ကျွန်မက ရှမ်းပြည်မြောက်ပိုင်း မန်စံရွာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ မန်စမ်ဟာရာသီဥတု သာယာပြီး လူမျိုးစုများစွာ အတူတကွ ပူးပေါင်းနေထိုင်ကြတဲ့ ချစ်စရာ ရွာလေးတစ်ရွာပါ ကျွန်မအသက် (၇) နှစ်အရွယ်တုန်းက ကျွန်မတို့အိမ်ကို မကြာခဏ ၀င်ထွက်နေကျဖြစ်တဲ့ အသက်ကြီးကြီး အဘိုးအရွယ် အမျိုးတစ်ဦးရှိပါတယ်။
< /br> ကျွန်မအဘွားနဲ့ ၀မ်းကွဲမောင် တော်စပ်တာကြောင့် ကျွန်မက သူ့ကို အဘိုး လို့ပဲ ခေါ်ဝေါ်​သုံးနှုန်းပါတယ်။

အဘိုးက ကျွန်မတို့အိမ်ကို အလည်လာတဲ့ အခါတိုင်း ကျွန်မနားကို အမြဲကပ်လာပြီး ကျွန်မကို သူ့ ခြေထောက်တွေနဲ့ ဖမ်းချုပ်ထားတတ်တယ်။ အဲလိုမျိုးလုပ်တာကို ကျွန်မ တကယ် သဘောမကျဘူး။ အဲဒီအတွက်ကြောင့်ပဲ အဘိုးအိမ်လည်လာတဲ့အခါတိုင်း ကျွန်မ တစ်နေရာရာမှာ အမြဲပြေးပုန်းနေတတ်တယ်။ အဘိုးက ကျွန်မကို ထိတွေ့နမ်းရှုပ်တာကို ကျွန်မမကြိုက်ကြောင်းလည်း အမေ့ကို ကျွန်မခဏခဏ ပြောပြပေမဲ့ ကျွန်မ အဘိုးကို ရှောင်ဖို့ ကြိုးစားတဲ့အခါတိုင်း အမေကပြောတတ်တယ်။

“အဘိုးနဲ့ သွားနေလေ… အဘိုးက သမီးကို ဒီလောက်ချစ်တာ” ဆိုတာမျိုးပေါ့။ ကျွန်မကို ချစ်ပေးတဲ့အတွက်ကြောင့်ပဲ ကျွန်မဘက်က တခုခု ပြန်ပေးဆပ်ရမလိုပဲ။ အဲလိုနဲ့ပဲ ကျွန်မစိတ်မပါလည်း အဘိုးနဲ့ တွေ့နေရတယ်၊ အချိန်ပေးရတယ်။ ဒါပေမယ့် ကျွန်မအသက် (၇) နှစ်လောက်မှာ သေချာသိလာတယ်။ ဒါဟာ မြေးမလေးကို ချစ်တဲ့စိတ်မဟုတ်ပဲ ဗလက္ကာရဖြစ်တာပဲလို့ပေါ့။ ကျွန်မခန္ဓာကိုယ်ကို အဘိုးလာထိတဲ့အခါတိုင်းမှာ ခံစားရတဲ့ ခံစားမှုက ကျွန်မအတွက် ဒီအချက်ကို သိပ်ကို သေချာစေတယ်။ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာ အခုဆိုရင် ၁၂ နှစ်တော်ရှိခဲ့ပေမဲ့ ဒီအဘိုး ကျွန်မအပေါ် ပြုမူခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု အတွက် ခုချိန်ထိ ခွင့်မလွှတ်နိုင်သေးဘူး။

