“လူဆိုတာ…….”

             ကျွန်မ လူမှန်းသိတက်စအရွယ်မှာ ကျွန်မရဲ့မိဘတွေကပြောတယ်။ “မိန်းကလေးဆိုတာ အသံအကျယ်ကြီးနဲ့ မရယ်ရဘူးတဲ့” ဒါပေမဲ့ ကျွန်မရဲ့အဖေကတော့ ဟာသကားတွေကြည့်တိုင်း၊သူသဘောကျတဲ့အရာတွေကိုတွေ့တိုင်း အသံကျယ်ကြီးနဲ့ အော်ရယ်လေ့ရှိတယ်။အဲ့အတွက်ကို ဘယ်သူကမှ တားမြစ်ခြင်းမရှိပါဘူး…..။

             ကျွန်မအပျိုအရွယ်ရောက်လာတော့ ကျွန်မအမေကပြောပြန်တယ်။ “မိန်းကလေးဆိုတာသိမ်သိမ်မွေ့မွေ့နေရမယ်”တဲ့ အဲ့ဒီစကားကို ကျွန်မတကယ်နားမလည်ခဲ့ဘူး။ဘာလို့ မိန်းကလေးတွေက သိမ်သိမ်မွေ့မွေ့နေဖို့လိုအပ်တယ်ဆိုတာကို သိရဖို့ ကျွန်မနဲ့ ရင်းနှီးတဲ့သူတွေ၊သူငယ်ချင်းတွေကို မေးကြည့်တယ်။စာအုပ်တွေဖတ်ကြည့်တယ်။

              တချို့ကပြောတယ် “မိန်းကလေးဖြစ်နေလို့ကို သည်လိုသိမ်မွေ့နေရမှာ”တဲ့။ တချို့ကတော့ “မိန်းကလေးတွေသိမ်‌မွေ့နေမှ ယောကျာ်းလေးတွေက ကြိုက်ကြမှာ”တဲ့။ တချို့ကဆိုတယ်” သိမ်မွေ့နူးညံ့ခြင်းက မိန်းမကောင်းတွေရဲ့ အင်္ဂါရပ်မို့ပါ”တဲ့။

             ဒီလိုအဖြေတွေကို ကျွန်မပြန်ရပြီးတဲ့နောက် ပင်ကိုယ်စရိုက်က သိမ်မွေ့ညင်သာမှုရှိမနေတဲ့ ကျွန်မဟာ ကိုယ့်ကိုကိုယ် ဒွိဟဖြစ်လာတယ်။”ငါက မိန်းကလေးမဟုတ်လို့ သိမ်မွေ့မှုမရှိတာလား။ “ငါက မိန်းမကောင်းရော ဟုတ်ရဲ့လား”။ “ငါဒီလိုနေရင် ငါက ယောကျာ်းတွေအမြင်မှာ မိန်းမကောင်းမပီသတော့ဘူးလား”။ ကျွန်မဟာ အချိန်ရရင် ရသလို ဒီလိုမေးခွန်းတွေကို ကိုယ့်ကိုကိုယ် ပြန်မေးရင်း စိတ်မလုံခြုံမှု၊စိတ်ဖိစီးမှုကို ခံစားခဲ့ရတယ်။ ကျွန်မသတိမထားမိလိုက်ခင်မှာဘဲ ကျွန်မဟာ ကိုယ့်ရဲ့ပင်ကိုစရိုက်ကို တခြားသူကြိုက်မကြိုက်၊ဆန့်ကျင်ဘက်လိင်တွေကြိုက်မက်ြိုက်အပေါ်မှာ မူတည်ပြီး ပြောင်းလဲဖို့ကို‌တောင်စဉ်းစားမိခဲ့ပါတယ်။အခုချိန် အဲ့အကြောင်းကို ပြန်တွေးကြည့်လိုက်တိုင်းမှာ ယုတ္တိမရှိတဲ့စံနှုန်းတွေကြား ရုန်းကန်နေရတဲ့ ကျွန်မကိုပဲမြင်ယောင် သနားမိနေဆဲပါပဲ……။

             ဒီလိုနဲ့ ကျွန်မ ဆယ်ကျော်သက်အရွယ်၊အရာရာကိုစူးစမ်းချင်စိတ်အပြည့်၊ပေါ့ပေါ့ပါးပါးတက်တက်ကြွကြွနေလိုစိတ်အပြည့်ဖြစ်နေချိန်မှာပဲ ပတ်၀န်းကျင်ကပြောလာခဲ့ပါတယ်။

