Me and My Home

Feminist Literature Competition (Round 2)

Winner – Giselle Mae

အိမ်ဆိုတာ သက်မဲ့အဆောက်အအုံတစ်ခုသက်သက် မဟုတ်ပါဘူး။ ကျွန်မကို လုံခြုံစေ နွေးထွေးစေတဲ့လူပုဂ္ဂုလ်တွေ အရာဝတ္ထုတွေရှိတဲ့နေရာဟာ ကျွန်မအိမ်ပဲ။ ကျွန်မ မိသားစုဟာ ကျွန်မအိမ်၊ ကျွန်မနှစ်သက်မြတ်နိုးတဲ့ အလုပ်ဟာ ကျွန်မအိမ်၊ ကျွန်မ ချစ်ရသူ ရင်ခွင်ဟာ ကျွန်မအိမ်။သူတိုအ ကုန်ကျွန်မအပေါ်ကောင်းကြပါတယ်။ ချစ်ခင်ပေးကြတယ်၊ ဂရုစိုက်ပေးကြတယ်၊ပံ့ပိုးပေးကြတယ်၊ နားလည်ပေးကြတယ်။ များသောအားဖြင့်ပေါ့ ××× “ဟဲ့ ညည်းတိုအိမ်ကလည်း ရှုပ်ပွ နေတာပဲ ။ အမေ့ကို ကူလုပ်ပေးအုံးလေ.. ညည်းတိုသားအမိ နှစ် ယောက်နဲ့တော့ခက်တော့တာပဲ ” အဘွားက အိမ်လာလည်ရင်အဲ့လိုအမြဲဆူ တတ်တယ်။ “ဟုတ်. သမီးက စာတွေ များလို ကူမလုပ်ပေးဖြစ်တာ.. အမေကလည်း အလုပ်က နောက်ကျမှပြီးတာ..” “ငါတိုတုန်းလည်ဒီလိုပဲလုပ်ရတာပဲ ။ မိန်းကလေးဆိုတာ အိမ်မှုကိစ္စနိုင်နင်းရတယ်။” “အိမ်မှာ မောင်လေးတို အဖေ တို့လဲရှိတာပဲ” “သူတိုက ယောကျာ်းလေးတွေလေ .. ဘယ်လုပ်တတ်ပါ့မလဲ . ဒါငါတို့မိန်းကလေးတွေတာဝန်” အိမ်မှာ ဘာလို့အမေနဲ့ကျွန်မပဲ တာဝန်ရှိသူဖြစ်ရတာလဲဆိုတာ ကျွန်မကောင်းကောင်းနားမလည်။ ဒါပေမဲ့လည်း.. ဘယ်တတ်နိုင်မလဲ .. ကျွန်မတို့က မိန်းကလေးတွေပဲ ။ ××× “ အမေ မန္တလေးကို ရာထူးတိုးပြောင်းရမယ်ဆို?” “အေး.. ဒါပေမဲ့ မဖြစ်ပါဘူး သမီးရယ်..” “ဟယ်ဘာလိုလဲ့ .. အမေ ရာထူးတိုးသွားမဲ့ဟာ” “အိမ်မှာ အမေ မရှိလို့မှမဖြစ်ဘဲ … သမီးတစ်ယောက်တည်းနိုင်မှာ မဟုတ်ဘူး” အင်းနော်.. အမေက အိမ်မှာ မရှိလို့မှမဖြစ်ဘဲ။ အမေက မိခင်ကောင်း.. ဇနီးကောင်း.. မိသားစုကို မပြိုကွဲအောင်စောင့်ရှောက်ရမယ်… “အမေ မနေ့က ပြောတဲ့အလုပ်မလျှောက်ဖြစ်ဘူးလား?” “အေးကွယ်.. အမေ့မှာ အဲ့ရာထူးအတွက် အတွေ့အကြုံလဲမရှိ .. သူများတွေလို certificateဘာညာတွေလဲ ကောင်းကောင်းရှိတာမဟုတ်ဘူး..” ဟုတ်သားနော် .. အမေကသူ့တက်လမ်းတွေ အတွက်ပေး စရာအချိန်မှ မရှိခဲ့ဘဲ.. ××× “လမ်းထိပ်မှာ စာအုပ်သွားငှားမလို့ အမေ ” “ဟဲ့ ဟဲ့ နေ အုံးလေ။ မသွားရပါဘူး မိန်းကလေးတန်မဲ့ တစ်ယောက်တည်း