Feminist Literature Competition(5)

WINNER – “ကြယ်အလင်း” .

“တော်လှန်ရေးကာလ စိတ်ကျန်းမာရေးအတွေ့အကြုံ” ဒီနေ့ဆို ကျွန်မအသက် ၂၃နှစ်ပြည့်ပြီ။ တကယ်ဆို မွေးနေ့မှာ ကျွန်မချစ်တဲ့သူတွေနဲ့အတူ ပျော်ပျော်ပါးပါး ဖြတ်သန်းနေရမှာပါ။ အခုတော့ ကျွန်မ မပျော်နိုင်သလို ဘာမွေးနေ့ပွဲမှလည်း မလုပ်ပါဘူး။ သာမာန်နေ့ တစ်နေ့လိုပဲ အိမ်ထဲမှာ ဖြတ်သန်းလိုက်ရပါတယ်။ မပျော်နေတာကြာပြီ။ စိတ်တွေလေနေတာကြာပြီ။ သိမ်ငယ်တဲ့ ခံစားမှုမျိုး အထီးကျန်တဲ့ ခံစားမှုမျိုးတွေ ခံစားနေရတာကြာပြီ။ ကျွန်မက တောင်သူလယ်သမား မိသားစုလေးကနေ ကြီးပြင်းခဲ့တယ်။ တောင်သူဆိုတော့ ကျွန်မတို့ရဲ့ စီးပွားရေးအခြေအနေလည်း ပြောစရာလိုမယ် မထင်ပါဘူး။ စိုက်ပျိုးချိန်မှာ အရင်းအနှီးများပေမဲ့ ပေါ်တဲ့သီးနှံတွေကျ စျေးကောင်းတယ်ဆိုတာ ရှားပါတယ်။ အဲ့တော့ စီးပွားရေးလည်း သိပ်ပြီး အဆင်မပြေလှဘူး။ ဒါပေမဲ့ ဖေဖေက ကျွန်မကို စီးပွားရေးအဆင်မပြေတဲ့ ကြားကပဲ ဘွဲ့လေးတစ်ခုရအောင်တော့ ကျောင်းထားပေးခဲ့ရှာတယ်။ သင်တန်းတွေလည်း ပေးတက်ခဲ့တယ်။ ဖေဖေကြိုးစားရှာဖွေပြီး ပညာတွေသင်ပေးခဲ့တာမို့ ကျောင်းပြီးရင်တော့ ဖေဖေ့ကျေးဇူးတွေ ဆပ်ခွင့်ရပြီပေါ့။ ဖေဖေ့တာ၀န်တွေကို ပုခုံးပြောင်းထမ်းခွင့်ရတော့မှာ ကျောင်းပြီးသွားတာနဲ့ ရန်ကုန်ဆိုတဲ့ မြို့ကို တက်ကြွသော ခြေလှမ်းတွေနဲ့အတူ ကျွန်မသွားခဲ့တယ်။ အလုပ်တစ်ခုရဖို့ ရှာလိုက်ရတာ စိတ်ကူးတွေထဲကလောက် လက်တွေ့မှာ လွယ်မနေခဲ့ဘူး။ အလုပ်ရှင်ကငြင်းလိုက် ကျွန်မက ငြင်းလိုက်နဲ့ နောက်ဆုံးတော့ ကိုယ်နဲ့အဆင်ပြေမယ်ထင်တဲ့ အလုပ်လေးတစ်ခု ကျွန်မ ရွေးချယ်ခဲ့တယ်။ အလုပ်လေးလုပ်မယ်ရှိသေး ကိုဗစ်ဆိုတဲ့ ကူးစက်မြန်ရောဂါဆိုးကြီးက ကျွန်မတို့နိုင်ငံကို ရောက်လာပြီဆိုတဲ့ သတင်းတွေဖတ်လိုက်ရပါတယ်။ အိမ်ကမေမေက ဖုန်းတွေ တဂွမ်ဂွမ် ဆက်ပါပြီ ပြန်လာခဲ့ဖို့။ ကျွန်မ မပြန်ချင်လို့ ငိုခဲ့တယ်။ ကျွန်မဘ၀မှာ အိမ်ကိုမပြန်ချင်လို့ငိုတာ ဒီတစ်ကြိမ်ပဲ ရှိပါတယ်။ အိမ်ရဲ့ အဆင်မပြေမှုတွေ ကြားသိနေရတဲ့ကျွန်မ အလုပ်ရှိမှကို ဖြစ်မယ်။ ဒါပေမဲ့လည်း မေမေ့ဆန္ဒအရ ကျွန်မ အိမ်ပြန်ခဲ့ရပါတယ်။ အိမ်ရောက်တော့လည်း