လူ့အဖွဲ့အစည်းတစ်ခုအတွင်း ခေတ်မှီတိုးတက်ခြင်းကို အထပ်မြင့်တိုက်များ ကုန်တိုက်များရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေးပိုမိုလွယ်ကူလာခြင်း၊ နည်းပညာတိုးတင်ခြင်းတို့နဲ့ တိုင်းတာကြပါတယ်။ လူသားအချင်းချင်းလေးစားမှု တည်ဆောက်ခြင်း၊ ခွဲခြားဆက်ဆံမှုနှင့် အနိုင်ယူဗိုလ်ကျခြင်းများမရှိခြင်းတို့ကို ဖြည့်စွက်ပြောလျှင် ငြိမ်းချမ်းခြင်းနှင့်အတူ ပို၍ ခေတ်မှီခြင်းဖြစ်ပါလိမ့်မယ်။



ယဉ်ကျေးမှုထိန်းသိမ်းခြင်းကိုအကြောင်းပြ၍ အမျိုးသမီးများကို အမျိုးသားများနှင့်တန်းတူအခွင့်အရေးမ‌ပေးသော ပတ်၀န်းကျင်မှာ ကျွန်မတို့ကြီးပြင်းခဲ့ရတယ်။ ရဲရင့်ထက်မြက်ဖို့၊ အသိပညာ အတတ်ပညာတွေများဖို့၊ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့၊ အားနည်းသောလူ့အဖွဲ့အစည်းတေွကိုအကူအညီပေးဖို့တွေထက် အမျိုးသမီး ကိုယ်အဂ်ါမှာရှိတဲ့ အစိတ်အပိုင်းတခုကိုထိန်းသိမ်းထားဖို့ကို ပိုသင်ကြားခံခဲ့ရတယ်။

မထိန်းသိမ်းထားနိုင်တဲ့ အမျိုးသမီးတွေဟာ အမျိုးသမီးအချင်းချင်း၊ အမျိုးသားများကနေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာမျိုးတွေရှိနေတာပါ။ လူတယောက်ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုက ထိုလူရဲ့ အရည်အချင်း၊ အတွေးအခေါ် ၊ပတ်၀န်းကျင်အသိုင်းအဝိုင်းကို ကူညီစောင့်ရှောက်ပေးနိုင်မှုတွေထက် ပိုအရေးကြီးနေတာပါလား။ အပျိုစစ်ခြင်းသည်တန်ဖိုးဟု လက်ခံယုံကြည်စေတာက မိန်းခလေးတွေကို ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုလျော့ကျစေတာတွေ၊ အပြစ်ရှိနေတယ်လို့ ခံစားစေတာတွေဖြစ်စေပြီး အမျိုးသားတွေနဲ့ တန်းတူပူးပေါင်းဆောင်ရွက်မှုတွေမှာ အနှောင့်အယှက်ဖြစ်စေပြီး၊ တန်းတူအခွင့်အရေးရရှိမှုတွေမှာပါ အဟန့်အတားဖြစ်နေတာပါ။ 

2019 ခုနှစ်က NBC News မှာ အမေရိကန်ဟစ်ဟော့အဆိုတော် T.I က သူ့သမီးရဲ့ အပျိုမှေးကိုနှစ်စဉ်ဆရာ၀န်နဲ့ပြပြီး စစ်ဆေးတယ်ဆိုတဲ့ သတင်းကိုဖတ်လိုက်ရပြီး ကျွန်မအလွန်တုန်လှုပ်မိသွားပါတယ်။ ဒီသတင်းကိုဝေဖန်မှုတွေဖြစ်လာပြီး New York နဲ့ California မှာရှိတဲ့လွှတ်တော် အမတ်တွေက ဒီကိစ္စဟာ အမျိုးသမီးငယ်တွေကိုလိင်ပိုင်းဆိုင်ရာ စော်ကား‌မှု ထိခိုက်နာကျင်စေမှုဖြစ်စေတာကြောင့် “virginity testing” ကိုတားမြစ်ဖို့အဆိုတင်သွင်းကြပါတယ်။

