“ဖိုဝါဒကြီးစိုးမှု၏ ခေါင်းကို ပစ်ခြင်း”

               ကျွန်တော်တို့ ဘာလို့ ခေါင်းကိုပစ်သင့်တာလဲ။ ပိုတိတိကျကျ မေးရရင် ဘယ်သူ့ခေါင်းကိုပစ်ရမှာလဲ။ ပက်ထရီယာခီက ကျွန်တော့်အဖေခေါင်းထဲကို အဖျားပိုးလို ဝင်ရောက်နေတဲ့ ကပ်ပါးတစ်ကောင်ဖြစ်တယ်။ ဒီကပ်ပါးကောင်ကြောင့် အဖေဟာ အခြေအမြစ်မခိုင်လုံလှတဲ့ အကြောင်းအရာတွေကို ထပ်ခါတလဲလဲ ပြောဆိုလာတတ်တယ်။ အဖေ့ခေါင်းထဲ ကပ်ပါးကောင်ရောက်နေတာကို စပြီး သိလိုက်တဲ့အချိန်က အဖေ့နှုတ်ကနေ စကားတစ်ခွန်းထွက်လာတဲ့အချိန်ပါပဲ။

               “မိန်းမတွေဖြစ်ပြီးတော့” အရာရာကို “မိန်းမတွေဖြစ်ပြီးတော့” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ပိတ်ပင် ချုပ်ခြယ်လာတာက သဘာဝမကျလှဘူး။ ဒါဟာ ကပ်ပါးကောင်ရဲ့ ထိန်းချုပ်မှုကြောင့်သာ ဖြစ်နိုင်တယ်။ “မိန်းမတွေဖြစ်ပြီး အိမ်အလုပ် မလုပ်ချင်ဘူး” “မိန်းမတွေဖြစ်ပြီး ပိပိပြားပြားမနေဘူး” “မိန်းမတွေဖြစ်ပြီး အိမ်မှာကို မနေဘူး” ထပ်ခါတလဲလဲ ကြားနေရတဲ့စကားတွေကြောင့် ကျွန်တော် အဖေ့ကိုပြန်ပြီး မေးခွန်းတွေ ထုတ်ခဲ့တယ်။ “မိန်းမဖြစ်နေလို့ အိမ်အလုပ်လုပ်ရတာလား မိန်းမ မဟုတ်ရင် နေချင်သလို နေလို့ရလား ယောင်္ကျားတွေက တစ်နေကုန် အိမ်ထဲမနေလည်းရလား” မေးခွန်းတွေဟာ အဖေ့ကို အကြီးအကျယ် ဒေါပွစေတာ သိသာလှတယ်။ အဖေ့ခေါင်းထဲက ကပ်ပါးကောင် အခြေအနေဟာ တစ်ရက်ထက် တစ်ရက် ပိုပိုပြီး ဆိုးဝါးလာခဲ့တယ်။ တစ်ရက်မှာ ကျွန်တော်က အဖေ့ရောဂါကို တိုင်ပင်ဖို့ ဖီးမီးနစ်(Feminist) ဆရာဝန်တစ်ယောက်ဆီ သွားခဲ့တယ်။ ဆရာဝန်က ကပ်ပါးကောင်ကို သတ်ရမယ့်အကြောင်း ပြောပြပြီး သတ်ပုံသတ်နည်းကိုပါ ညွှန်ကြားပေးတယ်။ ဒါပေမဲ့ ဒီလိုသတ်ဖို့ဟာ အခြေအနေတစ်ခုအပေါ်ကို လုံးလုံးလျားလျားမှီခိုနေတာဖြစ်ပြီး အဲ့အခြေအနေရောက်မှ ကပ်ပါးကောင်ကို အပြတ်ရှင်းနိုင်မှာဖြစ်ကြောင်းပြောလိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်ဟာ ဆရာဝန်ညွှန်းလိုက်တဲ့ စာအုပ်တစ်ချို့ကို ဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။