ထမင်းချက်လိုက် အိမ်အလုပ်လေးလုပ်လိုက်နဲ့ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတယ်။ ၀င်ငွေတစ်ပြားမှ မရှိတဲ့ ဘွဲ့ရ အလုပ်လက်မဲ့။ ဖေဖေက အိမ်မှာနေမှာအတူတူ အကျိုးရှိအောင် သင်တန်းပဲတက်ဆိုပြီး မရှိတဲ့ကြားထဲကနေ ကျွန်မကိုထားပေးပြန်ပြီ။ လိမ်လိမ်မာမာသာနေ ကျန်တာ ဖေဖေ့တာ၀န်ထားဆိုတဲ့ ဖခင်ကောင်းပီသနေတဲ့ ဖေဖေ့စကားသံတွေ ကြားရတာ ရင်ဘက်ထဲကနှလုံးသာတွေ ကြေမွမတတ်။ ဖေဖေ ပေးဆပ်ရကျိုး နပ်အောင် စာတွေ အသည်းအသန်နေ့မနားညမနား ကြည့်ခဲ့တဲ့နှစ်။ ဒါပေမဲ့လည်း ဖြေခါနီးကျမှ ရောဂါကြောင့် မဖြေရတော့ဘူးဆိုပြီး စာထွက်လာတော့ စိတ်ပျက်လက်ပျက်နဲ့ လမ်းတွေ ထပ်ပျောက်ရပြန်တယ်။ မက်ထားတဲ့ အိမ်မက်တွေ စိတ်ကူးတွေ တစ်စစီ တစ်စစီ ချေဖျက်ခံရသလိုပဲ။ နောက်ဆုံးတော့လည်း မေမေ့အိမ်မှာပဲ သောင်တင်ခဲ့ရပြန်တယ်။ ဖေဖေ့ရဲ့ ဒုက္ခအိုးလေးက ဘယ်အချန်ထိ ဒုက္ခတွေ ပေးနေမိဦးမယ်ဆိုတာ စိတ်မကောင်းခြင်းများစွာနဲ့ နေရက်တိုင်းကို ရှင်သန်နေတယ်။ ရက်တွေ တရွေ့ရွေ့ပြောင်းလာရင်း ဖေဖော်၀ါရီ ၁ရက်နေ့ကို ရောက်လာတယ်။ မနက်မိုးလင်းလို့ ဖုန်းကို ဖွင့်ကြည့်တော့ ဖုန်းကတိုင်တွေ ပျောက်နေပြီ။ တစ်အိမ်လုံး ပွစိပွစိနဲ့ ဘာလို့ ဖုန်းလိုင်းတွေ မရတော့တာလဲ မသိဘူးလို့ ပြောနေတုန်း အစ်ကိုတစ်ယောက်က ဒေါနဲ့မောနဲ့ အာဏာသိမ်းသွားပြီလို့ ရေဒီယိုကလာသွားတဲ့အကြောင်း လာပြောတော့မှ ဖုန်းလိုင်းမရတဲ့ အကြောင်းရင်းကို သိရတယ်။ သွားပါပြီ သွားပါပြီပေါ့ ရောဂါကမငြိမ်ရတဲ့အထဲ အာဏာက သိမ်းသွားပြန်ပြီတဲ့လေ။ စိတ်တွေတော့ လေပြီးရင်လေပါပဲ။ အသက်တွေကလည်း ရပ်မနေပဲ ကြီးလာပြီ။ အိမ်မက်တွေတော့ ဝေဝါးပြီးရင်းဝေဝါးလေပဲ။ တစ်နေ့တစ်ခြား ဆိုး၀ါးလာတဲ့ ၀င်ငွေထွက်ငွေ မမျှတဲ့ အိမ်ရဲ့စီးပွားရေး။ အဲ့အချိန်မှ ထွက်ပြေးချင်တယ်။ အိမ်နဲ့ အဝေးဆုံး။ ဘာကြောင့်လဲဆို ကျွန်မ ငွေရှာချင်တယ်လေ။ ဖုန်းဘေလ်တစ်ထောင်တောင် ပုံမှန်မထည့်နိုင်တဲ့ ကိုယ့်ဘဝကို စိတ်ပျက်မိလို့။ ဖေဖေနဲ့ မေမေ့အတွက် ဘာဆိုဘာမှ မဖြည့်ဆည်းနိုင်သေးလို့ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိတယ်။ ကိုယ်နဲ့ အရွယ်တူတွေ ပိုက်ဆံတွေ ရှာနိုင်တဲ့အချိန် ကိုယ်ဟာ အိမ်တွင်းအောင်းနေရလို့ ဘယ်သူ့ကို အပြစ်တင်ချင်မှန်းမသိတဲ့ ဒေါသတွေ။ သူများတွေ လှပနေတဲ့အချိန် ကိုယ်ဟာ နေပူထဲမှ ရုန်းကန်လို့ ကျလာရတဲ့ ချွေးစက်တွေ။ တစ်နေ့တစ်နေ့ မကျေနပ်မှုပေါင်းများစွာနဲ့ မပျော်နိုင်တာ ကြာပြီ။ သည်းခံနိုင်မှု ဟိုးအောက်ဆုံးထိ ထိုးကျနေတယ်။ တော်ရုံဆို အကောင်းမြင်တတ်တဲ့ ကျွန်မက အခုဆို အသေးအမွှားလေးကအစ အဆိုး မြင်လာတတ်တယ်။ စာအုပ်တွေ ဘယ်လောက်ဖတ်ဖတ် စိတ်အဆင်မပြေတဲ့ နေ့တွေကို ကျွန်မ ဖြတ်သန်းရတယ်။ တစ်ယောက်ထဲ ညအမှောင်မှာ အသံတိတ် ငိုခဲ့ရတဲ့ညတွေ မနည်းတော့ဘူး။ စိတ်လည်းကြည်မနေတဲ့ အတွက် ဘယ်သူ့ကိုမှလည်း စကားအကောင်းမပြောချင်ဘူး။ ကျွန်မကို ချစ်ခင်တဲ့ သူတွေအပေါ်မှာ ပျက်ကွက်နေတာတွေများနေပြီဆိုတာလည်း ကျွန်မသိတယ်။ ဒါပေမဲ့လည်း အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်တဲ့ အားအင်မျိုး ကျွန်မမှာရှိမနေခဲ့ဘုး။ ကျွန်မကိုယ်ကျွန်မတောင် နားမလည်နိုင်တဲ့ နေ့စွဲတွေမို့။ ဒီစိတ်သောကတွေမှ လွတ်ရင်ပြီးရောဆိုပြီး ဘယ်တော့မှ ပြန်မလာနိုင်တဲ့ လမ်းတစ်ခုဆီကို ကျွန်မ ထွက်သွားချင်မိတယ်။ လူပင်ပန်းတဲ့ ဒဏ်က်ထက် စိတ်ပင်ပန်းတဲ့ ဒဏ်တွေအရမ်း များလာတဲ့အခါ တစ်ခဏတာပဲ လွတ်မြောက်လွတ်မြောက် အဲ့လမ်းကို ရွေးချယ်ဖို့ ဆုံးဖြတ်ကြတယ် ဆိုတာ ကိုယ်တကယ် ကြုံတွေ့လာရမှ ပိုနားလည်လာတယ်။ ဒီသောကတွေ ဘယ်လောက်ထိ ရှည်ကြာနေဦးမှာတုန်း။ တကယ်ဆို ဒီအချိန်ဟာ ကျွန်မတို့လူငယ်တွေ တက်ကြွလန်းဆန်းနေရမယ့် အရွယ်။ အခုတော့ အိမ်မက်တွေဆိုတာလည်း ဝေဝါး မသေချာတဲ့ မနက်ဖြန်တွေအတွက် ယိုင်နဲ့နဲ့ ခွန်အားလေးနဲ့ ရှေ့ဆက်နေရတယ်။ စိတ်တွေဟာလည်း မတည်မငြိမ် ရယ်နေတဲ့ကြားထဲက ဝမ်းနည်းလာချင်ဝမ်းနည်းလာတာ။ ငိုလိုက်ရယ်လိုက်နဲ့ ကိုယ့်ကိုယ်ကိုတောင် ပုံမှန်မှဟုတ်ရဲ့လား။ စိတ်ကျရောဂါများ ခံစားနေရပြီလား ဆိုတဲ့အထိ။ တန်ဖိုးရှိတဲ့ ကျွန်မတို့ရဲ့ နေ့ရက်လေးတွေကို ဒီလိုခံစားမှုမျိုးကြီးတွေနဲ့ မဖြတ်သန်းချင်တော့ဘူး။ ကျွန်မတို့ လွတ်မြောက်ချင်ပြီ။ ဒီကပ်ဆိုးကြီးလည်း အမြန်အဆုံးသတ် စေချင်ပြီ။ ဓမ္မနဲ့အဓမ္မနဲ့ ယှဥ်တဲ့အခါ ဓမ္မကိုပဲ အမြဲအနိုင်ရစေချင်တယ်။ ကျွန်မတို့ဘ၀တွေ အချုပ်အနှောင်တွေမှ အမြန်လွတ်မြောက်ပါစေ ဆန္ဒပြုရင်း…။

စာရေးသူ − ကြယ်အလင်း