Feminist Literature Competition (Round 1)
Winner – Seng Mai

နေရောင်ခြည်က မှန်ပြတင်းတံခါးကို ဖောက်ပြီး မျက်နှာကို တိုး၀င်လာတဲ့အတွက် မျက်လုံးပိတ်ကာ နိုးထလာမိတယ်။ မှန်တင်ခုံလေးရှေ့ထိုင်နေစဥ် အတွေးထဲရိပ်ကနဲ၀င်လာတာက “အင်း… ဒီနေ့ဆို သူတို့အားလုံးနဲ့ လမ်းခွဲခဲ့တာ သုံးနှစ် တင်းတင်းပြည့်ပြီပဲ”။

ဒါပေမယ့် သူ့မျက်နှာမှာ နောင်တရပြီး ၀မ်းနည်းမှုအသွင်မပေါ်ဘူး။
သူ့ရွေးချယ်မှုက မှန်တယ်၊ သူ့ဆုံးဖြတ်ချက်ကမှန်တယ်ဆိုတဲ့ ခံယူချက်ကြောင့် မိသားစုနဲ့ ချစ်သူကို ထားခဲ့ပြီး ဘ၀ကို တစ်ယောက်တည်းဖြတ်သန်းလာသူဟာ နုနု၀င်းပါ။

အခုတော့ နုနု၀င်းဟာ တောင်ပေါ်မြို့တစ်နေရာမှာ တစ်ရွာလုံးကလေးစားရသူတဲ့ ဆရာမတစ်ယောက်ပေါ့။ နုနုတစ်ယောက် သူ့ကိုယ်သူ မှန်ထဲတွင် ကြည့်ရင်း အတိတ်အကြောင်းလေးကို ပြန်စဥ်းစားနေတော့တယ်….

“သမီးရေ… မောင်သူရလာတယ်ဟေ့”

အခန်းထဲက ထွက်လာတဲ့ နုနု၀င်းတစ်ယောက် အသားဖြူဖြူ မျက်နှာသွယ်သွယ်ပေါ် နှာတံချွန်ချွန် မျက်ခုံးကောင်းကောင်းနဲ့ ပန်းနုရောင်နှုတ်ခမ်းလေးဟာ မြင်သူတွေ နှစ်ခါပြန်ကြည့်ရတဲ့ အလှမျိုးပိုင်ဆိုင်ထားသူပါ။ မြစ်ကြီးနားတက္ကသိုလ်က ကျောင်းသားတွေကြားမှာ နာမည်ကြီးနေတာကတော့ မဆန်းပါဘူး။ သူ့ကို မှတ်မိစေတာက ဒူးနားထိရှည်တဲ့ ဆံပင်ရှည်ကြီးပဲ။

မောင်သူရ စောင့်နေရတဲ့အပေါ် စိတ်မရှည်တဲ့ လေသံနဲ့ “စောင့်လိုက်ရတာ နုနုရေ၊ နင်ကျောင်းသွားရင် အလှမပြင်ပါနဲ့ဆို၊ နင့်ကိုငါပဲပိုင်ရမှာ သူများကြည့်တာတောင် မကြိုက်ဘူး” ဆိုကာ ကားပေါ်က စောင့်နေလိုက်တော့တယ်။

မောင်သူရ စိတ်ဆိုးတာကို သမီးထက်ကြောက်နေသူမှာ ဒေါ်စိန်ကြည်တစ်ယောက်ပဲ။ “သမီးကလည်း မောင်သူရ မကြိုက်ရင် အလှမပြင်ပါနဲ့ဆို ပြောတာမရဘူး။ ကြည့်… စိတ်ဆိုးသွားပြီ။”
မောင်သူရ ကတော့ သချာနဲ့ ကျောင်းပြီးကာ အလုပ်မလုပ်သေးပဲ ချစ်သူ အီးမေဂျာပထမနှစ်ကျောင်းသူ နုနု၀င်း ကို ကျောင်းလိုက်ပို့ခြင်းသာဖြစ်တယ်။