ကျွန်မ မိဘတွေက လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြတာကြောင့် သစ်ရိပ်ဝါးရိပ်ပေါတဲ့ ခြံ၀န်းအကျယ်ကြီးထဲမှာ ကျွန်မတို့နေကြရတယ်။ ညနေခင်းကျောင်းဆင်းတဲ့အခါတိုင်း ကျွန်မကတော့ ခြံ၀န်းအနှံ့ခုန်ပေါက်ပြေးလွှားပြီး သူငယ်ချင်း တွေနဲ့ ဆော့နေတတ်တယ်။ ကျွန်မအဖေဆုံးသွားပြီးတဲ့နောက် အမေက ကျွန်မတို့နဲ့ အမျိုးလည်းမနီးတဲ့ အမျိုးသားတစ်ဦးကို အိမ်မှာလာနေစေခဲ့တယ်။ အဲ့ဦးလေးကို အိမ်ပေါ်ခေါ်တင်ရတဲ့ကြောင်းကတော့ သူ့မှာ နေစရာနေရာမရှိတာရယ်၊ အမေတို့ လယ်ယာလုပ်ငန်းတွေမှာလည်း အကူအညီဖြစ်မယ်လို့ထင်တာရယ်ကြောင့်ပါ။ ဦးလေးကို ကျွန်မတို့ အိမ်မှာ အခန်းတစ်ခန်းပေးထားပြီး နေစေတယ်။ ကျွန်မတို့ တစ်အိမ်သားလုံး သူ့ကို မိသားစု၀င်လိုပဲ ဆက်ဆံကြတယ်။

တစ်ညနေခင်းမှာ ကျွန်မကျောင်းကအပြန် ကျောင်း၀တ်စုံလဲဖို့အိမ်ပေါ်အတက် ဦးလေးက အိမ်အပေါ်ထပ် သူ့အခန်း ထဲမှာရှိနေခဲ့တယ်။ အခန်းတံခါးကိုဖွင့်ထားပြီး သူ့ရဲ့ လိင်အဂါနဲ့ ကစားနေတာကို မြင်လိုက်ရတယ်။ အဲဒီတုန်းက ကျွန်မအသက် (၁၄) နှစ်ပဲရှိသေးတယ်။ ဒီလို မြင်ကွင်းမျိုးကို ဘယ်လိုတုန့်ပြန်ရမလဲ ဆိုတာ မသိသေးတဲ့အရွယ်ပါ။

ပထမတော့ သူကျွန်မကို မြင်သွားရင် သူလုပ်နေတာကို ရပ်လိုက်မှာပဲလို့ တွေးမိတာ။ ဆိုးရွားစွာပဲ ကျွန်မမထင်ထားသလို သူလုပ်နေတာတွေကို မရပ်တဲ့အပြင် ကျွန်မကို ကျွတ်ထွက်မတတ်မျက်လုံးစိမ်းတွေနဲ့ စိုက်ကြည့်ပြီး ဆက်ပြီး ပြင်းပြင်းထန်ထန်လှုပ်ရှားနေတာပါပဲ။ ကျွန်မစိတ်ထဲမှာ အရှက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေရောထွေးပြီး အဲဒီနေရာမှာတင် ကြက်သေသေနေခဲ့တာ။ ကျွန်မ ခဏလောက်ဆွံ့ အ သွားတယ်။ ပြီးတဲ့နောက် အိမ်အောက်ကို ပြေးဆင်းသွားပြီး ကျွန်မမြင်ခဲ့ရတာကို အမေ့ကို ပြောပြတော့ အမေက “တကယ်ပဲလား “ ဆိုပြီး မနှစ်မြို့တဲ့ လေသံနဲ့မေးတယ်။ သူ့ရဲ့အိမ်ပေါ်မှာ သူ့သမီးက ဒီလိုကိစ္စကို ကြုံခဲ့ရတာဟာ မနှစ်မြို့စရာလို့ အမေထင်ပုံရတယ်။ ပြီးတဲ့နောက် ဦးလေးကို သတိထားဖို့နဲ့ ဦးလေးမှ မဟုတ် ယောကျ်ားတိုင်းနားမှာ မဆို သတိထားဖို့ ကျွန်မကို အမေမှာတယ်။

အဲဒီကိစ္စကို နောက်ပိုင်းမှာ အမေနဲ့ ကျွန်မ မပြောဖြစ်ကြတော့ဘူး။ သိပ်ငယ်သေးတဲ့ အရွယ်ကတည်းက ကျွန်မကို ယောကျ်ားတွေကို ကြောက်ဖို့အမေသင်ပေးခဲ့တယ်။ ဒါကလည်း အမေက ကျွန်မဘေးကင်းဖို့ အတွက်နဲ့ မကောင်းတဲ့ယောကျ်ားတွေဆီကနေ ကာကွယ်နိုင်ဖို့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သင်ပေးတာကို ကျွန်မ နားလည် ပါတယ်။