ဒီဥပဒေအသက်၀င်လာရင် ပြစ်မှုကျူးလွန်သူတွေက ထောင်ဒဏ်၊ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးထိ အပြစ်ပေးခံရမှာပါ။ အရှေ့အလယ်ပိုင်းဒေသတွေ၊ အာရှနဲ့အာဖရိက နိုင်ငံတချို့မှာ အပျိုစစ်၊မစစ် စမ်းသပ်ဖို့ ဆရာ၀န်တွေကိုယ်တိုင်စမ်းသပ်တာတွေ၊ ရိုးရာဓလေ့နည်းတွေနဲ့စမ်းသပ်တာမျိုးတွေတကယ်ရှိခဲ့တာပါ။ ထို့ကြောင့် WHO, UN human Rights, UN women စတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက ထိုစမ်းသပ်မှုက လူသားတစ်ယောက်ကိုနာကျင်စေမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၊ စိတ်ဒဏ်ရာဖြစ်စေမှု၊ Privacy ချိုးဖောက်ခံရမှုတွေဖြစ်စေတာကြောင့် 2018, October လကစပြီး အပြင်းအထန်တားမြစ်ထားပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့တန်ဖိုးကိုသတ်မှတ်ဖို့ virginity test လုပ်ဖို့ ဖိအားပေးခြင်းသည် ထိုမိန်းခလေးကိုမှားယွင်းစွာ တန်ဖိုးသတ်မှတ်စေတာကြောင့် စိတ်ကျရောဂါတွေကတဆင့် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ကြိုးစားခြင်းတွေပါဖြစ်စေနေတာပါ။ ကျွန်မတို့ ခန္ဓာကိုယ်ကို ကျွန်မတို့သာပိုင်ပါတယ်။ ကျွန်မတို့ခန္ဓာကိုယ်တဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်များကို မည်သူ့သဘောဆန္ဒတွန်းအားမှမပါပဲ ကျွန်မတို့ကိုယ်တိုင်ကပဲဆုံးဖြတ်ခွင့်ရစေရမှာပါ။ 

ကျွန်မကနေဒါမှာကျောင်းလာတက်တော့ ကနေဒါလူမျိူးအဖြူမလေးတွေက သွက်လက်ထက်မြက်ပြီး ဆွေးနွေးပွဲတွေမှာ ရဲရဲရင့်ရင့်ပြောနိုင်တာတွေ၊ လုပ်ငန်းခွင်ထဲမှာ ယုံကြည်မှုအပြည့်နဲ့ဦးဆောင်လုပ်ကိုင်နေကြတာတွေတွေ့တော့ အရမ်းအားကျမိပါတယ်။ ခွဲခြားဆက်ဆံခံရခြင်းတွေမရှိခဲ့၊ ချုပ်ခြယ်ခံရခြင်းတွေမရှိခဲ့၊ အကြောက်တရားတွေ၊ ခြိမ်းခြောက်ခံရတာတွေ၊ သိမ်ငယ်စိတ်အားငယ်မှုတွေမဖြစ်စေခဲ့တဲ့ ထိုပတ်၀န်းကျင်မျိုးမှာ ကြီးပြင်းခဲ့ကြရတာ‌ ထက်မြက်လိုက်ကြတာလို့ အားကျချီးကျူးမိပါတယ်။