ရပ်ကွက်ထဲမှာက လူပေါင်းစုံနဲ့ ။နောက်မှ မောင်လေးကိုခေါ် ပြီးသွား” “သမီးစာမေးပွဲ ပြီးရင်သူငယ်ချင်းတွေနဲ့ ခရီးသွားချင်လို့” “လူကြီးတွေလဲမပါဘဲနဲ့ သမီးမိန်းကလေးကို အဲ့လိုမလွှတ်နိုင်ပါဘူး .. မိန်းကလေးတန်မဲ့” “အဖေ.. သမီးမနေ့ကပြောတဲ့ Volunteer အစီအစဉ်သွားလုပ်လို့ရမလား” “အဆင်မပြေပါဘူး..သမီးတို့သွားလုပ်မဲ့ နေရာက လူပေါင်းစုံနဲ့… စိတ်မချရဘူး” “အဖေကလည်း.. မောင်လေးတာင် နေရာစုံလျှောက်သွားဖူးနေပြီကို” “ညည်းက မိန်းကလေးလေ.. မတူဘူး။ ယောကျာ်းလေးနဲ့ မိန်းကလေး” “သမီးဆယ်တန်းပြီးရင် mechanical engineering တက်ကြည့်ချင်တယ်” “ဟယ်.. မိန်းကလေးနဲ့စက်ပစ္စည်းတွေနဲ့ မလိုက်ပါဘူးအေ.. ဆေးကျောင်းတက်ပါလား” “မောင်.. မေ မြဝတီဘက်မှာ Project Manager အဖြစ် ရာထူးတိုးပြီးသွားလုပ်ရမယ်” “အဝေးကြီး မေရယ်. မိန်းကလေး တန်မဲ့ စိတ်မချဘူး။ လစာမတိုးလည်းနေပါစေ .. ကိုရှာကျွေးပါ့မယ်” ဟုတ်သားပဲ. ငါကမိန်းကလေး ယောကျာ်းလေးနဲ့ မိန်းကလေးမှ မတူတာ။ သူတို့က ငါ့ကိုချစ်လို့ ပြောကြတာနေမှာပါလေ။ ××× “ဆရာ.. မေ ဆရာတို့ မန္တလေးရုံးခွဲသစ်အတွက် Regional Manager position လျှောက်ချင်လို့ပါ” “သြော် .. ဟုတ်ပြီ.. သမီး .. ဆရာ သမီး CV ယူထားလိုက်မယ်” ဒါပေမဲ့ ကျွန်မနဲ့အတူတူ အလုပ်ဝင်လာတဲ့ ကျွန်မသူငယ်ချင်း သီဟကပဲ မန္တလေးကိုရောက်သွားတယ်။ “အခုမှ အကုန်အစအဆုံးစရမှာဆိုတော့ ယောကျော်းလေးနဲ့ ပိုအဆင်ပြေတယ်ထင်လို့ဆိုလားပဲ.. stress များမှာတွေရော လုပ်ရကိုင်ရ ပင်ပန်းမှာဆိုတော့” “သြော်.. အင်းနော် .. ဟုတ်သားပဲ .. ငါက မိန်းကလေးဆိုတော့..” အဖေတို့ အမေတို့ အဘွားတို့ပြောခဲ့သလိုပေါ့။ “ယောကျာ်းနဲ့ မိန်းကလေးတူမလား” “ယောကျာ်းလေးတွေကပို ပိုက်ဆံရှာရလွယ်တယ်လေ” ××× ကျွန်မမှာ အိမ်လေးတွေရှိတယ်။ သူတို့ကျွန်မကိုချစ်ကြတယ်၊ ဂရုစိုက်ကြတယ်။ ဒါပေမဲ့ အဲ့ဒီချစ်ခြင်းမေတ္တာဆိုတဲ့ခေါင်းစဉ်အောက်မှာပဲ”မိန်းကလေးဆိုတော့စိတ်မချလို့” အကြောင်းပြချက်တွေနဲ့ ကျွန်မတို့ ပိတ်လှောင်ခံခဲ့ရဖူးတယ် ။ “မိန်းကလေးဆိုတာ..” လိုအစပြုတတ်တဲ့စည်းကမ်းချက်တွေနဲ့ ချည်နှောင်ခံခဲ့ရဖူးတယ်.