             အိမ်ရောက်တဲ့အခါ ကျွန်တော်ဝယ်လာတဲ့စာအုပ်တွေထဲက တစ်အုပ်ကို အဖေ မြင်လိုက်ပုံရတယ်။ စာလုံးကြီးကြီးနဲ့ ရေးထိုးထားတဲ့ ဖီးမီးနစ်(Feminist) ဆိုတဲ့ စကားလုံးအပေါ် အဖေ့ရဲ့ အလိုမကျမှုတွေဟာ တီကောင်ကို ဆားပက်လိုက်သလို ထွက်ပေါ်လာတယ်။ဖီးမီးနစ် ဟာ ဆေးခါးကြီးဖြစ်ကြောင်း အဖေသိပုံပါပဲ။ ကပ်ပါးကောင်ရှိနေတာလည်း သေချာသွားပြီမလို့ ကျွန်တော်ဖန်တီးရမယ့်အခြေအနေတစ်ရပ်အတွက်သာ အာရုံစိုက်လိုက်တော့တယ်။ ပက်ထရီယာခီ ကပ်ပါးကောင်ရဲ့ အတွေးတွေလို ပူလောင်လှတဲ့ နွေရက်တစ်ရက်မှာ အကိုက သူ့ခြေအိတ်တစ်စုံနဲ့အတူ ကျွန်တော့်လက်ကိုင်ပဝါနဲ့ ခြေအိတ်ကိုပါ လျှော်နေခဲ့တယ်။ ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတုန်းမို့ စာမူရေးရ၊ စာတိုက်တွေကို စာမူပို့ရနဲ့ ကျွန်တော့်မှာ အားလပ်ချိန်ရယ်လို့ မယ်မယ်ရရ မရှိ။ အဲ့ဒီနေ့မှာ အကို့ကို လက်ကိုင်ပဝါနဲ့ ခြေအိတ် လျှော်ပေးတဲ့အတွက် ကျေးဇူးတင်စကားပြောပြီး ကျွန်တော့်အခန်းထဲ ပြန်ဝင်လာခဲ့တယ်။ တအောင့် ကြာတဲ့အခါ ကျွန်တော့် အခန်းတံခါးကို အတင်းအဓမ္မ ဖွင့်လိုက်သံကို ကြားလိုက်ရတယ်။ ရေးလက်စ စာမူကို ဘေးချပြီး တံခါးဝကို ကြည့်လိုက်တဲ့အခါ အဖေဟာ ကျွန်တော့်ကို ဒေါသတကြီး ကြည့်နေတာကို တွေ့လိုက်ရတယ်။ ရုတ်တရက် အဖေ့လက်ထဲက ရေစိုနေတဲ့ ခြေအိတ်တစ်စုံက ကျွန်တော့်ရင်ဘတ်ကို ပစ်ပေါက်ခြင်း ခံလိုက်ရတယ်။

             “နင်က ကိုယ့်ခြေအိတ်တောင် ကိုယ်မလျှော်နိုင်တဲ့ထိ ဘယ်လောက်တောင် အလုပ်များနေလို့လဲ၊ အကိုဖြစ်သူက လျှော်နေရတယ်။ နင် အဲ့ဒီ အရည်မရ အဖတ်မရဟာတွေပဲ ဖတ်နေရေးနေ၊ နင် ငရဲကြီးမယ်၊ ကြပ်ကြပ်သတိထား” အဖေ့နှုတ်ထွက်စကားတွေကို ကျွန်တော် ဆက်ပြီး နား‌မထောင်။ ရေစိုနေတဲ့ ခြေအိတ်ကို ကိုင်ပြီး အဖေ့ပခုံးကို တွန်းတွန်းတိုက်တိုက်နဲ့ ရေချိုးခန်းထဲကို ထွက်လာခဲ့တယ်။ ပက်ထရီယာခီက ကျွန်တော့်ကို ပေါက်ကွဲထွက်မတတ်သောအကြည့်တွေနဲ့ ကြည့်နေမယ်ဆိုတာ ခံစားမိတယ်။ အကိုက အားနာတဲ့မျက်လုံးတွေနဲ့ ကျွန်တော့်ကို ကြည့်ရှာတယ်။ ကျွန်တော်က အဆင်ပြေကြောင်း ပြုံးပြလိုက်တော့မှ အကိုက စိတ်အေးသွားရှာပုံပေါ်တယ်။ ကျွန်တော်က ခြေအိတ်တွေကို ရေချိုးခန်းထဲ ပစ်ထည့်ပြီး ကျွန်တော့်အခန်းထဲပြန်ဝင်လာကာ အခန်းတံခါးကို ဆောင့်ပိတ်လိုက်တယ်။ ရိုင်းစိုင်းတဲ့အပြုအမူဖြစ်ဟန်တူသော်ငြား ကျွန်တော် မကြောက်မရွံ့ အခန်းတံခါးကို လော့ခ်ချပြီး အပြင်က အော်ဟစ်သံတွေကို လစ်လျူရှုထားလိုက်တယ်။ (အကိုက ကြင်နာတတ်တဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်တယ်။ အဲ့ဒီအပြင် အကိုက သူကိုယ်တိုင် ဖီးမီးနစ် ဖြစ်မှန်းမသိ ဖြစ်နေခဲ့တယ်။) ထိုနေ့နောက်ပိုင်းတွေမှာ ကျွန်တော်နဲ့ အဖေ စကားမပြောဖြစ်ခဲ့။