ကိုယ့်မြန်မာနိုင်ငံကမိန်းခလေးတွေကိုလဲ ယုံကြည်မှုအပြည့်နဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးအိမ်မက်တွေကို လွတ်လွတ်လပ်လပ်အကောင်အထည်ဖော်နေကြတာမျိုး ဖြစ်စေချင်လိုက်တာလို့တွေးမိပါတယ်။ လူ့အဖွဲ့အစည်းရဲ့စည်းမျဉ်းတွေက ဘယ်လောက်တောင်တရားမမျှတာလဲဆိုရင် ယောက်ျားလေးတွေလူပျိုမဟုတ်တော့ရင် ဂုဏ်ယူတယ်၊တော်တယ်လို့ ချီးကျူးကြပြီး မိန်းခလေးတွေအပျိုမဟုတ်တော့ရင် တစ်ဘ၀လုံးသုံးစားမရအောင်တန်ဖိုးနိမ့်သွားပြီလို့ ဝေဖန်သမုတ်ခံကြရတယ်။

မိန်းခလေးဆိုရင် ရှက်ရမယ်၊ကြောက်ရမယ်၊အိ‌‌နြေကြီးရမယ်၊ အပျိုမှေးကိုထိန်းသိမ်းထားနိုင်ခြင်းသည်တန်ဖိုးလို့ ပြောပြခံထားရတာတွေက အမျိုးသားတွေကိုဒါနဲ့ပတ်သက်ပြီး ပိုအနိုင်ကျင့်ဗိုလ်ကျစေဖို့ တွန်းအားတွေပေးနေတာပါပဲ။ အမျိုးသမီးတွေက လူ့သဘာ၀သွေးသားဖြစ်တည်မှုရဲ့ပုံမှန်ဖြစ်စဉ်တစ်ခုကိုပြူမူဆောင်ရွက်တာကို အမှားတွေလို့သမုတ်ခံရပြီး တစ်သက်လုံးစိတ်ဒဏ်ရာတွေနဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု၊ ယုံကြည်မှုတွေ၊ အနာဂတ်တွေပျောက်ဆုံးကုန်ကြတာပါ။ 

ကျွန်မတို့ပတ်၀န်းကျင်မှာရှိတဲ့ အမျိုးသားတွေကို သူတို့ရဲ့အပြုအမူ၊ ဉာဏ်ပညာ၊ စိတ်သဘောထားပြည့်၀မှုတို့နဲ့ ကျွန်မတို့ကလေးစားအထင်ကြီးချင်တာပါ။ အမျိူသမီးတွေကို နှိမ့်ချပြီးပြောဆိုဆက်ဆံတာတွေ၊ ဖယ်ကျဉ်တာတွေက လေးစားစရာကောင်းတဲ့ အကျင့်စရိုက်တွေမဟုတ်ပါဘူး။ ပတ်၀န်းကျင်အသိုင်းအဝိုင်းက အမျိုးသမီးတွေရဲ့လွတ်လပ်မှုကို ထိန်းချုပ်ကန့်သတ်ဖို့ “အပျိုစစ်ခြင်းသည် တန်ဖိုး” ဆိုတဲ့အယူအဆအလွဲတွေကို အသုံးချနေကြတာပါ။

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှု တွေကိုအာရုံစိုက်မဲ့အစား ကျွန်မတို့ရဲ့ကြိုးစားနေမှုတွေ၊ အောင်မြင်မှုတွေကိုလက်ခုတ်တီးပြီး အားပေး‌ပေးပါ။ ကျွန်မတို့ကို အမျိုးသမီးသူရဲကောင်းပုံပြင်တွေများများပြောပြပြီး သတ္တိတွေရှိလာဖို့၊ ထက်မြက်ထူးချွန်ဖို့၊ ကိုယ့်ကိုယ်ကိုယုံကြည်အားကိုးတတ်ဖို့တွေကိုသင်ပေးပါ။ အမျိုးသမီးတွေရဲရင့်စွာ ပူးပေါင်းပါ၀င်ဆောင်ရွက်ကြတဲ့ ပတ်၀န်းကျင်ကအမြဲပို၍တိုးတက်သော ၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းဖြစ်မယ်ထင်ပါတယ်။

ဆောင်းပါးရှင် – Su latt