သူငယ်ချင်းတွေနဲ့ ကန်တင်းထိုင်တာလည်း မကြိုက်၊ လည်တာလည်းမကြိုက်၊ အချိန်ပြည့် ဘေးနားမှာ နေပြီး မျက်စိဒေါက်ထောက်ကြည့်နေသူပေါ့။
ကျောင်းက သူငယ်ချင်းတွေက “နုနုရေ နင်အရမ်းကံကောင်းတာပဲနော်၊ ငါလဲ အဲလိုရည်းစားလိုချင်လိုက်တာ”တဲ့။ “မထင်လိုက်ပါနဲ့ အေးရေ… ငါရူးချင်နေပြီ၊ အိမ်မှာက အစ လိုက်ပြီး ကပ်သပ်နေပြီ”။
ကောင်းသားပဲ။ နင့်အမေတွေလဲ သဘောတူပြီးသားဆိုတော့။
ဒီလိုနဲ့ မိခင်နဲ့ ချစ်သူအလိုကျ အသက်ရှင်နေခဲ့ရတဲ့ နုနု၀င်းတစ်ယောက် အတော် စိတ်ကုန်စပြုနေပြီ။

ပိုဆိုးတာက ကျောင်းပြီးခါနီးလေလေ မောင်သူရ သူ့အပေါ်ဆက်ဆံပုံက အရင်ကထက် ပိုတင်းကြပ်လာတယ်။

“နင့်ကို သူငယ်ချင်းတွေနဲ့ အပြင်မသွားရဘူးလို့ ပြောထားတယ်လေ”
“ကိုကလဲ… နု သူငယ်ချင်းတွေနဲ့ ခေါင်းသွားလျှော်တာပါ၊ ပြီးတော့ အစီအစဥ်မရှိပဲ ဗိုက်ဆာတာနဲ့ တစ်ခုခုသွားစားဖြစ်သွားတာပါ”
“နင်ဘာမှ အပိုတွေမပြောနဲ့ အခုငါနဲ့လိုက်ခဲ့။”
“ကို… သူငယ်ချင်းတွေကိုလည်း အားနာပါဦး။”

အေး အပါအ၀င် သူငယ်ချင်းအာလုံး ပါးစပ်အဟောင်းသားနဲ့ စားလက်စ ပြင်မစားနိုင်ကြတော့ဘူး။

“ဘယ်သူ့ကို အားနာရမလဲ၊ နင့်ကိုငါပြောသားပဲဆိုပြီး လက်၀ါးကို မြှောက်လိုက်တယ်။”

နုနု၀င်း ဆံပင်များ လေထဲပင် ဝှေ့သွားတယ်… ချက်ချင်းပင် လက်ကိုဆွဲကာ ကားပေါ်ဆွဲခေါ်သွားတော့တယ်။ နုနု၀င်း ရင်ဘက်တစ်ခုလုံး မြင့်ချီနိမ့်ချီနဲ့ မျက်နှာတစ်ခုလုံး နီရဲနေပြီ။ နှစ်ဦးသား ကားပေါ် စကားတစ်ခွန်းမှ မပြောပဲ တိတ်ဆိတ်စွာထွက်လာကြတော့တယ်။
အိမ်ရောက်တော့လည်း ခြံရှေ့ကားဟွန်းကို အဆက်မပြတ်တီးနေတော့တယ်။ ဒေါ်စိန်ကြည်တစ်ယောက် ကမန်းကတန်း ပြေးထွက်လာကာ…“ဘာဖြစ်ကြပြန်တာလဲ မောင်သူရရေ…”

“အမေ့သမီး သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်နေတာလေ” ဆိုကာ ကားကို ၀ူးကနဲ ထွက်သွားပါတော့တယ်။ “နုနု၀င်း နင်ကလဲ နင်ပဲ။ မကြိုက်ဘူးလို့ပြောထားရင်း မသွားနဲ့ပေါ့။ မဖြစ်ဘူး… ညည်းတို့ နှစ်ယောက်အမြန်ဆုံးစီစဥ်မှပဲ။”

“သူ့ကို အရမ်းစိတ်ညစ်လာပြီ၊ လက်ထပ်ဖို့ကိစ္စကို စဥ်းစားပါရစေဦး မေမေ။”

“ပါးစပ်ပိတ်စမ်း၊ အခုစာမေးပွဲနီးပြီ ပြီးတာနဲ့ အမြန်ဆုံးစေ့စပ်ပြီး လက်ထပ်ကြတော့။ အခုကစပြီး အပြင်မထွက်ရဘူး သမီး ဒါပဲ။”
အဲဒီည စကားများကြတာ တော်ရုံနဲ့မပြီးဘူး။

