Feminist Literature Competition (Round 1)

Featured Selection – Phyu Nwe Win

ကျမ ခန္ဓာကိုယ်အကြောင်းကို အရင်ဆုံး စဉ်းစားမိတဲ့အခါ ကျမ အတွေးထဲကို ပထမဉီးဆုံး ရောက်လာတာက ကျမရဲ့ ပိပိအကြောင်းပဲ ဖြစ်ပါတယ်။ ကျမတို့ဟာ ငယ်ငယ်လေးကတည်းက ကျမတို့ရဲ့ အမျိုးသမီး အင်္ဂါ ယားလို့ ကုတ်တာပဲ ဖြစ်ဖြစ်၊ စူးစမ်းချင်လို့ပဲ ဖြစ်ဖြစ် ကိုင်မိတဲ့အခါ “ ဟယ် ပိပိကြီး မကိုင်နဲ့ ရှက်စရာကြီး “ ၊“ မရှက်ဘူးလား ဟိုမှာ လူတွေ ကြည့်နေတယ် “ ၊ “ ဟယ် မရှက်တတ်ဘူးကွယ် သည်ကလေး “ ဆိုပြီး တစ်ယောက်ချင်းစီရဲ့ တစ်မျိုးတစ်ဖုံစီ ပြောခြင်းကို ခံခဲ့ကြပါတယ်။ အဲ့လိုမျိုး ပြောခံရတဲ့အခါတိုင်း ကျမရဲ့ အတွေးတွေထဲမှာ မေးခွန်းမထုတ်မိခဲ့ပေမယ့် ကျမသတိထားမိလာတာကတော့ ကျမရဲ့ အမျိုးသမီးအင်္ဂါ ဘယ်လို ပုံစံရှိသလဲဆိုတာကို ဂရုတစိုက် မကြည့်မိခဲ့ခြင်း ဖြစ်ပါတယ်။ ကျမအသက် (၂၀) ဝန်းကျင်ရောက်မှသာ ကျမရဲ့ အမျိုးသမီးအင်္ဂါကို ဂရုတစိုက် ကြည့်မိပါတယ်။ အစောပိုင်းကာလတွေမှာ ကျမထင်တာက ကျမပိုင်ဆိုင်တဲ့ ကျမရဲ့ အမျိုးသမီးအင်္ဂါကို စူးစမ်းခြင်းက ရာဂမှာ စိတ်ဝင်စားတတ်သူဖြစ်ပြီး ကျမကိုယ်ကျမ ရှက်စရာလို့ကို မြင်နေမိတာပါ။ အမျိုးသမီးတွေမှာ ရာဂစိတ်ရှိတာကို အပြစ်လို့ မြင်နေမိတာလည်း ပါပါတယ်။ အမျိုးသမီးတွေဟာ ရာဂစိတ်ရှိလို့ရတယ်ဆိုတာကို ကျမ လက်ခံနိုင်ဖို့ ကိုယ့်စိတ်နဲ့ကိုယ် တော်တော့်ကို တိုက်ခိုက်ယူခဲ့ရပါတယ်။ အခု ကျမသိလာတာကတော့ ရာဂစိတ်ဆိုတာ အသွေးအသားရှိတဲ့ သူတိုင်း ခံစားလို့ရတဲ့ အရာတစ်ခုဖြစ်သလို၊ အမျိုးသမီးအင်္ဂါပုံစံတွေကလည်း မတူညီကြဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကျမဟာ ရာသီလာခြင်းနဲ့ပက်သက်တဲ့ သင်ခန်းစာတွေကိုတော့ ကျမ အသက် (၁၃) နှစ်ကျော်ကတည်းက သိရှိခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီရာသီလာခြင်းနဲ့ ပက်သက်ပြီး ကျမအသက် (၁၇) နှစ်အရွယ်မှာ ကျမရဲ့ သူငယ်ချင်းတွေကို မေးကြည့်တဲ့အခါ သူမတို့ဟာ အမျိုးသမီး ရာသီသွေးဆင်းတဲ့အပေါက်နဲ့ ရှူးထွက်တဲ့ အပေါက်ကိုတောင် မခွဲတတ်ဘူးလို့ ဆိုပါတယ်။ ကျမ သူတို့ကို ရှင်းပြနေချိန်မှာ သူတို့အနေနဲ့ ရှက်သလို ခံစားမိနေတာကို ကျမသတိထားမိပါတယ်။ ဒါပေမဲ့ ရှင်းပြပြီးတဲ့အခါမှာတော့ သူမတို့အနေနဲ့ ရာသီသွေးဆင်းတဲ့အကြောင်းတွေကို ဘယ်လိုသိသလဲဆိုတာကို ဂရုတစိုက် မေးမြန်းကြပါတယ်။ ကျမကိုလည်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ဆွေးနွေးလာကြပါတယ်။ ကျမဆယ်ကျော်သက်အရွယ်တုန်းကဆိုရင် ကြော်ငြာတွေထဲက မင်းသမီးတွေကို မြင်တိုင်း တခါတလေ ကျမတို့တွေဟာ မတူညီတဲ့ ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကို မေ့မေ့သွားတတ်ပါတယ်။ ကြော်ငြာတွေ၊ ရုပ်ရှင်တွေအစရှိတဲ့ မီဒီယာတွေထဲမှာကလည်း ခန္ဓာကိုယ်လှတဲ့သူ၊ ရုပ်လှတဲ့သူတွေသာ အဓိကဇာတ်ကောင်ဖြစ်နေတဲ့အခါကျတော့ အဲ့လို ခန္ဓာကိုယ်တွေ ပိုင်ဆိုင်နေတဲ့သူတွေကပဲ သာနေသလိုလို၊ ကိုယ်ကပဲ လိုအပ်နေသလိုလို၊ မပြည့်စုံသလိုလိုနဲ့ အားငယ်စိတ် နည်းနည်းတော့ ဝင်မိခဲ့ပါတယ်။ သူမတို့လို လှချင်တာမျိုးမဟုတ်ပေမယ့် ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ဝင်နေမိတာပါ။ အဲ့သလို ခန္ဓာကိုယ် လှခြင်း၊ မလှခြင်းဆိုတဲ့ အတွေးတွေနဲ့ ပက်သက်ပြီး အဝတ်အစားဆိုရင်လည်း ခန္ဓာကိုယ်အလိုက် ရွေးချယ်ပြီး ဝတ်မိခဲ့ပါတယ်။ ဉပမာအားဖြင့် ဒူးခေါင်းမလှဘူးဆိုရင် ဒူးခေါင်းဖုံးတဲ့ ဘောင်းဘီတွေကိုသာ ရွေးချယ်ဝတ်တာမျိုးပေါ့။ အခုချိန်မှာတော့ ခန္ဓာကိုယ်နဲ့ လိုက်တာတွေ၊ မလိုက်တာတွေကို မစဉ်းစားဘဲ ကိုယ်စိတ်ထဲက တကယ့်ကို ကြိုက်နှစ်သက်ရာကိုသာ ဝတ်ဖြစ်လာပါတယ်။ ကျမလိုပဲ ကိုယ်ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်နဲ့ပက်သက်ပြီး ရှုပ်ထွေးတဲ့အတွေးတွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်။ ကိုယ့်ကိုယ်ကို သဘောမကျတဲ့အချိန်တွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်၊ ကိုယ့်ကိုယ်ကို လက်မခံနိုင်တဲ့ အချိန်တွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်။ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ တွေးနေမိတဲ့သူတွေ ဘယ်လောက်များ ရှိနေမှာပါလိမ့်။