မြန်မာနိုင်ငံက ဘာသာတရားအမျိုးမျိုး အတူတူယဉ်တွဲနေထိုင်လျက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်မှုတွေထဲကတူညီတဲ့ အရာတစ်ခုကတော့ ဘာသာတရားအမည်တပ်ကာ လိင်ခွဲခြားတဲ့ရိုးရာဓလေ့ဖြစ်ပါတယ်။

ဒီခေါင်းစဉ်က လူအချို့ကိုစိတ်အနှောင့်ယှက်ဖြစ်စေလောက်ပေမယ့် လျစ်လျူရှုမထားသင့်တဲ့ပြဿနာတစ်ခုလည်း ဖြစ်လာပါတယ်။ မြန်မာနိုင်ငံသူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုလျှင် ဒီ ရိုးရာဓလေ့တွေက အမျိုးသမီးတိုင်းရဲ့ ဘဝပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်များတဲ့တိုင်းပြည်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ယောက်များမှာ မရိုးနိုင်တဲ့ ကျားမ ခွဲခြားခံရမှုတွေအများအပြားရှိနေပါတယ်။ ဥပမာ အမျိုးသမီးတွေက ဘုန်းကံနိမ့်သည်ဟု ယူဆမှုများ၊ ဘုရားပေါ်တတ်ခွင့်မရှိခြင်း၊ သမီးများသာမွေးသော အမျိုးသမီးများကိုယုတ်ညံ့သည်ဟုသက်မှတ်ခြင်းတွေဖြစ်ပါတယ်။

ဒီလိုအဆိုများကို ဗုဒ္ဓကဆိုခဲ့ခြင်းမရှိပေမယ့် tradition (ရိုးရာဓလေ့) နဲ့ရောကာ ဗုဒ္ဓဟောတဲ့ အဆိုများသဖွယ်လိုက်နာကျင့်သုံးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လူတိုင်းကတော့ ဒီလိုခွဲခြားမှုတွေဟာ ဘာသာတရားကိုအမြတ်ထုတ်ကာ patriarchy (ယောက်ျားဝါဒီ) ကို အားပေးနေသောဓလေ့ဖြစ်ကြောင်းမသိကြပါဘူး။ ထိုကဲ့သို့သော ဘာသာတရားတိုင်းရဲ့ ခေါင်းဆောင်များက မိန့်ဆို ခဲ့ခြင်းမရှိပေမယ့်ဘာသာတရားအမည်တပ်ကာ လိင်ခွဲခြားမှုများ ဘာသာတိုင်းမှာရှိနေပါတယ်။

တလောက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ နိုင်ငံခြား အမျိုးသမီးများ ဘုရားပေါ်တတ်ခွင့်မရှိသောကြောင့်မေးတဲ့အခါ “it’s not Buddhism, it’s tradition” ဟုသာပြန်ဖြေကြဖို့ပြောလိုက်ပါတယ်တဲ့။ သေချာစဉ်းစားကြည့်ရင် ဒီအဖြေဟာမလုံလောက်ပါဘူး။ ဘယ်လောက်ပဲ ရှေးရိုးထုံးစံဖြစ်ပါစေ၊ ပယ်သင့်သည်ကိုပယ်ရမည်မဟုတ်ပါလား။ မြန်မာနိုင်ငံက ရိုးရာဓလေ့တော်တော်များများကိုလေ့လာကြည့်ရင် အမျိုးသမီးအခွင့်အရေး ချိုးဖောက်သည့် ဓလေ့များကြောင်းတွေ့ရပါတယ်။ အမျိုးသမီးများကပါ သိရက်နဲ့ပင် ဆက်လက်ကျင့်သုံးနေကြသည်ကများပါတယ်။ တခြားနိုင်ငံက မေးမြန်းရင် “it’s tradition” လို့ဖြေရင်လည်း မြန်မာနိုင်ငံဟာ လိင်ခွဲခြားတတ်သည့် ဓလေ့များရှိသည်ဟု အထင်မှားစေခြင်းကလဲမကောင်းပေ။

ဒါတင်မကဘဲ မိမိတို့ ကိုးကွယ်တဲ့ ဘာသာရဲ့ အနှစ်သာရကို သဘောပေါက်နိုင်ဖို့လဲ အဟန့်အတားဖြစ်စေပါတယ်။ “ဒီဓလေ့တွေမရှိရင် ဘာသာပျက်စီးသွားမှာပေါ့” လို့ပြောတဲ့လူတွေလဲရှိပါတယ်။ တကယ်ကတော့ ဓလေ့တွေမရှိလို့ ဘာသာပျက်စီးသွားမည်ဆိုရင် ကျွန်မတို့က ဘာသာကိုကိုးကွယ်နေတာလား၊ ရိုးရာကိုကိုးကွယ်နေတာလား ပြန်စဉ်းစားရမည်သာ။

ဓလေ့တွေမရှိလို့ ဘာသာတရားဟာပိုပြီးစစ်မှန်လာဖို့သာ ရှိပါတယ်။ ထို့ကြောင့်စာရေးသူအနေဖြင့် ဘာသာတရားနဲ့ နှီးနှောပြီးကျင့်သုံးကြတဲ့ ကျားမခွဲခြားမှုဓလေ့များပပျောက်စေဖို့ အမျိုးသားကော အမျိုးသမီးများပါဝိုင်းဝန်းတိုက်ဖျက်ကြဖို့ အကြံပြုချင်ပါတယ်။

ဆောင်းပါးရှင် – သော်