ဒါပေမယ့် အမေ့ပြောခဲ့တဲ့ စကားလုံးတွေက မရည်ရွယ်ပါပဲနဲ့ ကျွန်မကို သံသယစိတ်၊ သိချင်စိတ်၊ ပူပန်စိတ်နဲ့ အဟန့်အတားဖြစ်ရတဲ့ အတွေးတွေ၀င်စေခဲ့တယ်။ ကျွန်မအတွက် တကယ့်ကို အိမ်မက်ဆိုးပါပဲ။ ဖြစ်ခဲ့တဲ့ အခြေအနေက ကျွန်မအပြစ်တွေပဲလား။ ကျွန်မတို့ အိပ်နေတဲ့အချိန် ဦးလေးက ကျွန်မတို့ကို မုဒိန်းကျင့်မှာများလား။ ဦးလေးနဲ့ အိမ်ထဲမှာ ၂ ယောက်တည်းရှိတဲ့အချိန် နေလို့ဖြစ်ပါ့မလား။ ကျွန်မတို့ လုံခြုံရဲ့လား။ တကယ်လို့များ ဦးလေးက ကျွန်မကို မုဒိန်းကျင့်ကျူးလွန်လို့ ကျွန်မကအမှန်အတိုင်းပြောပြရင် အခြားလူတွေက ဘယ်လိုမြင်ကြမှာလဲ… စသဖြင့်.. စသဖြင့်။ အချိန်တွေအကြာကြီး ဒီအဖြစ်အပျက်အပေါ်မှာ ကျွန်မ အများကြီးဆက်တွေးနေမိတယ်။ အဲဒီနေ့က အကြောင်း ကျွန်မပြန်စဉ်းစားလိုက်တိုင်းလည်း ကျွန်မ အခုထိ ထိတ်လန့်မိနေတုန်းပါပဲ။

ကဲ…. အခု.. သူ့ရဲ့ လူမမယ်သမီးငယ်လေးကို ယောကျ်ားတွေကို သတိထားဖို့ သင်ပေးခဲ့တဲ့ ကျွန်မအမေကို “သိပ်ဆိုးတဲ့အမေပါလား” လို့ မမြင်ကြခင် ကျွန်မအမေအကြောင်းကို သေချာ ပြောပြချင်ပါတယ်။ ကျွန်မအမေက ကျွန်မတစ်သက်မြင်ဖူးသမျှလူတွေထဲမှာ တကယ့်ကို ချစ်တတ်၊ ကြင်နာတတ်၊ ဂရုစိုက်တတ်လွန်းတဲ့ သူတစ်ယောက်ပါ။ ကျွန်မလုပ်ချင်တဲ့ အရာတွေကို လွတ်လွတ် လပ်လပ်လုပ်ခွင့်ပေးနိုင်ဖို့ သူ့မှာ ပတ်၀န်းကျင်ကို အင်မတန်အံတုရရှာပါတယ်။

ဘာကြောင့်လဲဆို… သမီးဖြစ်သူကို ခရီးတွေသွား၊ ​ဝေးလံတဲ့ မြို့ကြီးမှာ အလုပ်လုပ်ခွင့်ပေးထားတဲ့ အမေ့ကို တစ်မျိုးလုံးက သားသမီးကို ဂရုမစိုက်တဲ့ တာ၀န်မဲ့တဲ့အမေအဖြစ် ရှုံ့ချကြလို့ပါ။ အမေ့ကို ကျွန်မအမေအဖြစ်တော်ထားရတဲ့ ကျွန်မ သိပ်ကို ကံကောင်းပါတယ်။ အမေက သူ့ကို ဘယ်သူတွေ ဘယ်လိုပဲမြင်ကြပါစေ အဲ့တာတွေကို ဂရုမစိုက်လို့ပါပဲ။ အမေ့ချစ်ခြင်းမေတ္တာ ပံ့ပိုးမှုတွေသာမရှိဘူးဆိုရင် ဒီနေ့ ကျွန်မဒီလိုအခြေအနေမှာ ရပ်တည်နေနိုင်မှာ မဟုတ်ပါဘူး။ အမေ့ကို အခုချိန်အထိ ကျွန်မရဲ့ ကောင်းသတင်း၊ ဆိုးသတင်းမှန်သမျှကို အရင်ဆုံးပြေးပြီး ရင်ဖွင့်တိုင်ပင်နေရတုန်းပါ။

