Feminist Literature Competition (Round 1)

Featured Selection – Alice @ Aye Shwe Yi Cho

၇ပေါင် ၈အောင်စ − မွေးကာစ ကျွန်မရဲ့ အလေးချိန်။ လူမှန်းသိတတ်စက အစားသိပ်မစားလို့ အမေက ကြားဖူးသမျှ အားဆေးတွေ အကုန်တိုက်ခဲ့တယ်။ အစားမရွေးအောင် ချော့တစ်ခါ ခြောက်တစ်လှည့် မျိုးစုံ ကျွေးခဲ့တယ်။ ပေါင် ၈၀− ခြောက်တန်းကျောင်းသူ ကျွန်မရဲ့ အလေးချိန်။ လူတိုင်းက ကျွန်မကို စကားလုံး ၃ လုံးနဲ့ပဲ အမြဲ နှုတ်ဆက်တယ်။ “ထွားလိုက်တာ” ကျွန်မ အဆင့် ၁ တွေ ဘယ်လောက် ရရ သူတို့ ဂရုမစိုက်ဘူး။ မသိချင်ဘူး။ ငါးပေ ရှိနေပြီ ဖြစ်တဲ့ ကျွန်မ အရပ်ကိုပဲ ခြေဆုံးခေါင်းဆုံး ကြည့်ကြရင်း အမေ ကျွန်မကို ဘာတွေ ကျွေးလဲလို့ပဲ မေးခဲ့ကြတယ်။ ဒါနဲ့တင် မလောက်ပဲ ၅ပေ ၁လက်မ အရပ်ပိုင်ရှင် သေးသေးလှပ်လှပ် အစ်မနဲ့ပါ နှိုင်းယှဥ်ပြီး ချီးကျူးသလိုနဲ့ ၀ိုင်းရန်တိုက်ပေးကြသေးတယ်။ “အစ်မလောက် ဘာလို့ မလှတာလဲ” “အစ်မလောက် ဘာလို့ မဖော်ရွေတာလဲ” “အစ်မလောက် ဘာလို့ လူတောမတိုးတာလဲ” “အရပ်ရှည်တဲ့သူက အစ်မလား ” “ညီမက ရင့်တယ်နော်၊ အစ်မ ပိုနုတယ်” စသည့်ဖြင့်။ ထိုးနှက်မှုတွေကြားမှာ နှစ်ယောက်စလုံးရဲ့ ချစ်ခြင်းတရား၊ မေတ္တာတရားတွေပါ ပျက်ယွင်းပြီး အချင်းချင်းရန်သူလို့ပဲ မြင်ခဲ့ကြတော့တယ်။ ပြောသူတွေကတော့ မရည်ရွယ်ပါဘူးလို့ပဲ ခေါင်းရှောင်ကြလိမ့်မယ်။ အပြောခံရတဲ့သူတွေသာ စိတ်ဓါတ်အကျရဆုံးဆိုတာ သူတို့ ဂရုမစိုက်ဘူးလေ။ ပေါင် ၁၅၁ − ဆယ်တန်းကျောင်းသူ ကျွန်မရဲ့ အလေးချိန်။ လူတိုင်းက ကျွန်မကို စကားလုံး ၃လုံးနဲ့ နှုတ်ဆက်ပြန်တယ်။ “၀လိုက်တာ” ကျွန်မ တက္ကသိုလ်၀င် စာမေးပွဲမှာ ဂုဏ်ထူးခြောက်ခုထွက်ဖို့ နေ့မအိပ်ညမအား စာကျက်နေခဲ့တာ သူတို့ ဂရုမစိုက်ဘူး။ လူကြီးမကျ ကလေးက ၁၆နှစ်အရွဉ် ၅ပေ ၄လက်မနဲ့ ကျွန်မ ခန္ဓာကိုယ်က ရွယ်တူ သာမာန်မိန်းကလေးတွေထပ် ဖွံ့ဖြိုးနေတာကြောင့် ယောကျ်ားတွေရဲ့ တဏှာဓါတ်ခံ အကြည့်ရိုင်းတွေကို မရင်ဆိုင်ရဲခဲ့ဘူး။ အမေကလဲ ကျွန်မ ခန္ဓာကိုယ်အကြောင်းကို မသင်ပေးပဲ ဖုံးဖိဖို့ပဲ သင်ပေးခဲ့တယ်။ အပြင်သွားခါနီးတိုင်း မလုံမလဲ ခံစားရလို့ နေရာတကာကို ဖုံးရဖိရတာ ကျွန်မအတွက် အလုပ်ကြီး တစ်ခု။ ပိန်ပိန်ပါးပါး ကောင်မလေးတွေ လှလှပပ ၀တ်စားကြတိုင်း လိုက်ငေးရုံကလွဲရင် မတတ်နိုင်တဲ့ ကျွန်မ အကျီပွပွတွေ၊ ထဘီတွေနဲ့ ဘောင်းဘီရှည်ပဲ ၀တ်ခွင့်ရခဲ့တယ်။ ပေါင် ၁၄၁ − တက္ကသိုလ်ကျောင်းသူ ကျွန်မရဲ့အလေးချိန်။ လူတိုင်းရဲ့ နှုတ်ဆက်မှုတွေက