နောက်နေ့မနက် သူရ တစ်ယောက် ရောက်လာကာ လက်ထဲကစာရွက်လေး လှမ်းပေးတယ်။ အဲတာက နုနုတစ်ယောက် လိုက်နာရမယ့် တစ်ပတ်စာအချိန်ဇယားပဲ။

“ကို… နု လက်မခံနိုင်ဘူး။”

ကိုသူရ ဂရုမစိုက်ဟန်နဲ့ ကားမောင်းထွက်သွားတော့တယ်။ ဒေါ်ကြည်စိန်က နုနုလက်ထဲမှ စာရွက်ကို ဇွတ်ကနဲ့ ယူဖတ်ပြီး “ကောင်းသားပဲ”
ဒေါ်ကြည်စိန်စိတ်ဆိုးလျှင် မိနု လို့ခေါ်လေ့ရှိတဲ့အတိုင်း “ညည်းကို ငါပါ စောင့်ကြည့်နေမယ် မိနု”

နောက်ဆုံးနှစ် စာမေးပွဲပင် ရောက်ရှိခဲ့ပြီ။

ဆိုင်ကယ်ဟွန်းသံကြောင့် နုနု အိမ်ရှေ့ပြေးထွက်လာတော့ သူရ ကိုတွေ့တယ်။
“သွားမယ်… ကျောင်းလိုက်ပို့မလို့လေ… စာမေးပွဲဖြေရမှာ မဟုတ်လား။လာ သွားမယ်။”

“ဘယ်လိုလုပ်ပြီး ဆိုင်ကယ်နဲ့ ထွက်လာတာလဲ ကို။”
“အိမ်က အဖိုးကြီးနဲ့ စိတ်ဆိုးပြီးထွက်လာတာ။ ဘာမှရှည်မနေနဲ့ တက် ဆိုင်ကယ်ပေါ်”
နုနု မျက်စိတစ်ချက်ဝှေ့အကြည့် အနောက်မှာ လူ၂ယောက်လိုက်လာတာကို တွေ့မိတယ်။
ကို… သူတို့နဲ့ စကားမပြောချင်လို့ နေမှာပါ။
“ခဏ ဆိုင်ကယ်ဦးထုပ်ယူဦးမယ်…”
နောက်ပြန်လှည့်မိအချိန် ဆိုင်ကယ်ပေါ် နုနုခန္ဓာကိုယ်ကို ဆွဲတင်လိုက်ကာ ထွက်သွားပါတော့တယ်။

အဲဒီနေ့က ကံကောင်းတာလား၊ ကံဆိုးတာလား ဝေခွဲမရတော့ပါ။
မြို့လယ်နာရီစင်အကျော် ယာဥ်ထိန်းရဲ ၀ီစီမှုတ်ကာ တားတော့တယ်… ကိုသူရ လီဘာကို ပိုတင်ပြီး မောင်းပြေးဖို့ကြိုးစားတယ်။
ယာဥ်ထိန်းရဲတွေက သုံး၊ လေးနေရာ ခွဲပြီး ၀ိုင်းဖမ်းတော့ မလွတ်တော့ပါ။

နုနု၀င်း နာရီကြည့်မိတော့ ကိုးနာရီထိုးတော့မယ်။
“ကို…. နု နောက်ကျတော့မယ်…. တစ်ယောက်ယောက်ကို အကူအညီတောင်းကြည့်ပါလား။”

“စိတ်မပူနဲ့ ဘယ်သူ့ကိုမှ အားကိုးစရာမလိုဘူး” အခုအချိန်ထိခေါင်းမာနေပြီး ယာဥ်ထိန်းရဲတွေနဲံ စကားအချေအတင်ပြောနေကြတယ်။ ကိုသူရ ပိုက်ဆံထုတ်ပေးတော့လည်း ယာဥ်ထိန်းရဲက မယူပဲ တရားရုံးမှာ သွားထုတ်ရန်သာ ပြောနေတော့တယ်။
“ငိုချင်လာပြီ ကို… ဘယ်လိုလုပ်ကြမလဲ။ ဒီနေ့ စာမေးပွဲနောက်ဆုံးရက်လေ… ထိုအချိန် အစောတုန်းက တွေ့ခဲ့တဲ့ လူနှစ်ယောက်ရောက်လာကြပြီ။”