အမေဟာ သူ့ရဲ့ အဖေ(၁)ယောက်၊ အမေခေါ်ရသူ(၂) ယောက် နဲ့ မောင်နှမ (၁၄) တောင်ရှိတဲ့ အိမ်ထောင်စုမှာ ကြီးပြင်းခဲ့ရသူပါ။ အမေတို့ မိသားစုဟာ သားသမီး(၁၄) ယောက်လုံးအထိ မွေးချင်ခဲ့တာမဟုတ်ပေမယ့် သူတို့တွေအတွက် သားဆက်ခြားခြင်းဆိုတာကို ရွေးချယ်ခွင့်မရခဲ့ကြပါဘူး။

အမေ့ရဲ့ အဖေဟာ အရက်စွဲနေခဲ့ပြီး စိတ်ပိုင်းဆိုင်ရာရော ကိုယ်ထိလက်ရောက်ပါ ကြမ်းတမ်းတတ်ပါတယ်။ သူဟာ သူ့ကို နေ့လယ်စာ ပြင်ဆင်ကျွေးမွေးတဲ့ ခယ်မဖြစ်သူကို မုဒိန်းကျင့်ကျူးလွန်ခဲ့ပြီး သူ့ရဲ့ မယားငယ်ဖြစ်စေခဲ့ပါတယ်။ တနည်းအားဖြင့်ဆိုရရင် အမေ့ကို မွေးခဲ့တဲ့ ကျွန်မရဲ့အဘွားဟာ သူ့ကို မုဒိန်းကျင့်ကျူးလွန်ခဲ့တဲ့ အမျိုးသားကို လက်ထပ်ခဲ့ရတာပါ။

ကျွန်မအမေကို သူ့ရဲ့ မိခင်ဟာ ဖခင်ဖြစ်သူရဲ့ ဇနီးအရာမှာ မနေရပဲ လိင်ပျော်တော်ဆက်ရတဲ့ အခြေအနေမှာပဲနေရတယ်လို့ ပတ်၀န်းကျင်က သမုတ်ကြတဲ့ စကားသံတွေနဲ့ ကြီးပျင်းခဲ့ရပါတယ်။ အမေဟာ သူ့ကို သိပ်အရှက်ရစေတဲ့ အဲဒီစကားလုံးတွေကို အရမ်းမုန်းပါတယ်။ အဲဒီစကားသံတွေဟာ အမေ့စိတ်ကို မလုံခြုံမှုဖြစ်စေပြီး စိတ်ဆိုးဒေါသထွက်စေပါတယ်။ အဲဒီစကားလုံးတွေကြောင့်ပဲ အမေဟာ သူ့ရဲ့ မိခင်ဖြစ်သူကို “ဘာကြောင့်များ ကိုယ့်ကို မုဒိန်းကျင့်ကျူးလွန်တဲ့ သူကို လင်ယောကျ်ားအဖြစ်လက်ထပ်ခဲ့လဲ” ဆိုတဲ့ မေးခွန်းမျိုး ဘယ်တော့မှ မမေးခဲ့သလို၊ အဲဒါကြောင့်ပဲ အမေဟာ သူ့ရဲ့ မိခင်နဲ့ နီးနီးကပ်ကပ် နွေးနွေးထွေးထွေးနေ့လေ့မရှိခဲ့ပါဘူး။

တစ်ခါတစ်လေမှာ စကားလုံးတွေ၊ ပတ်၀န်းကျင်က သမုတ်ကြတဲ့ ​ဝေါဟာရတွေဟာ ကျွန်မတို့ ဘ၀တစ်ခုစီတိုင်းကို ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်သလဲဆိုတဲ့အချက်ဟာ အင်မတန်ထိတ်လန့်ဖို့ကောင်းပါတယ်။ ဒီစကားလုံးတွေကနေ ကျွန်မတို့ဘ၀တွေကို ပိုကောင်းအောင်တည်ဆောက်နိုင်စေသလို၊ အဆုံးစွန်အထိ ပျက်စီးနာကျင်စေတာ လည်းပဲ ဖြစ်နိုင်ပါတယ်။

ဒီလိုပဲ… ကျွန်မတို့ရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းဖြစ်သူတွေနဲ့ ဆက်ဆံရေးကို ပုံဖော်နိုင်ပါတယ်။ ဒါပေမယ့် အမေ့အတွက် ပတ်၀န်းကျင်ရဲ့ စကားသံတွေကနေ အမေခံစားရတာကတော့ ကြုံခဲ့ဖြစ်သမျှအဖြစ်ဆိုးတွေရဲ့ တရားခံဟာ သူ့မိခင်ဖြစ်တယ်ဆိုတဲ့အမြင်ကို ခံစားခဲ့ရတာပါပဲ။ ဒါကြောင့်ပဲ အမေက ကျွန်မကို ဆိုးရွားတဲ့ အဖြစ်တွေနဲ့ မကြုံတွေ့ရတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ရှင်သန်နိုင်အောင် ကာကွယ်ပေးချင်နေရတာပါ။

