Feminist Literature Competition (Round 1)

Featured Selection – Victoria Thaw

ကျွန်မဟာ လူမှန်းသိတတ်စအရွယ်အထိ သာမာန်ခန္ဓာကိုယ်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ သာမာန်လူသားတစ်ယောက်သာဖြစ်ပါတယ်။ အသက် ၇ နှစ်ကစလို့ ကျွန်မက မိန်းကလေးတစ်ယောက်ဖြစ်လာပါတယ်။ မိန်းကလေးဆိုတော့ယောကျ်ားလေးမဟုတ်ဘူးပေါ့။ လူသားဆိုတဲ့ ခေါင်းစဥ်အောက်မှာ ယောကျ်ားလေး နဲ့ မိန်းကလေးဆိုတာ ၂ မျိုးရှိတယ်ဆိုတာကို စပြီး သိလာပေမယ့် မသိခဲ့ရတာတော့ မိန်းကလေးခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ မိန်းကလေးနဲ့ ယောကျ်ားလေးခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ ယောကျာ်လေးဆိုတဲ့ အသုံးအနှုန်းအောက်ကစံနှုန်းတွေက ကျွန်မရဲ့ ဘ၀အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလာခဲ့မလဲဆိုတာပါပဲ။ ကျွန်မနဲ့ကျွန်မခန္ဓာကိုယ်ဟာ အသက် ၁၄ နှစ်မှာပိုပြီး ရင်းနှီးလာပါတယ်။ မွေးကတည်းက အတူပါလာတဲ့ သားဥအိမ်က ပထမဆုံးအကြိမ် စနှုတ်ဆက်ခဲ့တဲ့အချိန်ပေါ့။ လစဥ်သုံးပစ္စည်းကို အဆင်ပြေပြေသုံးတတ်အောင်သင်ယူရင်း မိသားစု၀င်တွေရဲ့ “ရာသီသွေးဟာ သွေးပုပ်ဖြစ်တယ်၊ မိန်းမကိုယ်ဟာမသန့်ရှင်းဘူး” ဆိုတဲ့ စကားတွေကိုလဲ နှာခေါင်းရှုံ့ရင်း၊ အမျိုးသမီးခန္ဓာကိုယ်ရှိနေတာကြောင့်ပဲ ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူး ဆိုတဲ့စကားတွေဟာ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်ပိုင်ဆိုင်တယ်လို့ မခံစားခဲ့ရတာပဲဖြစ်ပါတယ်။ ကျွန်မနဲ့ ကျွန်မခန္ဓာကိုယ်ဟာ တစ်ကယ်တော့ သိပ်ပြီးအကြောမတည့်ခဲ့ပါဘူး။ ကျွန်မဟာ အမျိုးသားတစ်ယောက်လို လုပ်ချင်တာတွေကို ကျွန်မခန္ဓာကိုယ်က ခွင့်မပြုပါဘူး။ ကျွန်မရဲ့ တစ်နေ့တာဟာ အိမ်ထဲကနေအိမ်ပြင်မထွက်ခင်မျာ လမ်းပေါ်ကယောကျ်ားတွေရဲ့ အကြည့်တွေအပြောအဆိုတွေကိုမခံရစေဖို့ လုံခြုံတဲ့အ၀တ်အစားကို၀တ်ဖို့ စဥ်းစားရင်းစပါတယ်။ ဘယ်လိုပဲ၀တ်ထား၀တ်ထား အပြောအဆိုကို ခံရတဲ့အခါလဲ စိတ်လိုက်မာန်ပါ မတုံ့ပြန်မိဖို့ ထိန်းချုပ်ရပါတယ်။ ကျွန်မဟာ ကျွန်မလို အမျိုးသမီး ခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ သူတွေကိုလည်း အိမ်ပြန်ရင် လူပြတ်တဲ့ နေရာကိုရှောင်ဖို့၊ ငရုပ်ကောင်းစပရေးဆောင်ထားဖို့၊ ဓာတ်လှေကားထဲကို သူစိမ်းယောကျ်ားနဲ့ နှစ်ယောက်ထဲဘယ်တော့မှမ၀င်မိစေဖို့ အမြဲပြောဖြစ်ခဲ့တယ်။ ကျွန်မတို့ ခန္ဓာကိုယ်ဟာ ကျွန်မတို့ အပိုင်သာဖြစ်တယ်ဆိုတာကို အချို့လူတွေကမေ့နေကြတယ်ထင်ပါရဲ့။ ဘာသာရေးယုံကြည်မှုတွေ၊ ဖို၀ါဒီကြီးစိုးတဲ့ ပုံစံခွက်တွေကနေဖောက်ထွက်ဖို့ကြိုးစားနေတဲ့ကြားထဲက သတ်မှတ်ချက်တွေများတဲ့ ပတ်၀န်းကျင်က မကြာခဏဆိုသလို ကျွန်မယုံကြည်ချက်တွေအပေါ်သံသယတွေပွါးစေပါတယ်။ အမျိုးသမီးခန္ဓာကိုယ်ထဲမှာမွေးဖွားလာတာတစ်ခုထဲနဲ့ပဲ လူမှုရေး၊ စီးပွားရေး နဲ့ နိုင်ငံရေးစတဲ့ အစိတ်အပိုင်းတွေမှာ ဒုတိယနေရာရကြတဲ့ အမျိုးသမီးတွေဟာ တကယ်တော့တန်းတူအနေနဲ့ ရှိသင့်တယ်ဆိုတဲ့ ယုံကြည်မှု တွေဟာ ရှေးရိုးဆန်ပြီး ရိုးရှင်းတဲ့ကျွန်မ ပတ်၀န်းကျင်ထဲမှာ လူနည်းစုဆီမှာ ရပ်တန့်သွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံကျွန်မမေ့သွားတတ်တာက ကျွန်မလို အမျိုးသမီးခန္ဓာကိုယ်နဲ့ အမျိုးသမီးတွေ၊ အမျိုးသားခန္ဓာကိုယ်နဲ့ အမျိုးသမီးတွေ တွေလဲပဲ ကျွန်မလို နည်းနည်းချင်းစီ ကိုယ်ချစ်ရတဲ့ မိသားစုနဲ့ ပတ်၀န်းကျင်ကို ပြောင်းလဲပေးဖို့ကြိုးစားနေတဲ့သူတွေအများကြီးရှိတယ်ဆိုတာပါပဲ။ ရေလှိုင်းတွန့် နိယာမ ( Ripple Effect ) ဆိုတာလိုပေါ့၊ ကျွန်မတို့အတွက် အလွန်သေးငယ်တဲ့ သက်ရောက်မှုလေးတွေဟာ တခြားလူတွေအပေါ် တဖြည်းဖြည်းရောက်သွားပါတယ်။ အဲ့ဒါကြောင့် ပြောင်းလဲဖို့အရမ်းခက်ခဲနေတဲ့ ပတ်၀န်းကျင်မျိုးမှာတောင် ကျွန်မရဲ့လှုံ့ဆော်မှုတွေ ဟာ အမြင်ကျဥ်းတဲ့ မိသားစု၀င်တွေကို သက်ရောက်ခဲ့ပါတယ်။ သူငယ်ချင်းတွေကို ဘယ်အရာကမှ သူတို့ကိုတားဆီးမရနိုင်ကြောင်း ပြောပြလို့ရခဲ့ပါတယ်။ ကျွန်မတို့လို့တစ်ဦးတစ်ယောက်တွေ အများကြီးပေါ်လာတဲ့အခါ မသိသာရင်တောင် သေးငယ်တဲ့ တိုးတက်မှုလေးတွေပေါ်လာမှာဖြစ်ပြီး ဒီသေးငယ်တဲ့သက်ရောက်မှုလေးတွေကပဲ အမျိုးသမီးတွေအကုန်လုံးအတွက် ပိုကောင်းမွန်တဲ့ အနာဂါတ်ရဲ့အုတ်မြစ်လေးတွေဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။