           “မိန်းကလေးဆိုတာ ဟိုဟိုဒီဒီလျှောက်မသွားသင့်ဘူး။ လောကကြီးက မိန်းကလေးတွေအတွက်လုံခြုံမှုမရှိဘူး”တဲ့လေ။

           သူတို့ပြောတာ မှန်ပါတယ်။ အပြင်လောကကြီးက မိန်းကလေးတွေအတွက် မလုံခြုံပါဘူး။ သတင်း‌တွေထဲမှာလည်း မကြာခဏဆိုသလို အမျိုးသမီးတွေ အပြင်ထွက်ရင် အလိုမတူဘဲ အဓ္ဓမပြုကျင်ခံရတဲ့ အကြောင်းတွေက ပါလာတတ်တယ်။ တလောကပဲ ဆိုရှယ်မီဒီယာအပေါ်မှာ အမျိုးသမီးတစ်ဦးလမ်းလျှောက်‌နေတုန်း ဘယ်ကမှန်းမသိတဲ့ယောကျာ်းတစ်ယောက်က ရိုက်နှက်ခံရတဲ့သတင်းကိုတွေ့လိုက်ရပါသေးတယ်။ ကျွန်မကိုယ်တိုင်လည်း ဆန့်ကျင်ဘက်လိင်‌တွေရဲ့တရွှတ်ရွှတ်နဲ့ စနောက်ခံရတာ၊အချောလေး၊အလှလေးဆိုတဲ့စကားသံတွေနဲ့ ရိသဲ့သဲ့လုပ်ခံရတာ၊မထိတထိနဲ့ လက်အကိုင်ခံရတာတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတယ်။ ဒါပေမယ့် ဒီအ ကြောင်းတွေကို ဘယ်သူ့ကိုမှပြန်မပြောနိုင်ပဲ အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်မရေငုံနှုတ်ပိတ်နေခဲ့မိပါတယ်။ဘာလို့ဆို ပတ်၀န်းကျင်ရဲ့ “နင်ကအပြင်ထွက်လို့သည်လိုအလုပ်ခံရတာ”ဆိုတဲ့ အပြစ်တင်ဝေဖန်သံတွေကို ကျွန်မကြောက်မိလို့ပါပဲ။

            ပတ်၀န်းကျင်က ထူးဆန်းပါတယ်။သူတို့ဟာ သားကောင်ကို အပြစ်တင်ဖို့သတိရပေမယ့် ဗြောင်ကျကျ ရာဇ၀တ်မှုကျူးလွန်နေတဲ့သူတွေကိုတော့ အပြစ်တင်ဖို့၊အ‌ရေးယူဖို့မေ့လျော့နေတဲ့အပြင် လျစ်လျူပါရှုထားသေးတယ်။ဘာလို့ဒီလိုအကျူးလွန်ခံရသူ အများစုက အမျိုးသမီးတွေဖြစ်နေရတာလဲ။ကျွန်မမေးခွန်းထုတ်မိတယ်။လောကကြီးက မိန်းကလေးတွေအတွက် လုံခြုံမှုမရှိဘူးဆို မိန်းကလေးတွေအတွက် လုံခြုံအောင်လုပ်ပေးနိုင်ဖို့အတွက်ကိုရော ကြိုးစားအားထုတ် မသင့်ပေဘူးလား။အမျိုးသမီး‌ တွေကို ကာကွယ်ဖို့အတွက် ပြဌာန်းထားတဲ့ ဥပ‌ဒေ‌ တွေဟာပတ်၀န်းကျင်ကသတ်မှတ်ထားတဲ့ အရှက်တရားဆိုတဲ့ခေါင်းစဉ်အောက်မှာ ပျောက်ကွယ်သွားပြီး ကျူးလွန်သူတွေကို အရေးမယူနိုင်တဲ့ဖြစ်စဉ်တွေရှိနေတာက တကယ့်ကို စိတ်မချမ်းမြေ့ဖွယ်ရာကောင်းလှပါတယ်။

             ကျွန်မဟာ နေ့တိုင်း အိမ်မှုကိစ္စလုပ်ရပါတယ်။အိမ်မှုကိစ္စလုပ်တာဟာ ကျွန်မဝါသနာမဟုတ်ပေမယ့်ပေါ့။ကျွန်မရဲ့အမှန်တကယ် ဝါသနာက ခရီးသွား ရတာပါ။ ခရီးသွားရတာ ဝါသနာပါတဲ့ကျွန်မဟာ မိန်းကလေးမို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အသက်ပြည့်တဲ့အချိန်ထိရောက်လာတာတောင် မိဘမပါဘဲ ခရီးသွားခွင့်မရှိပေမယ့် ကျွန်မသဘောမကျတဲ့ အိမ်မှုကိစ္စတွေကိုတော့ မိန်းကလေးဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ မိဘခွင့်ပြုချက်မလို အော်တိုမက်တစ် တန်းလုပ်ရပါတယ်။