မိန်းမမုန်းဝါဒီ ဟာ ကျွန်မတို့ နေထိုင်ရှင်သန်ရာ ပတ်၀န်းကျင်မှာပဲဖြစ်ပျက်နေပြီးတော့ အဲဒါကြောင့်ပဲ မိန်းကလေးတွေကို ဆိုးဝါးတဲ့ဖြစ်တည်မှုဖြစ်စေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ မိန်းမမုန်းဝါဒီဟာ ကျွန်မတို့ရှင်သန်နေထိုင်နေတဲ့ ဒီကမ္ဘာမြေသေးသေးလေးထဲမှာ ပဲ ဖြစ်ပျက်နေတာပါ။ အမျိုးသမီးတွေဟာ သူတို့ကျူးလွန်တဲ့ကိစ္စဟုတ်သည်ဖြစ်စေ မဟုတ် သည်ဖြစ်စေ တနည်းနည်းနဲ့ ​ဝေဖန်ခံရ၊ အပြစ်တင်ခံနေကြရတာပါပဲ။

မိတ်ကပ်ထူထူလိမ်းတော့တစ်မျိုး မိတ်ကပ်မလိမ်းပဲ မျက်နှာပြောင်နဲ့နေပြန်တော့တစ်မျိုး၊ သိပ်စကား များရင်တစ်မျိုး မပွင့်တပွင့်စကားနည်းပြန်တော့တစ်မျိုး၊ သိပ်ပွင့်လင်းတော့ တစ်မျိုး လျှို့ဝှက်တတ် ပြန်တော့တစ်မျိုး၊ ကလေးများများယူတော့တစ်မျိုး သားသမီးလုံး၀မယူပြန်တော့ တစ်မျိုး၊ သမီး ရည်းစားနဲ့တွဲသွားတွဲလာလုပ်တော့တစ်မျိုး လုံး၀ဘယ်သူနဲ့မှမတွဲပဲ တစ်ကိုယ်တည်း နေပြန်တော့လည်း တစ်မျိုး… အမျိုးမျိုးကို ​ဝေဖန်ပြောဆိုခံနေကြရတော့တာပါပဲ။

ဘယ်လိုပဲဖြစ်နေပါစေ ကျွန်မချစ်ရ၊ ဂရုစိုက်ရသူတွေက ဒီ လိင်ပိုင်းဆိုင်ရာ ကျား၊မ ခွဲခြားဆက်ဆံခံနေရတဲ့အခြေအနေတွေတကယ်ရှိတာကို နားလည်မပေးနိုင်တဲ့အခါတိုင်း ကျွန်မဒေါသဖြစ်ရပါတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ကို ဥပမာကြည့်ပါ။ သူဟာ ကဗျာတွေရေးသလို တိုးတက်ဖို့ အလားအလာ ရှိတဲ့သူဖြစ်ပြီး ကျား၊မ လိင်ပိုင်းဆိုရာခွဲခြားဆက်ဆံမှုတွေ အမှန်တကယ်ရှိတယ်ဆိုတာကို မြင်ပြီး ပြုပြင်ဖို့ ကြိုးစားကြ ရမယ်ဆိုတာကို လက်ခံသူတစ်ယောက်ပါ။