ကိုသူရက အဲဒီ ၂ ယောက်ကို “ဘာလို့ လိုက်လုပ်တာလဲ၊ သွား… နင်တို့ အကူအညီမလိုဘူး”

“အကိုလေး… မမလေး စာမေးပွဲဖြေရမယ်လေ” ဆိုပြီး ယဥ်ကျေးစွာပြန်ပြောကြတယ်။

တအောင့်ကြာ ယာဥ်ထိန်းရဲနဲ့ စကားပြောပြီး ဆိုင်ကယ်သော့ ပြန်လာပေးတယ်။

နုနုက ဟိုလူနှစ်ယောက် ကျေးဇူးတင်ကြောင်း ပြောနေစဥ် ယာဥ်ထိန်းရဲများက “အစ်ကို ဆောရီးပါ ကျွန်တော်တို့ မသိလို့ပါ။ စောစောက ပြောလိုက်ရင်ရတာပေါ့၊ တောင်းပန်ပါတယ်။”
ကိုသူရ လက်ကိုသာထောင်ပြပြး ကျောင်းဆီ ဆိုင်ကယ်မောင်းထွက်ခဲ့တယ်။

အခန်းစောင့်ဆရာမက “နုနု ဘယ်လိုဖြစ်တာလဲ၊ မိနစ် ၂၀ တောင်နောက်ကျနေပြီ၊ လာလာ ရသလောက် ၀င်ဖြေလိုက်။” ဖတ်လာတဲ့ စာတွေ ဆိုင်ကယ် အရှိန်ပြင်းလို့လား၊ ယာဥ်ထိန်းရဲနဲ့ ပြဿနာတက်လို့လား၊ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်။ နှလုံးခုန်တာတွေ ရပ်အောင် စိတ်ကို ငြိမ်အောင် ကြိုးစားထားပြီး ရတဲ့မေးခွန်းတွေပဲ ဖြေလိုက်တယ်။

စာမေးပွဲအပြီး ၂ ပတ်လောက်အကြာမှာ ဇာတ်လမ်းကစပြီ။
အိမ်ကို ယာဥ်တန်းကြီးထိုးရပ်လာတယ်၊ မော်တော်ပီကယ် ယာဥ်ထိန်းရဲတွေလည်း အလုပ်ရှုပ်ကုန်ပြီ။ အမေကတော့ ၀မ်းဆက်ကြီးနဲ့ ပြုံးနေလိုက်တာ မမောနိုင် မပမ်းနိုင်ပါပဲ။
ရပ်ကွက်လူကြီးတွေ၊ ရပ်မိရပ်ဖတွေပါ အိမ်ထဲကထွက်ပြီး ခရီးဦးကြိုပြကြတယ်။
နုနု၀င်း တစ်ယောက် အခန်းလိုက်ကာ လှပ်ကာ ကြည့်လိုက်တော့ ကိုကို့ အဖ ဗိုလ်မှူးကြီး ဦးထွန်းထွန်း(တပ်ရင်းမှူးကြီး) နဲ့ ဇနီး ဒေါ်တင်တင်၀င်း အပါအ၀င် ဗိုလ်ကတော် ငါးယောက်က ကားတွေပေါ်က ဆင်းလာခဲ့တယ်။
“ဧည့်ခန်းထဲ လူတွေစုံနေပြီ သမီးလေး နုရေ လာပါဦး” အင်မတန်ချိုသာတဲ့ မေ့မေ့ခေါ်သံပဲ။

နုနု၀င်း အတတ်နိုင်ဆုံး ပြုံးကာ ထွက်လာလိုက်တယ်။ အဲဒီနေ့က ကိုနဲ့ နုတို့ရဲ့ စေ့စပ်ပွဲလေး ကောင်းကောင်းပြီးသွားခဲ့ပါပြီ။ သီတင်းကျွတ်ရင် လက်ထပ်ပွဲ စီစဥ်ဖို့ ရက်ပါရွှေ့ထားခဲ့ကြပြီ။
အဲဒီနောက်ပိုင်း ကိုသူရ အိမ်ကို အရင်ကထက် အ၀င်အထွက်များလာတယ်။ မေမေကလည်း ခွင့်ပြုထားတော့ နုနုကို ပိုပြီး မောင်ပိုင်စီးလာတယ်။