               တစ်ရက်မှာ ကျွန်တော်ဟာ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲကို တက်ဖို့ ဖြစ်လာခဲ့တယ်။ ကျွန်တော့် အတန်းဖော်တစ်ချို့ဟာ ကျွန်တော့်ဆောင်းပါးတွေကို ဖတ်လေ့ရှိပြီး သဘောတွေ့ကြတာမို့ ကျွန်တော် ဝမ်းသာခဲ့ရတယ်။ ဖီးမီးနစ်ဇမ် (feminism) အကြောင်း ကျွန်တော် စကားစတဲ့အခါ ‌အတန်းဖော် တော်တော်များများက အဲ့ဒီအကြောင်းကို နားလည်လက်ခံကြတဲ့လူတွေဖြစ်လို့ ကျွန်တော် အံ့ဩခဲ့ရသေးတယ်။ ဖီးမီးနစ်ဇမ်ဟာခေတ်အပြောင်းအလဲမှာ ပါလာတာကို မျက်မြင်တွေ့ရတော့ ကျွန်တော့်စိတ်ထဲ ဝမ်းသာပီတိ ဖြစ်မိသလိုပါပဲ။ ထူးထူးဆန်းဆန်း အတန်းဖော် အမျိုးသမီးသူငယ်ချင်းတစ်ယောက်ရဲ့ စကားမှာ ပက်ထရီယာခီဆန်တဲ့ ဝေါဟာ‌ရတွေ ပါဝင်လာကို ကြားလိုက်ရတဲ့အခါ ကျွန်တော် ထိတ်လန့်သွားတယ်။ အမျိုးသမီးတစ်ချို့က ပက်ထရီယာခီကို သက်ဆိုးရှည်စေတယ်ဆိုတာကို အဲ့ဒီ အတန်းဖော်ရဲ့ နှုတ်ကနေ “မိန်းမက မိန်းမ ပီပီသသ နေရမှာပေါ့ မိန်းမက ယောင်္ကျားလိုနေလည်း ယောင်္ကျားဖြစ်သွားတာမှမဟုတ်တာ” ဆိုတဲ့ စကားမထွက်လာခင်ထိ ကျွန်တော် မယုံကြည်ခဲ့ဘူး။ သူ့အပြုအမူနဲ့ စကားတွေဟာ အမျိုးသားတွေပေါ် တိမ်းညွတ်ပြီး တစ်ဖက်စောင်းနင်းဆန်ဆန် ဖြစ်လာတဲ့အခါ အဲ့ဒီစကားဝိုင်းကနေ ကျွန်တော် ထွက်လာခဲ့တယ်။

              အမျိုးသမီးတစ်ချို့ဟာ သူတို့ကို အမျိုးသားတွေ သဘောကျကြဖို့ သူတို့ကိုယ်ကို သူတို့ နှိမ့်ချ အညွန့်ချိုးပစ်လိုက်တာတွေ ရှိသေးပါလားလို့ ကျွန်တော်တွေးမိတယ်။ ဒါက ကျွန်တော့်ကို အတော်လေး ထိတ်လန့်စေပါတယ်။ ညစာစားဝိုင်းမှာ ဝိုင်တစ်ချို့ပါတော့ ကျွန်တော် အများကြီးမသောက်ပဲ အိမ်ကိုပဲ စောစောပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ အမေက အကျိုးအကြောင်းမေးပြီး စကားပြောနေတဲ့အချိန် အဖေ့ရဲ့ ဆူညံသံကို ရုတ်တရက်ကြားလိုက်ရတယ်။ ပက်ထရီယာခီဟာ နေ့ညမရွေး ဒုက္ခပေးနိုင်ကြောင်း အဲ့ဒီညမှာ သိလိုက်ရတာပါပဲ။

