Feminist Literature Competition (Round 1)
Winner – Aye Eaindray Maung

လူသားတိုင်း မွေးဖွားလာချိန်တွင် မတူညီသော ရုပ်ပိုင်းဆိုင်ရာ အချိုးအစားများ၊ လိင်ပိုင်းဆိုင်ရာ ကွဲပြားမှုများ၊ အမျိုးမျိုးသော ကိုယ်ပိုင်ဟန်နှင့် စိတ်နေစိတ်ထားများ ကိုယ်စီပိုင်ဆိုင်ထားကြပါတယ်။ သို့ရာတွင် အစွဲအလမ်း၊ အယူအဆများ၊ ကြီးမားလွန်းသော ပတ်၀န်းကျင်တွင် ကျား၊ မ ရေးရာခွဲခြားမှုများ၊ အခြားသော လိင်စိတ်ခံယူထားသူများကို နှိမ်ချမှုများနှင့် ဖယ်ကျဥ်မှုများ ယခုထက်တိုင် ထင်ရှားစွာ နေရာယူလျက်ရှိနေပါတယ်။ အမျိုးသမီးများ အနေနှင့် မိမိ၏ ၀တ်စားဆင်ယင်ပုံနှင့် သွားလာနေထိုင်မှုများ ပေါ်မူတည်၍ အထင်အမြင်လွဲခံရမှုများ၊ အပြစ်တင်ခံရမှုများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရင်ဆိုင်နေရလျက် ရှိပါတယ်။

အကယ်၍ ထိခိုက်ခံခဲ့ရသူက အမျိုးသမီးဖြစ်နေပါက ထိုအမျိုးသမီး၏ ၀တ်စားပုံ၊ အနေအထိုင်မတတ်ခြင်း၊ ညဘက်အပြင်ထွက်ခြင်း၊ ဘား၊ကလပ်များသို့ အမျိုးသမီးဖြစ်နေလျက်နှင့် သွားရောက်ခြင်း စသော အချက်များအပေါ် အပြစ်ပုံချခံရပြီး တကယ်ကျူးလွန်ခဲ့သူရဲ့ အမှားကို အများစုက မေ့နေတတ်ပါတယ်။
ကျမတို့အနေနဲ့ ငယ်ငယ်ကတည်းက ကျမတို့ ခန္ဓာကိုယ်ကို ချစ်တတ်ဖို့၊ လေးစားတတ်ဖို့နဲ့ တန်ဖိုးထားတတ်ဖို့ နည်းလမ်းမှန်စွာ သင်ကြားခံရဖို့လိုပါတယ်။ ထိုမှသာ ကိုယ့်ကိုယ်ကို ချစ်တတ်ပြိး အခြားသူများကလည်း ကျမတို့ကို လေးစားစွာဆက်ဆံမှာဖြစ်ပါတယ်။ သို့သော်လည်း ပတ်၀န်းကျင်၏ နည်းလမ်းမမှန်သော အယူအဆများ၊ လွှမ်းမိုးမှုများက ကျမတို့ မိမိကိုယ်ကိုလေးစားတတ်မှုနှင့် မိမိတို့၏ ခန္ဓာကိုယ်ကို ချစ်ခင်တတ်မှုများ ပျောက်ဆုံးစေပါတယ်။ ဥပမာအနေဖြင့် ကျမတို့ အပျိုဖော်၀င်စအချိန်တွင် မိန်းမပျိုလေးများအနေနှင့် ရာသီသွေးကို ညစ်ပတ်သောအရာ၊ ဖုံးကွယ်သင့်သောအရာ၊ ရှက်စရာကောင်းသောအရာအဖြစ် သင်ကြားခံခဲ့ရပါတယ်။ ကျမကိုယ်တိုင်လည်း ရာသီလာခြင်းက မိမိကို အမျိုးသားများထက် တစ်ဆင့်နိမ့်ကျစေတယ်လို့ ထင်ခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ရာသီသွေးပေါ်တဲ့အချိန်ကျရင် ကိုယ့်ရဲ့ ဖြစ်တည်မှုကို မကျေမနပ်ဖြစ်ခဲ့ဖူးပါတယ်။