တစ်ရက်မှာ နုနုအိပ်နေတုန်း ကိုသူရ အခန်းထဲ၀င်လာတယ်။
“ကို… ရှင်ဘာလုပ်တာလဲ အပြင်မှာ စောင့်နေပါ။ လူကြီးတွေရှိတယ် မြင်ရင်မကောင်းဘူး။”

“နုက ကိုနဲ့ မကြာခင်လက်ထပ်တော့မယ့် မိန်းမပဲဟာ”
“ကိုသူရ… နုကတော့ လက်မထပ်ခင်အထိတော့ တစ်ယောက်နဲ့တစ်ယောက်တော့ စောင့်ထိန်းပေးစေချင်တယ်၊ နုကိုလဲ နည်းနည်းတော့ လေးစားစေချင်တယ်။”

တော်တော်ကြာကြာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရတယ်…. အပြင်က မေမေရဲ့အသံကြားမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့တယ်။”
ကိုသူရ ထွက်သွားပြီး မေမေအခန်းထဲ၀င်လာတယ်။ “မိနု မောင်သူရ စိတ်ဆိုးသွားပြန်ပြီ။ ဒီကြားထဲ မောင်သူရနဲ့ ဘာပြဿနာမှ မဖြစ်စေနဲ့ လို့ ပြောထားတယ်နော်။”

နုနု၀င်းတစ်ယောက် ဆွံ့အသွားခဲ့တယ်။ မိခင် အခန်းတံခါးပိတ်ပြီးအသွား နုနု၀င်းအံကြိတ်ကာ ဆုံးဖြတ်ချက် တစ်ခုခု ချရတော့မယ်ဆိုတာ သတိ၀င်လာတယ်။

၁၀တန်းအောင်ပြီး ကိုနဲ့ တွဲလာကတည်းက ပျောက်ဆုံးသွားတဲ့လွတ်လပ်မှု၊ ကိုယ်ပိုင်ဘ၀ဆိုတာ မေမေရဲ့ ဂုဏ်ပကာသန မက်မောမှု၊ အတ္တကြီးမှုတွေကို တွေးရင်း တွေးရင်း ညလုံးပေါက် အိပ်မရခဲ့ဘူး။ ငိုလိုက်တာများ ခေါင်းအုံးတစ်ခုလုံးကို ရွှဲနေတာပဲ။
ဒီကြားထဲတော့ ကိုနဲ့ မေမေအပါအ၀င် မိသားစုအားလုံးရဲ့ ပြောစကားကို တသဝေမတိမ်းနားထောင်ခဲ့တယ်။

၀ါဆိုလပြည့်နေ့ မေမေတို့ ဘုရားသွားကြတယ်။ နုကတော့ နေမကောင်းဘူးဆိုပြီး ကျန်နေခဲ့တယ်။ အိမ်သားများအားလုံး ထွက်သွားချိန် နုတစ်ယောက် အိတ်ကြီးကြီးတစ်ခုမှာပဲ အင်္ကျီသုံးစုံလောက်ထည့်ကာ စုထားတဲ့ ပိုက်ဆံနဲ့ လက်၀တ်လက်စားတွေကို ကောက်ယူပြီး တိတ်တဆိတ်ခြေရာဖျောက်ခဲ့ပါတော့တယ်။

ကိုကို့အဖေတို့က အသိုင်းအ၀ိုင်းကြီးပြီး လက်တံရှည်တော့ သူတို့ လုံး၀မရိပ်မိနိုင်တဲ့ အဝေးဆီကို ထွက်လာခဲ့လိုက်တယ်။ မေမေနဲ့ ကို တို့ အတော်လိုက်ရှာခဲ့တယ်လို့ကြားရတယ်။

လှောင်ချိုင့်ထဲက လွတ်လာတဲ့ ငှက်လေးတစ်ကောင်လို သူတို့ စိတ်ကြိုက် ကြိုးဆွဲတဲ့ ဘ၀က လွတ်မြောက်လာခဲ့တဲ့ နုနု၀င်းဟာ “ကျွန်မသာလျှင် ကျွန်မခန္ဓာနဲ့ ဘ၀ရဲ့ အရှင်သခင်” လို့ ပါးစပ်က ရွတ်ဆိုရင်း မှန်တင်ခုံပေါ်က မြင်နေရတဲ့ပုံကို ကြည့်ရင်း ပြုံးရယ်နေပါတော့တယ်။