            ကျွန်မရဲ့မောင်လေးဟာ အနေအထိုင်နူးညံ့ပါတယ်။တစ်ခါတစ်ရံ အိမ်မှုကိစ္စတွေလုပ်တဲ့အခါ ပါ၀င်ပြီး ကူညီလေ့ရှိတယ်။ဒါပေမဲ့ သူမီးဖိုချောင်ထဲ ရောက်နေတာကို ကျွန်မအဖေကတွေ့ရင် အဖေက သူ့ကို “အိမ်မှုကိစ္စဆိုတာ မိန်းကလေးတွေလုပ်တာ။‌မင်းလုပ်စရာမလိုဘူး”လို့ပြောလေ့ရှိတယ်။တစ်ဆက်ထဲမှာပဲ ထပ်ပြောတတ်‌သေးတယ် “မီးဖိုချောင်မှာ ယောကျာ်းလေးတွေ ရှိမနေသင့်ဘူး။မင်းယောကျာ်းမဟုတ်ဘူးလား”တဲ့။

           ကျွန်မအဖေရဲ့ သည်စကားတွေဟာ မိန်းမသားဖြစ်တဲ့ကျွန်မကို ခံပြင်းမှုနာကျင်မှုတွေဖြစ်စေပါတယ်။ဒါ့အပြင် ကျွန်မ‌ မောင်လေးကလည်း ကျွန်မအဖေပြောတဲ့ “ယောကျာ်းဆိုတာ” ဆိုတဲ့စံနှုန်း‌ ဘောင်ထဲ၀င်ဖို့တွက် မီးဖိုချောင်မှာအလုပ်လုပ်နေရတဲ့ သူ့အမေတွေ၊အစ်မတွေကို ကူညီပေးချင်တဲ့ဆန္ဒကိုလျစ်လျူရှုဖို့ ကြိုးစားရင်း စိတ်ဖိစီးမယ်ဆိုတာ အသေအချာပါပဲ။တကယ်ဆို အိမ်မှုကိစ္စဆိုတာ မိန်းမတွေအလုပ်ဆိုတာထက် အိမ်တစ်အိမ်မှာနေကြတဲ့ သူတိုင်းလုပ်ရမယ့်တာ၀န်တစ်ခုမဟုတ်ပါဘူးလား……။

            တကယ်တော့ မိန်းမ ယောင်္ကျား ဆိုတဲ့ လိင်အင်္ဂါပေါ်မူတည်ပြီး ခွဲခြားတဲ့အဆင့်မရောက်ခင်မှာ ဒီအမျိုးအစား၂မျိုးလုံးဟာ လူဖြစ်တယ်ဆိုတဲ့ တူညီမှုအဆင့်တစ်ခုရှိနေတယ်ဆိုတာကို ပတ်၀န်းကျင်ကသတိရဖို့မေ့နေကြပါတယ်။ဟုတ်ပါတယ်…… ယောကျာ်းရော မိန်းမရောဟာ လူတွေပါ။ဒါဟာ ဘယ်သူမှငြင်းလို့မရနိုင်တဲ့အမှန်တရားပါ။ဒါပေမဲ့ ခေတ်အဆက်ဆက်က အမျိုးသမီးတွေဟာ လူဖြစ်ပါရဲ့နဲ့ ယောကျာ်းတွေရတဲ့အခွင့်အရေးတွေကို တန်းတူညီမျှမရခဲ့ကြပါဘူး။ဘာလို့ဆို လူမှုအသိုင်းအဝိုင်းဟာ ကျားမဆိုတဲ့အပေါ်မှာပဲ စံနှုန်းတွေကို ဘောင်ခတ်ထားတာမို့လို့ပါ……။

            လူတော်တော်များများက ပြောကြမယ်။အခုချိန်မှာ အမျိုးသားရော အမျိူးသမီးတွေဟာ တန်းတူအခွင့်အရေးရနေတယ်လို့ပေါ့။ဒါပေမယ့်နိုင်ငံရေး၊ စီးပွားရေး၊အနုပညာ၊ခေါင်းဆောင်မှုကဏ္ဍ၊ပညာရေးအစရှိတဲ့ လူမှုကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေကို ပါ၀င်ခွင့်ပြု၊‌နေရာ‌ပေးတာဟာ ယခုချိန်ထိအလွန်နည်းပါးနေတယ်ဆိုပေမယ့် အမျိုးသမီးတစ်ယောက်က အမြင့်တစ်နေရာကိုရောက်လာတိုင်း ဝေဖန်ခံရတဲ့နှုန်းကတော့ အမျိုးသားတွေထက်ပို့မြင့်နေတုန်းပါပဲ။ကျွန်မတို့မြန်မာနိုင်ငံမှာလည်း “ကြက်မတွန်လို့ မိုးမလင်း”ဆိုတဲ့ စကားကို လက်ကိုင်ထားပြီး အမျိုးသမီးတွေကို ခေါင်းဆောင်နေရာမပေးသင့်ဘူးလို့ယုံကြည်နေကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိနေတုန်းပါ။