ကျမတို့ အမိ၀မ်းထဲက ထွက်လာကတည်းက ဒီခန္ဓာကိုယ်ကြီးကို ပိုင်လာတာပါ။ ကျမတို့ရဲ့ ကိုယ်နေကိုယ်ဟန်၊ ကိုယ်ခန္ဓာအချိုးအစားကို ဘယ်သူကမှ စော်ကားပိုင်ခွင့်၊ လှောင်ပြောင်ပိုင်ခွင့် မရှိပါဘူး၊ ကိုယ်တိုင်ကလဲ သူတစ်ပါးကို လှောင်ပြောင်၊ ကဲ့ရဲ့၊ ဝေဖန်လို့ မရပါဘူး။ ကျမတို့အနေနဲ့ တစ်ပါးသူကို မထိခိုက်သရွေ့ ကျမတို့ လွတ်လပ်စွာ ပြုမူနေထိုင်သွားလာခွင့် ရှိပါတယ်။ ကျမတို့ရဲ့ ခန္ဓာကိုယ်ဖြစ်တည်မှုကို ဘယ်သူကမှ မည်သည့်အကြောင်းနှင့်မျှ ထိန်းချုပ်ပိုင်ခွင့် မရှိပါဘူး။ ထိန်းချုပ်ဖို့ ကြိုးစားလာရင်လည်း ကျမတို့ အနေနဲ့ ငြိမ်ခံနေစရာ အကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ နေ့စဥ်ဘ၀ သွားလာလှုပ်ရှားမှုမှာ နှုတ်နှင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကြုံတွေ့နေရပါတယ်။ ကျမကိုယ်တိုင်လည်း လမ်းသွားရင် စိတ်လုံခြုံမှု မခံစားရပါဘူး။ အထူးသဖြင့် ဘောင်းဘီတို၊ စကပ်တိုတွေ ၀တ်ထားတဲ့ အချိန်ပေါ့။ “ဘယ်သူကများ ငါ့ကို အန္တရာယ်ပေးသွားမလဲ” ဆိုပြီး အမြဲလန့်နေရပါတယ်။ အမျိုးသမီးတွေ အန္တရာယ်ပြုခံရတဲ့ အချိန်မှာလည်း ပြန်ပြောရဲသူ၊ ပြန်တိုင်ရဲသူက အရမ်းရှားပါးတာ အားလုံးအသိ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ကျမတို့က ခံရသူကိုပဲ အပြစ်တင်တဲ့ ပတ်၀န်းကျင် အသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာလို့ပဲ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရလို့ စိတ်ထိခိုက်နေချိန်မှာ ကိုယ့်ကိုထပ်ပြီး အပြစ်တင်မယ့် ပတ်၀န်းကျင်ရဲ့ဒဏ်ကို ကျမတို့ မခံစားနိုင်ပါဘူး။ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကိုယ့်မျက်စိရှေ့မှာ လိင်ပိုင်းဆိုင်ရာစော်ကားခံနေရတာတွေ့ရင် ၀ိုင်း၀န်းကူညီပေးဖို့ လိုအပ်ပါတယ်။ ခံရသူကို အပြစ်တင်မနေပဲ ၀ိုင်း၀န်းဖေးမပေးရမှာပါ။ ကိုယ့်သားယောကျာ်းလေးတွေကို ဒီလိုမလုပ်ဖို့ သင်ကြားပေးရမှာပါ။
ကျမနှင့် ကျမခန္ဓာကိုယ် အကြောင်းကိုပြောရင် နောက်တစ်ခု မပါမဖြစ်ကတော့ ကိုယ်၀န်ဖျက်ချခွင့်ပါ။ ကိုယ်၀န်ဖျက်ချခွင့်လို့ ကြားလိုက်ရင် အများစုကတော့ မကောင်းတဲ့အရာ၊ မလုပ်သင့်တဲ့အရာလို့ မြင်ကြမှာ အသေအချာပါ။ ဒါပေမယ့် ဒီကိုယ်၀န်ချက်ချခွင့်ဟာ လူ့အခွင့်အရေးပဲဖြစ်ပါတယ်။ မလိုလားအပ်ပဲ (သို့မဟုတ်) မလိုချင်ပဲ ရလာသော ကိုယ်၀န်၊ သက်ငယ်မုဒိန်းမှုကြောင့်ရလာသော ကိုယ်၀န်၊ အတူနေထိုင်မိလို့ ရလာသော ကိုယ်၀န် စသဖြင့် အမျိုးမျိုးရှိကြပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမျိုးသမီးတွေအနေနဲ့ကတော့ ကိုယ်ရလာသော ကိုယ်၀န်ကို ဖျက်ချပိုင်ခွင့်ရှိသင့်ပါတယ်။ ကျန်းမာရေးရှုထောင့်ကပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးရှုထောင့်ကပဲဖြစ်ဖြစ် ဒါဟာလိုအပ်နေတဲ့ အရာတစ်ခုပါ။ ကျမတို့ ခန္ဓာကိုယ်၊ ကျမတို့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူကမှ၀င်မစွက်ဖက်ပဲ လေးစားပေးရမှာပါ။ ကိုယ်၀န်တရား၀င် ဖျက်ချခွင့်ပေးခြင်းဟာ လူ့လောကကို မလိုချင်ပဲနဲ့ ရောက်လာရပြီး ကောင်းကောင်းပြုစုမခံရပဲ ဒုက္ခခံ ကြီးပြင်းလာရမယ့် ကလေးငယ်အရေအတွက် လျော့နည်းသွားမှာပဲဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ကျမတို့အမျိုးသမီးများအနေဖြင့် ကျမတို့ရဲ့ ခန္ဓာကိုယ်အပေါ်မူတည်၍ စော်ကားခြင်း၊ လှောင်ပြောင်ခြင်း၊ ဖိနှိပ်ခြင်းနှင့် အပြစ်တင်ခြင်း စသော အခွင့်အရေးချိုးဖောက်မှုများ နေ့စဥ်ကြုံတွေရလျှက်ရှိပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မိမိတို့၏ ခန္ဓာကိုယ် (သို့မဟုတ်) မိမိတို့ခန္ဓာကိုယ်နှင့် ပတ်သတ်သော ဆုံးဖြတ်ချက်ကို မည်သူကမျှ အပြစ်တင်ပြောဆို၊ ဝေဖန်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ထိုအဖြစ်အပျက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားဖို့ အမျိုးသား၊ အမျိုးသမီး တစ်ယောက်ချင်းစီမှာ တာ၀န်ရှိပါတယ်။ အချင်းချင်း စိတ်လုံခြုံရသော ပတ်၀န်းကျင်များ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ တစ်ယောက်နှင့် တစ်ယောက် လေးစားမှု၊ အားပေးကူညီမှုနှင့် ကိုယ်ချင်းစာတတ်မှုများက အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှရေးလှုပ်ရှားမှုတွင် အများကြီးအရေးပါ ပါတယ်။ ကိုယ်ချင်းစာစိတ်ပြည့်၀ပြီး လေးစားတတ်သော နိုင်ငံသားများ ဖြစ်လာစေရေးအတွက်လည်း ကောင်းမွန်သော ပညာရေးစနစ်က အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ လူဖြစ်လာတဲ့ ဘ၀ခဏမှာ အမျိုးသား၊ အမျိုးသမီးနှင့် အခြားလိင်စိတ်ခံယူထားသော မည်သူမဆို လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ခံစားသင့်ပါတယ်လို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။