              “မိန်းမဖြစ်ပြီး အပြင်မှာ သောက်စားလာတယ် ဟုတ်လား၊ တော်တော် တတ်နေတာပေါ့၊ တော်တော် ခေတ်မီနေတာပေါ့ မိန်းမပျက်တွေ” မိန်းမပျက်ဆိုတာ ပြည့်တန်ဆာကို ရည်ညွှန်းတာဆိုရင် လိင်လုပ်သားအခွင့်အရေးအကြောင်း ကျွန်တော် ပြောပြမိဦးမှာပါပဲ။ ကျွန်တော့်ပါးစပ်က ဝိုင်နံ့ထွက်နေတာကို ကျွန်တော် ခယပြီး မတောင်းပန်နိုင်။ ကျွန်တော်မှာ သမီးတစ်ယောက်ရဲ့စိတ်ထက် မိန်းမတစ်ယောက်ရဲ့ခွန်အားပဲ ရှိနေဟန်တူပါတယ်။

              “မိန်းမတွေ အရက်မသောက်ရဘူးဆိုတာ ဘာလို့လဲ အဖေ ဘုရားက အကုန်လုံးကို မသောက်ဖို့ တားတာလေ မိန်းမတွေကိုပဲ မသောက်ခိုင်းတာမှ မဟုတ်တာ ယောင်္ကျားတွေလည်း သောက်တာပဲ ယောင်္ကျားတွေလည်း လူယုတ်တွေပဲလား” ပက်ထရီယာခီက အမြင့်ဆုံးကို တက်သွားပြီး အဖေ့လက်တွေကပါ ခပ်မြင့်မြင့်ကို ပျံတက်လာပါတယ်။ ပက်ထရီယာခီကို သတ်ဖို့ အချိန်ကောင်းပါပဲ။ ဒါပေမဲ့ ရုတ်တရက် အမေက အဖေ့လက်တွေကို ဆွဲကိုင်လိုက်ပြီး စိတ်ထိန်းဖို့ ပြောလိုက်ပါတယ်။ ကျွန်တော့်အခွင့်အရေးကို အမေက မရည်ရွယ်ပဲ ဖျက်ဆီးလိုက်မိတာပါပဲ။ အမေ့မှာ ကျွန်တော်ထိခိုက်မှာကို မလိုလားတာဖြစ်လို့ အမေ့ကို ကျွန်တော် အပြစ်မတင်ရက်ပါ။ ရက်တွေ လတွေပါ ကြာသွားတဲ့ထိ အခွင့်ကောင်းကို ကျွန်တော်စောင့်စားနေခဲ့ပါတယ်။