စေတနာမျက်နှာဖုံးအသွင်ဆောင် ထိုးနှက်မှုတွေ ဖြစ်လာခဲ့တယ်။ “အ၀လွန်နေသလိုပဲ၊ ၀ိတ်ချပါလား ” ၅ပေ ၇လက်မနဲ့ ကျန်းမာပြီး ဖွံ့ဖြိုးတဲ့ ကျွန်မခန္ဓာကိုယ်က သူတို့အတွက် မရှု့ဝံ့၊ မနှစ်မြို့စရာ ဖြစ်နေခဲ့ပြီ။ ဒီမှာတင် ပတ်၀န်းကျင်က ရပ်မနေခဲ့ပါဘူး။ “ဒီအရပ်၊ ဒီခန္ဓာကိုယ် အကြီးကြီးနဲ့ ဘယ်ယောကျ်ားက ယူချင်မှာလဲ ” “ယောကျ်ားရှာမရပဲ နေမယ်နော်” “နိုင်ငံခြားသားကို ယူမလို့လား” စသည်ဖြင့် ကျွန်မ ဖြစ်တည်မှုကိုပါ လာခနဲ့တဲ့အထိ ဆိုးရွားလာကြတယ် “မြန်မာ့ယဥ်ကျေးမှုအရ” လူကြီးတွေက “ကောင်းစေချင်လို့ ပြောတာ” ဆိုတဲ့ မဟုတ်တမ်းတရားတွေကိုလဲ ကျွန်မ စက်ဆုပ်တတ်လာခဲ့ပြီ။ သွားရင် သွားပြန်ပြီ။ စားရင် စားပြန်ပြီဆိုပြီး အကြံပေးသလိုလိုနဲ့ သူတော်ကောင်းယောင်ဆောင်တဲ့ ပတ်၀န်းကျင်က အမြင်ကျဥ်းကျဥ်းလူတွေ မသိခဲ့တာက ကမ္ဘာကြီးကို ဘောင်မခတ်တတ်တဲ့ကျွန်မမှာလဲ အတွေးအမြင်နဲ့ စဥ်းစားဆင်ခြင်ဉာဏ်တွေ ထက်မြက်လာခဲ့ပြီ။ အစာအငတ်ခံပြီး ပိန်အောင် လုပ်မယ့်အစား အိပ်ရေးပျက်ခံပြီး ကျွန်မတန်ဖိုးထားတဲ့ ကျွန်မ ဦးနှောက်ကိုပဲ စာတိုပေစ အာဟာရတွေ ကျွေးခဲ့တယ်။ ကျွန်မ သိလာရတာက မြန်မာနိုင်ငံမှာတင်မက တကမ္ဘာလုံးမှာ TV ဖန်သားပြင်က မော်ဒယ်တွေကို ပိန်မှ၊ ဒါပေမယ့် ဖွံ့ဖြိုးသင့်တဲ့နေရာတွေ ဖွံ့ဖြိုးမှ၊ အသားဖြူ၀င်းနေမှ၊ သိမ်မွေ့နူးညံ့မှ စတဲ့ မဖြစ်နိုင်တဲ့ “စံသတ်မှတ်မှု” များစွာက မိန်းကလေးတိုင်းကို သူတို့ခန္ဓာကိုယ်ရဲ့ သဘာ၀ကနေ သွေဖယ်ပြီး ပတ်၀န်းကျင်က လက်မခံမချင်း ကြိုးစားခိုင်းနေကြတယ်။ ကျွန်မမှာ သမီးရှိလာခဲ့ရင် သူ့ခန္ဓာကိုယ်ရဲ့ သဘာ၀ကို ချစ်တတ်အောင်၊ သူများ ခန္ဓာကိုယ်နဲ့ ဆုံးဖြတ်ချက်ကို လေးစားတတ်အောင် သင်ပေမယ်။ ကျွန်မမှာ သားရှိလာခဲ့ရင် သူ့ခန္ဓာကိုယ်ရဲ့ သဘာ၀ကို ချစ်တတ်အောင်၊ သူများခန္ဓာကိုယ်နဲ့ ဆုံးဖြတ်ချက်ကို လေးစားတတ်အောင်သင်ပေးမယ်။ ကျွန်မတို့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေ၊ အဆိပ်သင့် အတွေးအခေါ်တွေကို လက်ဆင့်မကမ်းဖို့ ကျွန်မတို့မှာ တာ၀န်ရှိပါတယ်။ အခုအချိန်မှာ ကျွန်မကတော့ ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး “စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့” ထိုးနှက်မှုတွေ ကြုံရတိုင်း ရဲဆေးအနေနဲ့ အသက်ကို ပြင်းပြင်းရှုပြီး မယ်စကြာ၀ဠာ အရှုံးပေးရမယ့် အပြုံးတစ်ပွင့် ပန်ဆင်ပြီး တုံ့ပြန်ဖြစ်တယ်။ “ကျွန်မ ခန္ဓာကိုယ်ကို ကျွန်မ ပိုင်လို့ ရှင်တို့ အမိန့်ပေးစရာ မလိုဘူး”