ချုပ်ချယ်မှုတွေကိုကောင်းချီးမင်္ဂလာတစ်ခုလိုကျေကျေနပ်နပ်ခံယူတတ်လာကြတယ်။ အခုခေတ်မှာအရင်ခေတ်ကလိုမိန်းကလေးတွေကိုအိမ်ထဲမှာပိတ်မထားကြတော့ပါဘူးတန်းတူအခွင့်ရေးပေးပါတယ်လို့ပြောကြမှာပေါ့လေ။ ဟုတ်ပါတယ်.. ကျွန်မတို့ အစအဆုံးမရှိတဲ့ အခွင့်ရေးတွေကို စိတ်ကူးယဉ်ခွင့်ပေးထားပါတယ်။ စိမ်းစိုနေတဲ့ မြက်ခင်းပြင်တွေ… ပြာလဲ့နေတဲ့ ကောင်းကင်ပြာတွေ။ ဒါပေမဲ့ ကျွန်မတို့ရောက်နေတာဟာ ဖန်လုံအိမ်လေးတွေထဲ့မှာ။ ကျွန်မချစ်တဲ့မိသားစု၊ ကျွန်မမြတ်နိုးတဲ့အလုပ်ခွင်၊ ကျွန်မ ချစ်သူရဲ့နွေးထွေးတဲ့ ရင်ခွင်။ ဒါတွေဟာတကယ်တမ်းမှာ မရည်ရွယ်ပါဘဲနဲ့လည်း ဖန်လုံအိမ်လေးတွေဖြစ်နေတတ်တယ်။ တကယ်တမ်း ကျွန်မတို့ ထွက်ပြေးဖို့ ပျံတက်ဖို့ အားယူလိုက်တဲ့ အချိန်မှာရော ကျွန်မတို့မှာ အနှောင်အဖွဲ့ကင်းရဲ့လား? အတားအဆီးကင်းရဲ့လား? ဖန်လုံအိမ်တွေအပြင်ဖက်မှာ ကျွန်မတို့အတွက်အန္တာရာယ်တွေများတာ ကျွန်မလက်ခံနိုင်ပါတယ်။ ဒီလိုပတ်ဝန်းကျင်ကပဲ ဖန်လုံအိမ်တွေ ဖြစ်လာအောင်တစ်ဖက်တစ်လမ်းက တွန်အားပေးခဲ့ကြတာပဲ။ ဒါပေမဲ့ အသေးအဖွဲ့ကိစ္စလေးတွေက စလို့ ခေတ်အဆက်ဆက်ကျွန်မတို့တွေဟာ ဖန်နံရံတွေ ပြိုမကျအောင် ၊ မကွဲအက်အောင်ထပ်ထပ်ပြီး အားဖြည့်ခဲ့ကြတယ်။ ကျွန်မတို့ကို စွန့်စားခွင့်တွေ၊ အမှားလုပ်ခွင့်တွေ မပေးရင် ကျွန်တို့ဘယ်တော့မှာ အနှောင်အဖွဲ့ကင်းကင်း ရပ်တည်နိုင်တော့မှာပါလဲ?ကျွန်မတို့မှာ ခေါင်းဆောင်ဖို့အခွင့်ရေးတွေ ဘယ်တော့မှ ရပါတော့မလဲ? ကျွန်မတို့အချင်းချင်း “မိန်းကလေးတန်မဲ့”ဆိုတဲ့” စကားတွေနဲ့ မျက်စောင်းထိုးကြ အတင်းပြောကြအုံးမှာလား? ကျွန်မတို့မျိုးဆက်သစ်ကလေးတွေအတွက်ဖန်လုံအိမ်တွေထပ်ဆောက်ဦးမလို့လား? အဲ့ဒီ အစား.. ကျွန်မတို့အားလုံး အတောင်ညောင်းတဲ့အထိ လွပ်လွပ်လတ်လတ် ပျံသန်းခွင့်ရမယ့် အသိုက်အမြုံလေးတွေ ဆောက်ကြမယ်ဆိုရင်ရော? ဆူးပေါ်ဖက်ကျဖက်ပေါက် ဆိုတဲ့ စကားလုံးကြီးနဲ့မဖိနှိပ်ထားဘဲ ကျွန်မတို့ရဲ့နုနယ်တဲ့ ဖက်ကလေးတွေ ပေါက်ပြဲသွားရင်တောင် ဖာထေးခွင့်ရမဲ့နေရာမျိုး… ကြက်ဖ တွန်တွန်၊ ကြက်မ တွန်တွန် မိုးကတော့ သူအလိုလို လင်းမှာပဲ ဆိုတဲ့အမှန်တရားကို လက်ခံမယ့်နေရာမျိုးပေါ့။