သူတို့ ဂရုမစိုက်ဘူး။ လူကြီးမကျ ကလေးက ၁၆နှစ်အရွဉ် ၅ပေ ၄လက်မနဲ့ ကျွန်မ ခန္ဓာကိုယ်က ရွယ်တူ သာမာန်မိန်းကလေးတွေထပ် ဖွံ့ဖြိုးနေတာကြောင့် ယောကျ်ားတွေရဲ့ တဏှာဓါတ်ခံ အကြည့်ရိုင်းတွေကို မရင်ဆိုင်ရဲခဲ့ဘူး။ အမေကလဲ ကျွန်မ ခန္ဓာကိုယ်အကြောင်းကို မသင်ပေးပဲ ဖုံးဖိဖို့ပဲ သင်ပေးခဲ့တယ်။ အပြင်သွားခါနီးတိုင်း မလုံမလဲ ခံစားရလို့ နေရာတကာကို ဖုံးရဖိရတာ ကျွန်မအတွက် အလုပ်ကြီး တစ်ခု။ ပိန်ပိန်ပါးပါး ကောင်မလေးတွေ လှလှပပ ၀တ်စားကြတိုင်း လိုက်ငေးရုံကလွဲရင် မတတ်နိုင်တဲ့ ကျွန်မ အကျီပွပွတွေ၊ ထဘီတွေနဲ့ ဘောင်းဘီရှည်ပဲ ၀တ်ခွင့်ရခဲ့တယ်။ ပေါင် ၁၄၁ − တက္ကသိုလ်ကျောင်းသူ ကျွန်မရဲ့အလေးချိန်။ လူတိုင်းရဲ့ နှုတ်ဆက်မှုတွေက စေတနာမျက်နှာဖုံးအသွင်ဆောင် ထိုးနှက်မှုတွေ ဖြစ်လာခဲ့တယ်။ “အ၀လွန်နေသလိုပဲ၊ ၀ိတ်ချပါလား ” ၅ပေ ၇လက်မနဲ့ ကျန်းမာပြီး ဖွံ့ဖြိုးတဲ့ ကျွန်မခန္ဓာကိုယ်က သူတို့အတွက် မရှု့ဝံ့၊ မနှစ်မြို့စရာ ဖြစ်နေခဲ့ပြီ။ ဒီမှာတင် ပတ်၀န်းကျင်က ရပ်မနေခဲ့ပါဘူး။ “ဒီအရပ်၊ ဒီခန္ဓာကိုယ် အကြီးကြီးနဲ့ ဘယ်ယောကျ်ားက ယူချင်မှာလဲ ” “ယောကျ်ားရှာမရပဲ နေမယ်နော်” “နိုင်ငံခြားသားကို ယူမလို့လား” စသည်ဖြင့် ကျွန်မ ဖြစ်တည်မှုကိုပါ လာခနဲ့တဲ့အထိ ဆိုးရွားလာကြတယ် “မြန်မာ့ယဥ်ကျေးမှုအရ” လူကြီးတွေက “ကောင်းစေချင်လို့ ပြောတာ” ဆိုတဲ့ မဟုတ်တမ်းတရားတွေကိုလဲ ကျွန်မ စက်ဆုပ်တတ်လာခဲ့ပြီ။ သွားရင် သွားပြန်ပြီ။ စားရင် စားပြန်ပြီဆိုပြီး အကြံပေးသလိုလိုနဲ့ သူတော်ကောင်းယောင်ဆောင်တဲ့ ပတ်၀န်းကျင်က အမြင်ကျဥ်းကျဥ်းလူတွေ မသိခဲ့တာက ကမ္ဘာကြီးကို ဘောင်မခတ်တတ်တဲ့ကျွန်မမှာလဲ အတွေးအမြင်နဲ့ စဥ်းစားဆင်ခြင်ဉာဏ်တွေ ထက်မြက်လာခဲ့ပြီ။ အစာအငတ်ခံပြီး ပိန်အောင် လုပ်မယ့်အစား အိပ်ရေးပျက်ခံပြီး ကျွန်မတန်ဖိုးထားတဲ့ ကျွန်မ ဦးနှောက်ကိုပဲ စာတိုပေစ အာဟာရတွေ ကျွေးခဲ့တယ်။ ကျွန်မ သိလာရတာက မြန်မာနိုင်ငံမှာတင်မက တကမ္ဘာလုံးမှာ TV ဖန်သားပြင်က မော်ဒယ်တွေကို ပိန်မှ၊ ဒါပေမယ့် ဖွံ့ဖြိုးသင့်တဲ့နေရာတွေ ဖွံ့ဖြိုးမှ၊ အသားဖြူ၀င်းနေမှ၊ သိမ်မွေ့နူးညံ့မှ စတဲ့ မဖြစ်နိုင်တဲ့ “စံသတ်မှတ်မှု” များစွာက မိန်းကလေးတိုင်းကို သူတို့ခန္ဓာကိုယ်ရဲ့ သဘာ၀ကနေ သွေဖယ်ပြီး ပတ်၀န်းကျင်က လက်မခံမချင်း ကြိုးစားခိုင်းနေကြတယ်။ ကျွန်မမှာ သမီးရှိလာခဲ့ရင် သူ့ခန္ဓာကိုယ်ရဲ့ သဘာ၀ကို ချစ်တတ်အောင်၊ သူများ ခန္ဓာကိုယ်နဲ့ ဆုံးဖြတ်ချက်ကို လေးစားတတ်အောင် သင်ပေမယ်။ ကျွန်မမှာ သားရှိလာခဲ့ရင် သူ့ခန္ဓာကိုယ်ရဲ့ သဘာ၀ကို ချစ်တတ်အောင်၊ သူများခန္ဓာကိုယ်နဲ့ ဆုံးဖြတ်ချက်ကို လေးစားတတ်အောင်သင်ပေးမယ်။ ကျွန်မတို့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေ၊ အဆိပ်သင့် အတွေးအခေါ်တွေကို လက်ဆင့်မကမ်းဖို့ ကျွန်မတို့မှာ တာ၀န်ရှိပါတယ်။ အခုအချိန်မှာ ကျွန်မကတော့ ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး “စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့” ထိုးနှက်မှုတွေ ကြုံရတိုင်း ရဲဆေးအနေနဲ့ အသက်ကို ပြင်းပြင်းရှုပြီး မယ်စကြာ၀ဠာ အရှုံးပေးရမယ့် အပြုံးတစ်ပွင့် ပန်ဆင်ပြီး တုံ့ပြန်ဖြစ်တယ်။ “ကျွန်မ ခန္ဓာကိုယ်ကို ကျွန်မ ပိုင်လို့ ရှင်တို့ အမိန့်ပေးစရာ မလိုဘူး”

Read More