              ဒါ့အပြင် ရယ်စရာမဟုတ်တဲ့‌ လှောင်ရယ်စရာတစ်ခုရှိပါသေးတယ်။အဲ့တာက ဘာလဲဆိုတော့ မြန်မာအမျိုးသားတစ်ယောက်က ဘာသာခြား၊လူမျိုးခြားနဲ့လက်ထပ်ပေါင်းသင်းရင် ပတ်၀န်းကျင်က တစ်ဖက်အမျိုးသမီးရဲ့နိုင်ငံ၊ဘာသာကို အနိုင်ရပြီဆိုတဲ့ပုံစံမျိုးနဲ့ အောင်ပွဲခံဂုဏ်ပြုချီးမြှောက်ကျပေမယ့် မြန်မာအမျိုးသမီးတစ်ယောက်က အဲ့လိုလက်ထပ်ခဲ့မယ်ဆိုရင် အဲ့ဒီ့အမျိုးသမီးဟာ အမျိုးဂုဏ်ကိုမစောင့်ထိန်းဘူးဆိုပြီး ပတ်၀န်းကျင်က ပြစ်တင်ရှုံ့ချကြတော့တာပါပဲ။ဒါဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းရဲ့ လိင်အင်္ဂါအပေါ်လိုက်ပြီး ခွဲခြားဆက်ဆံတဲ့ ပြယုဂ်တွေထဲကတစ်ခုပါပဲ။

             တကယ်လို့သာ လူကြီးမိဘတွေက သူတို့ရဲ့သား၊သမီး၊‌ မြေး၊မြစ် တွေကို ကျား၊မဆိုတဲ့ အ ကြောင်းအရာပေါ်မှာ အခြေခံပြီး မဆုံးမဘဲ လူဆိုတဲ့ အကြောင်းအရာပေါ်မှာသာ အခြေခံပြီး ဆုံးမကြမယ်ဆိုရင် ကျားမအခြေပြု အကြမ်းဖက်မှုတွေ၊ခွဲခြားဆက်ဆံမှု‌တွေဟာ နည်းနိုင်သမျှ နည်းသွားမယ်လို့ကျွန်မယုံကြည်ပါတယ်။ဥပမာ-“မိန်းမဆိုတာအိမ်မှုကိစ္စလုပ်ရမယ်”ဆိုတဲ့စကားအစား “လူဆိုတာ ကိုယ့်စားဖို့သောက်ဖို့နေဖို့ထိုင်ဖို့အတွက် အိမ်မှုကိစ္စကိုလုပ်သင့်တယ်”ဆိုတဲ့စကားကို အစားထိုးတာမျိုးပေါ့။ဒါပေမဲ့ ဒီလိုစကားတွေကို အမျိုးသားကိုရော၊အမျိုးသမီးကိုရော ပြောဖို့တော့လိုပါလိမ့်မယ်။

           ကျွန်မတို့မှာ ကောင်းမွန်တဲ့အတွေးအခေါ်တွေကို မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းဖို့တာ၀န်ရှိပါတယ်။ကျွန်မတို့ အခုချိန်မှာတွေ့ကြုံနေရတဲ့ ကျား၊မအ‌အခြေပြုခွဲခြားဆက်ဆံမှုတွေ၊အကြမ်းဖက်မှုတွေကို ကျွန်မတို့ရဲ့မျိုးဆက်သစ်တွေဆက်မတွေ့ကြုံစေရဖို့အတွက် လူဆိုတဲ့ဖြစ်တည်မှုကိုသာ အရင်းပြုတဲ့ ဆုံးမသွန်သင်မှုတွေ၊ကျားမတန်းတူညီမျှမှုကို အလေးထားတဲ့ အတွေးအခေါ်တွေကို လူမှုအသိုင်းအဝိုင်းမှာ ဖြန့်ကျက်ဖို့ဟာ အလွန်ပဲ လိုအပ်နေလျက်ရှိပါတယ်………။