သူဟာ အမျိုးသမီးငယ်ကလေးတွေအကြောင်းတွေ၊ သက်ငယ် မုဒိန်း အကြောင်းတွေ၊ ထုတ်ဖော်မပြောသင့်ဘူးလို့ လူတွေသတ်မှတ်ကြတဲ့ အမျိုးသမီးရာသီသွေးပေါ်မှု အကြောင်းတွေနဲ့ အချစ်နဲ့ ပတ်သတ် တာတွေကို ကဗျာအနေနဲ့ ရေးတတ်တယ်။ ဒါပေမယ့် သူကိုယ်တိုင်ကပဲ ဒီလိုစကားမျိုးကို ပြောပြန်တယ်။ အမျိုးသမီး တစ်ဦးဟာ အမျိုးသားတစ်ယောက်ကို ယုံသင့်မယုံသင့် ချင့်ချိန်ပြီးမှတွဲသင့်တာဖြစ်ပြီး၊ လိင်ပိုင်း ဆိုင်ရာအားဖြင့် နိုင်ထက် စီးနင်းကျူးလွန်ခံရတာမျိုးဖြစ်ခဲ့ရင် အဲဒီအမျိုးသမီးရဲ့ အပြစ်သာဖြစ်တယ် ဆိုတဲ့အကြောင်းနဲ့  အဲဒီနေရာမှာ ကလေးငယ် တစ်ဦးဆိုရင်တော့ အခြေအနေက ကျူးလွန်သူအပြစ်လို့ လုံး၀ သတ်မှတ်နိုင်တယ် တဲ့လေ။ မထားထားရဲ့ စကားတွေအရတော့ “ယောကျ်ားတွေဟာ ယောကျ်ားတွေအချင်းချင်းသာ ကာကွယ်ပေးဖို့စဉ်းစားတတ်ကြတယ်” လို့ ဆိုတယ်။ ကျွန်မဘ၀မှာ အဲဒီစကားကိုပြောတဲ့ ယောကျာ်းလေးတော်တော်များများတွေ့ဖူးပါတယ်။ ရိုးရိုးသားသားပြောရရင် အမျိုးသမီးတွေလဲ အဲဒီလိုပါပဲ။

ကျွန်မကို အဲဒီလိုစကားမျိုးပြောတတ်သူတွေဟာ ငွေကြေးချမ်းသာနေပြီး၊ ကျား လိင်အမျိုးအစားဖြစ်ပြီး၊ လောကကြီးကိုတစ်ဖက်ပိတ်မြင်နေသူတွေချည်းပဲတော့ မဟုတ်ကြပါဘူး။ ကျွန်မ အဲ့စကားတွေကြားရတဲ့ လူတွေက ငွေကြေးချမ်းသာတဲ့လူတွေ၊ ယောကျာ်းလေးတွေ၊ လောကကြီးကို တစ်ဖက်ပိတ်မြင်နေတဲ့ လူတွေ ဖြစ်နေတတ်တယ်။ တကယ်တော့ သူတို့ဟာ သူတို့ရဲ့ ဂုဏ်ဒြပ်တွေ၊ ရာထူးစည်းစိမ်နဲ့ ပိုင်ဆိုင်မှုတွေကြောင့်သာ အမှောင်ဖုံးနေကြတာပါ။ သူတို့ရဲ့ ထင်မြင်ချက်ဖြစ်တဲ့ “လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှာ ခံရသူ၊ နစ်နာသူတွေဘက်ကသာ အမြဲအပြစ်ဖြစ်တယ်” ဆိုတဲ့ အချက်ကို ကျွန်မ လက်မခံပါဘူး။

ဘာကြောင့်လဲဆိုရင် ကြားဖူး၊ မြင်ဖူး၊ ဖတ်ဖူးတဲ့ စာတွေအရဆိုရင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုကတည်းက ပြုလုပ်သူမှာပဲ ရာခိုင်နှုန်းပြည့် တာဝန်ရှိတယ်လို့ ကျွန်မနားလည် လက်ခံထားပါတယ်။ မုဒိန်းမှုကျူးလွန်တယ်ဆိုတာမှာလည်း အမျိုးသားကို ကျူးလွန်တာဖြစ်စေ၊ အမျိုးသမီးကို ကျူးလွန်တာဖြစ်စေ၊ ကြားနေလိင် ကိုကျူးလွန်တာဖြစ်စေ ဒါ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုပါတယ်။ အခြား ဘာ ဆင်ခြေမျိုးမှ မရှိသင့်ပါဘူး။ လိင်ပိုင်းဆိုင်ရာ နိုင်ထက်စီးနင်းကျူးလွန်ခံရတဲ့ အရာတွေကို ကိုယ်တိုင်မကြုံမချင်း အဲဒီကိစ္စကို ဆိုးရွားတဲ့ကိစ္စ လို့ လက်မခံသူတွေ ဒီကမ္ဘာကြီးမှာအများကြီးရှိပါသေးတယ်။

Article By: Nandar

Cover Design by: Moe Thandar Aung

[ Translator: Ei Thinzar Phyo(Julia), Intern Content Writer of “The Purple Feminists Group”]