Feminist Literature Competition (5)

Featured Selection – “ Zaw ”

. ထိုနေ့က ဇန်နဝါရီ(၃၁)ရက်နေ့။ နောက်နေ့မနက်ခင်း ခပ်စောစောထပြီး ပြင်ဆင်ရတော့မယ်။ ဒီနေ့က ကျွန်တော့အတွက် သိပ်အရေးကြီးတယ်။ လက်မလွတ်သင့်တဲ့အခွင့်အရေးတစ်ခုမို့ ကျွန်တော် စောစောရောက်အောင် သွားရမယ်။ ကျွန်တော်အလုပ်ရမှဖြစ်မယ် အမေ။ ကျွန်တော်က လူငယ်သဘာဝ အိမ်မက်တွေအပြည့်နဲ့ပေါ့။ ကျွန်တော်ဟာ ဘွဲ့ရပြီးကာစ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် အလုပ်တစ်ခုလုပ်ရမယ်။ ကြိုးစားမယ်။ ပိုက်ဆံရှာမယ်။ မိသားစုကိုပြန်ပြီး ပံ့ပိုးမယ်။ ကျွန်တော့ခြေထောက်ပေါ် ကျွန်တော်ရပ်တည်မယ်။ ပြီးရင်တော့ အမေ့ကို ကျွန်တော့ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့အကြောင်းတွေ သိရအောင် ပြန်ပြောပြချင်တယ်။ အမေရေ ကျွန်တော်သိပ်ပင်ပန်းတယ်။ ငယ်ငယ်ကတည်းက အခုထိသေချာ အနားမယူခဲ့ရသေးဘူးဗျာ။ မိန်းကလေးဆန်ဆန်နေတတ်လို့ အမေ့ရဲ့ ဒေါသတကြီးရိုက်သံတွေ၊ ဆွေမျိုးတွေက လှောင်ပြောင်လို့ဖြစ်တဲ့ မိသားစုရန်ပွဲတွေကြားမှာ ကျိတ်ငိုနေခဲ့ရတဲ့နေ့တွေ အခုထိမှတ်မိနေဆဲပဲ။ ပတ်ဝန်းကျင်က “အခြောက်” လို့ခေါ်လိုက်တိုင်း ကျွန်တော်အမေ့အတွက် စိတ်မကောင်းဖြစ်စေတာကို ကျွန်တော်သိပ်နားလည်တာပေါ့ဗျာ။ တစ်ကယ်တော့ အမေ့သားက ရှေ့ကနေမားမားမတ်မတ် ရဲရင့်ချင်နေခဲ့တာဗျ။ မိသားစုအဆင်မပြေတာလေးတွေကိုဖြည့်ဆည်းပေးချင်စိတ်နဲ့ပဲ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ် အမေ။ ကျွန်တော်ဟာ အိမ်ထောင်ကျဖို့ သိပ်မဖြစ်နိုင်တာမို့ ဒီမိသားစုလေးကိုပဲ တစ်ခုတည်းသော မိသားစုလို့ သတ်မှတ်ထားပြီးသားပါ။ “ကျွန်တော်တို့ဟာ အယောင်ဆောင်တွေမဟုတ်ဘူး။ ကျွန်တော်တို့ဟာ ရွံစရာကောင်းတဲ့လူတွေမဟုတ်ဘူး” အမေ။ ကျွန်တော်တို့ဟာ ကြင်နာတတ်ပြီး ရဲရင့်တဲ့လူတွေပါ။ လူတစ်ဦးနဲ့ တစ်ဦးဟာ အကြိုက်မတူကြဘူး။ ကျွန်တော်တို့ဟာ လူအများစုနဲ့ အကြိုက်မတူတိုင်း မှားယွင်းနေတဲ့လူတွေ၊ ကျက်သရေမရှိတဲ့လူတွေ ဖြစ်သွားရောလားဗျာ။ ဒါတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့ တစ်ဖတ်သတ်အမြင်တွေပဲဆိုပြီး သက်သေပြချင်တယ်။ တစ်ချိန်မှာ ကျွန်တော့်ဘဝအစစ်အမှန်ကို ဖွင့်ပြောပြရင် အမေတို့က လက်ခံပေးမယ်။ ပြီးရင် အမေတို့ကို တစ်လှည့်ပြန်လုပ်ကျွေးရင်း အတူပျော်ပျော်ကြီးနေကြမယ်ဆိုတဲ့ ကျွန်တော့် အိမ်မက်ကလေး ဖေဖော်ဝါရီလမှာ စတင်ပျောက်ဆုံးခဲ့ရတယ်။ ကျွန်တော့ရဲ့ လျှောက်လမ်းတွေ အကုန်ပျောက်သွားသလို၊ ကျွန်တော့်ရဲ့ အိမ်မက်လေးလည်း ဝေဝါးလာခဲ့တယ်။ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ကျက်သရေကင်းမဲ့တဲ့၊ သိပ်ရွံ့မုန်းစရာကောင်းတဲ့ လူတွေက ကျွန်တော့်ဘဝအတွက်လည်း တရားခံတွေဖြစ်လာခဲ့တယ်။ နေ့ညမနား တောက်တစ်ခေါက်ခေါက်နဲ့ နာကျည်းသံတွေပြုရင်း၊ သံပုံးတီးရင်းနဲ့ပဲ စိတ်ဖြေဖျောက်ခဲ့တယ်။ လမ်းပေါ်မှာ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ၊ ဖြစ်ချင်စိတ်တွေကို ဦးဆောင်ဟစ်ကြွေးခဲ့တုန်းကလည်း ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုတွေကိုပါ အော်ဟစ်ပစ်ချင်ခဲ့သေးတယ်။ ကျွန်တော်ဟာ အမှန်တရားအတွက် သိပ်ရဲရင့်တယ်။ ကျွန်တော့ ပတ်ဝန်းကျင်ကို ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ သူတို့တစ်တွေကို ဆန့်ကျင်ခဲ့တယ်။ လိင်စိတ်ကွဲပြားနေပေမယ့် ပုံမှန်ယောကျ်ားတစ်ယောက်ထက် ပိုပြီးလုပ်နိုင်ခဲ့တာကိုတော့ အမေသိရင် ဂုဏ်ယူမလားမသိဘူး။ ပြောမယ့်သာပြောရတာ အမေ့သားတို့ အသိုင်းအဝိုင်းက တစ်ကယ်သတ္တိရှိကြတယ်ဗျ။ နိုင်ငံတကာသတင်းတွေထဲက ပုံတွေကိုကြည့်ရင် သိပ်အားရှိတာပဲဗျာ။ ခြောက်ရောင်ခြယ်သက်တံ့ပေါ်က ချစ်စဖွယ်လူသားတွေရဲ့ သတ္တိကို အမေမြင်ခဲ့ရမှာပေါ့။ တစ်ခါတစ်လေ ကျွန်တော် သူတို့လေးတွေအကြောင်း စဥ်းစားရင် အတော်ခံစားရခက်တယ်။ ကိုယ်တိုင်လည်း ပုံမှန်လိင်စိတ်ခံယူထားတဲ့သူတွေနဲ့ တန်းတူအခွင့်အရေးမရခဲ့တာတွေ၊ ဖိနှိပ်ခံထားရဆဲအခြေအနေတွေ ရင်ဆိုင်ခဲ့ရဖူးတယ်။ တစ်ချို့လူငယ်လေးတွေကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြတယ်လေ။ လိင်စိတ်ကွဲပြားနေတဲ့လူငယ်တစ်ယောက် အဆုံးစီရင်လိုက်တိုင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ တက်လာတယ်။ အထူးသဖြင့် ဘဝတစ်လျှောက်ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် သတ်သေသွားတဲ့ လိင်စိတ်ကွဲပြားသူ လူငယ်တစ်ဦးအကြောင်းကို မကြာသေးခင်က ကျွန်တော်ဖတ်လိုက်ရသေးတယ်။ သူတို့ အဲ့လို လွတ်လမ်းရှာခါနီးရေးခဲ့တဲ့စာတွေက ကျွန်တော့စိတ်ထဲအမြဲစွဲထင်နေတယ်။ ကျွန်တော်ကသာ ငြီးငြူနေတာဗျာ။ တောနက်ထဲမှာရောက်နေတဲ့ ကျွန်တော်တို့လိုလူငယ်တွေလည်း အများကြီးပဲဗျ။ ၈၈ တုန်းက လိင်စိတ်ကွဲပြားတဲ့လူငယ်တစ်ယောက်ဟာ အခု ပြည်သူ့အစိုးရရဲ့ ဝန်ကြီးချုပ်မဖြစ်ခင် သူစွန့်လွှတ်ခဲ့ရတာတွေ၊ ပုံမှန်ယောကျ်ားသားတွေထက်ပိုတယ်။ လူသားဆန်တယ်လို့ပြောရရင် အားတက်စရာကြီးပဲဗျာ။ ဒါတွေကို အမေကြားသိလိုက်ရမယ်လို့ မျှော်လင့်ရတာပါပဲ။ ကျဆုံးအာဇာနည်တွေထဲက လိင်စိတ်ကွဲပြားသူတွေကိုတော့ ထိထိရောက်ရောက် အသိအမှတ်ပြုတာမျိုးမမြင်ရသေးတဲ့အတွက် ကျွန်တော်တို့ဘယ်အချိန်အထိ ဖိနှိပ်ခံရမှာလဲဆိုတဲ့ မေးခွန်းကိုတော့ မမေးရက်ပါဘူး။ ဒီကာလတစ်ခုကို ကျော်လွန်ပြီးရင်တော့ အောင်ပွဲနဲ့အတူ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေအတွက် ကျွန်တော် ကြိုးစားချင်သေးတယ်။ လိင်စိတ်ကွဲပြားလူငယ်တွေဟာ ကမ္ဘာတည်သ၍ရှိနေဦးမှာပဲ။ သူတို့ကိုတော့ အနောက်နိုင်ငံတွေကလို လူ့အခွင့်အရေးအပြည့်အဝနဲ့ ဘဝကို အစအဆုံး လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်စေချင်တယ်။ ပြီးတော့ အမေ့ကို ကျွန်တော် ဂုဏ်ယူစွာနဲ့ ပြောချင်တယ်။ ကျွန်တော်ဟာ ပျော့ညံ့တဲ့သူမဟုတ်ဘူး။ အဲ့လိုပဲ ကျွန်တော်တို့ဟာ ခက်ခဲတဲ့မြေကပွင့်တဲ့ ပန်းလေးတွေလိုပဲ ခက်ခဲတဲ့အခြေအနေတွေမှာ ကြီးပြင်လာကြတဲ့အတွက် သိပ်ကို စိတ်ဓာတ်ခွန်အားပြည့်ဝတဲ့သူတွေဖြစ်တယ်။ အကယ်၍ အမေတို့ မရှိတော့တဲ့အချိန်တစ်ခုမှာလည်း အမေ့သားက ဘယ်လောက်ထိလောကဓံကို ကြံ့ကြံ့ခံနိုင်သလဲဆိုတာ အမေတွေ့ရင်ကျေနပ်စေမယ့်အထိ ကျွန်တော်ကြိုးစားမယ်။ ဒါတွေက ကျွန်တော့်ရဲ့ အိမ်မက်တွေပါ။ ကျွန်တော်နဲ့ အိမ်မက်တူနေတဲ့ လူငယ်တွေရော ဘယ်လောက်ထိ များမလဲလို့ ဘယ်သူက သိနိုင်မှာလဲ အမေရယ်။ ဒီကြားထဲမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ လူငယ်တစ်ယောက်အနေနဲ့ စိတ်ဓာတ်ကတော့ ကျမိတာပဲ အမေရေ့။ ချည်တိုင်ကနေ လွတ်အောင်ပြေးနေသလိုပဲ တစ်သက်လုံးလွတ်အောင်ပြေးနေတယ်။ ဒီတစ်ချီတော့ ကျွန်တော့လွတ်လပ်ရေးအတွက်ရော၊ ကျွန်တော်တို့အနာဂါတ်အတွက်ရော ကြိုးစားမယ်။ ကျွန်တော်တို့ဟာ ဟာသ သာသာပဲ ဆိုတဲ့ ဓလေ့ထုံးစံချည်တိုင်ကနေ ကြိုးပြတ်အောင် ပြေးတော့မယ်ဗျာ။ အမေ့ကိုချစ်တယ်။ အဖေ့ကိုချစ်တယ်။ ကျွန်တော်တို့ အနာဂါတ်တွေမှာဖြစ်လာမယ့် အခက်အခဲတွေကို စိတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်ကြရဦးမယ်။ အမေတို့သိဖို့ ကျွန်တော်တို့ အကြောင်းတွေလည်းပြောပြရဦးမယ်။ လောလောဆယ် တော်လှန်ရေးကာလကြီးကို အတူတူဖြတ်ကျော်ရင်း အားတင်းထားကြမယ်လေ။ မှတ်ချက်။ တော်လှန်ရေးကာလအတွင်းအသက်ပေးခဲ့သော လိင်စိတ်ကွဲပြားသူအာဇာနည်သူရဲကောင်းများကို လေးစားဂုဏ်ပြုချင်ပြီး၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသော လူငယ်များအတွက် ဝမ်းနည်းမိသော စိတ်ခံစားချက်ဖြင့် ရေးသားခြင်းဖြစ်ပါသည်။ စာရေးသူ − ဇော်