               ပက်ထရီယာခီက ကျွန်တော်နဲ့ အဖေ့ကို ဆက်တိုက် သွေးခွဲရုံကလွဲပြီး အမြင့်ဆုံး အခြေအနေကို ရောက်မလာခဲ့ပါဘူး။ တစ်ရက်မှာတော့ ကျွန်တော့်အိမ်နားက ညီမတစ်ယောက်မှာ မုဒိန်းမှုဖြစ်ပါတော့တယ်။ အမေ့ရဲ့ ဂရုဏာ စကားသံမှာ ကလေးမရဲ့ ဝမ်းနည်းတုန်လှုပ်နေမှုတွေကို ကြားနိုင်တယ်။ ၁၂ နှစ်အရွယ် ကလေးမလေးက ဘယ်လောက်တောင် ကြောက်ရွံ့နေလိုက်မလဲ။ “အဲ့ကောင်မလေးက လူတကာနဲ့လိုက်နေတာကို ခံရမှာပေါ့ ဝမ်းကွဲအကိုတွေရော ဘာတွေရော ‌ဘာကောင်တွေမှန်းမသိဘူး ခေါ်သွားတိုင်း လိုက်သွားတာပဲလေ အနေအထိုင်မှ မတတ်တာ” ပက်ထရီယာခီ ဟာ ရဲတင်းစွာပဲ ထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်ဟာ ထိတ်လန့်မှုကို အရှိန်သတ်ကာ အချိန်‌အတော်ကြာ ဝှက်ထားခဲ့တဲ့ဖီးမီးနစ်သေနတ် မသိမသာ ဆုပ်ကိုင်ထားလိုက်ပါတယ်။ အခွင့်အရေးကောင်းဟာ နောက်တစ်ဖန် ပြန်ရောက်လာတာမို့ ဒီတစ်ကြိမ်မှာတော့ လက်လွှတ်မခံဖို့ အခြေအနေ အရပ်ရပ်က တွန်းပို့နေပါတယ်။ အမေက ထိုင်နေရာက စိတ်ပျက်စွာနဲ့ ထထွက်သွားတဲ့အခါ ပက်ထရီယာခီကို မျိုးဆက်ဖြတ်ဖို့ ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်ရှိပြီဖြစ်ပါတယ်။

            “မုဒိန်းမှုမှာ လုပ်တဲ့လူကပဲ အပြစ်ရှိတယ် ကောင်မလေးက အဝတ်ဗလာဆိုရင်တောင် သူ့မှာ မုဒိန်းကျင့်ပိုင်ခွင့်မရှိဘူး” အဖေက ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်တယ်။ ပက်ထရီယာခီရဲ့ အရှိန်ဟာ တက်နေဆဲ။ “အနေအထိုင် မတတ်တာပဲကွ၊ နင်က ဘာသိလို့လဲ အကောင်တွေ တရုန်းရုန်းနဲ့နေတာကို နည်းတောင် နည်းသေးတယ်” “သူ့အစ်ကိုတွေပါ အဲ့ဒါ သူ့ရဲ့ ဝမ်းကွဲအစ်ကို။ သူတို့ မိဘတွေနဲ့လည်း ရင်းနှီးတဲ့ ဝမ်းကွဲအစ်ကိုက လုပ်သွားတာ။ မောင်နှမဝမ်းကွဲကို လုပ်သွားတာ။ သူ့မိဘတွေက သူ့ကို ဘယ်လောက်တောင် မသင်ပေးခဲ့လို့လဲ အဖေ စဉ်းစားကြည့်။ သူတို့သားကို ကောင်းတာ ဆိုးတာ ဘာမှမသင်ပေးခဲ့ဘူးလား။ ဘယ်လောက်တောင် အသိဉာဏ် ကင်းမဲ့လိုက်တဲ့ မိဘတွေလဲ။ ဘယ်လောက်တောင် ဦးနှောက်မရှိ၊ စာနာစိတ်မရှိတဲ့ သားသမီးလဲ။

              ကောင်မလေးက သူ့ညီမပါ” ကျွန်မဟာ ကျွန်မရဲ့ ဖီးမီးနစ်သေနတ် ပေါ်ပေါ်ထင်ထင် မောင်းတင်ပြီး ပက်ထရီယာခီရဲ့ ဦးခေါင်းကို တည်ကာ လက်ညှိုးကို ကွေးချလိုက်ပါပြီ။ ပက်ထရီယာခီ ကပ်ပါးကောင်ရဲ့ အဆိပ်အတောက်တွေဟာ နံရံမှာ ပေကျံပြီး အပိုင်းပိုင်း ပြတ်ထွက်ကုန်တယ်။ အဖေဟာ ကျွန်တော့်ကို အချိန်အတန်ကြာ ကြည့်နေခဲ့တယ်။ သူ့တစ်ဘဝလုံး တွေးထားခဲ့သမျှတွေ အရည်ပျော်ကျသွားတဲ့အခါ သူ ဘာကို ယုံကြည်သင့်လဲဆိုတာကို နောက်တစ်ကြိမ် ဝေဖန်ပိုင်းခြားရတော့တယ်။ ကျွန်တော်နဲ့ အဖေ ပက်ထရီယာခီ ကို မျိုးဖြုတ်နိုင်ခဲ့ပါပြီ။