Feminist Literature Competition (Round 2)

Featured Selection – Ying Sam Thiri

ကျွန်မ နဲ့ ကျွန်မအိမ် အိမ်လို့တွေးတော့ ဘဝရဲ့မိုင်တိုင်တစ်ဝက်လောက်ကို ခြေသလုံးအိမ်တိုင် လှည့်နေခဲ့ရတော့ ခက်မာစိတ်ထဲ့မှာ အိမ်တစ်မျိုးတစ်ဖုံကို တိတိကျကျ ပုံဖော်ရခက်လှသည်။ နာကျည်းအိမ် ဆိုတဲ့ စကားလုံးလေးတစ်လုံးကတော့ မသိစိတ်ထောင့်တစ်နေရာမှာ ညှောင့်ခနဲ့ လာဆူးသလို။ ခက်မာ ဆယ်တန်းအရွယ်မတိုင်ခင်အထိ ရွှေပေါ်မြတင် ပလ္လင်ထက်မှာ ဖူးဖူးမှုတ်ထားတတ်သော အဘိုးအဘွားတို့နဲ့ ကြီးပြင်းရသည်။ ပင်စင်စားဆေးရုံအုပ်ကြီးဖြစ်သော အဘိုး နဲ့ စော်ဘွားမျိုးနွယ်မှဆင်သက်လာသော အဘွား၏ဂုဏ်အရှိန်အဝါကြောင့် အိမ်ကလေး၏အရိပ်အာဝါသမှာ လုံခြုံလှသည်။အဘိုးနဲ့ အဘွားကို ပြုလုပ်ကျွေးမွေးနေသော အဒေါ်အပျိုကြီး ကလည်း စည်းကမ်းကြီးသလောက် မိဘနဲ့ခွဲနေရသော မြေမလေးတွေမို့ သိမ်ငယ်စိတ် တစ်စုံတစ်ရာ မပေကျံရအောင်လည်း ဂရုစိုက်နွေးထွေးပေးရှာပါသည်။ ထိုနယ်မြို့လေးမှာ အေးအေးချမ်းချမ်းကြီး ပြင်းလာခဲ့ရသော ဆယ်ကျော်သက် အိမ်မက်ဆန္ဒကလေးမှာလည်း ရိုးရှင်းလှသည်။ အသက်ကြီးလာလျှင် မှိန်ဖျော့ နူညံ့သော ဆေးရောင်တစ်မျိုးသုတ်ထားသော ကိုယ်ပိုင်အခန်းလေးလိုချင်သည်။ ပန်းသေးသေးနုပ်နုပ်ကလေးတွေ ကျဲထားသော ခန်းဆီးစကလေး လေပြင်ညင်းမှာ လှပ်သွားတိုင်း မိုးသက်မြေသင်း ရနံ့ကလေးနဲ့အတူ ကျိုးတိုကျဲတဲပွင့်တတ်သော စံပယ်ရုံဖြူကလေးကို တွေ့ရမည်။ ဘောပင်ထည့်ခွက်ကလေးကလွှဲပြီး ရှင်းလင်းနေသော စာကြည့်စားပွဲကလေး တလုံးထားမည်။ မျက်နှာချင်းဆိုင်နံရံတွင် စာရေးရင်း စိတ်တွေမွန်းကြပ်လာလျှင် ဝင်ပုန်းပျောက်ကွယ်သွားလို့ရမည့် ပင်လယ်ပြာလှိုင်းကြက်ခွပ်ပိုစတာလေးကပ်ထားမည်။ ခုတင်ခေါင်းရင်းမှာတော့ဝါးနံ့ကလေးသင်းတတ်သော စာအုပ်လေးတွေ စီစီရီရီသိမ်းစရာ စာအုပ်စဉ်ကလေးထားမည်။ နေ့စဉ်ဘဝမှာ သာမန် ရုံးသွားရုံးပြန်အလုပ်လုပ် အချိန်တန်အိမ် ၍စာရေးစာဖတ်လုပ်လို့ရသော ကိုယ်ပိုင်အိမ်ခန်းလေး ရှိရုံနဲ့ ရောင်ရဲနိုင်သော တိုးညှင်းအိမ်ကလေး လိုချင်ရုံသာ။ ထိုအိမ်ကလေးတွေထဲ့ ကဗြောင်းကဆန် ဝင်မွှေ့တတ်သော လောကဓံမုန်တိုင်း တွေရဲ့ ဖြစ်တည်မှု့ကိုတော့ ထိုအချိန်ကမသိတတ်သေးပေ။ ခင်မာဆယ်တန်းရောင်တော့ပညာရေးဘော်ဒါဆောင်တစ်ခုမှာစကော်လာတစ်မျိုးရ၍ရန်ကုန်ပြောင်းရသည်။ ရံဖန်ရံခါပင် နီးစပ်ခွင့်မရဖူးသော အဖေက ခက်မာ၏ စရိတ်စကအထွေထွေ တာဝန်မျှဝေခံယူပေးမည့်အကြောင်း ကမ်းလှမ်းလာ၍ အဖေ့ မှုန့်ဖိုးအားကိုး ၍ ဆေးကျောင်းတက်ရဖို့ ဖြစ်လာသည်။ သို့သော် ခက်မာအဖေမက မြန်မာနိုင်ငံမှ အခြေခံ ရုန်းကန်လူတန်းစား တော်တော်များများလို အရက် နှင့် ထွက်ပေါက် ရှာရင်း အရင်၏ လွှမ်းမိုးမှု့အောက်တွင် သူ့ဘဝခရီးကြမ်းကို ထိုင်ညည်းစမ်းပြရုံမက အဓမ္မထိုင်နားထောင်ပေးရသည့် ခက်မာကိုပါ ရမယ်ရှာပြီး ရိုက်လားနှက်လား လုပ်တတ်သူဖြစ်သည်။ ခက်မာကလည်းခက်မာဆိုတော့ နာမည်အတိုင်း ပိုခေါင်းမာတတ်သူ မတရားမှု့ကို စက်ဆုပ်သူပီပီ ကိုယ်မှန်သည်ထင်လျှင် နောက်မဆုတ်တတ် အဖေကလည်းပန်းကန်နဲ့ခေါင်းရိုက်ခွဲလျှင် မီးဖိုချောင်ထဲ့ပြေး ဓားပါလက်ထဲထိုးထည့်ပေး၍ တစ်ခါတည်းအသေထိုးခိုင်းသူမျိုးဖြစ်လာသည်။ သူမွေးထားပေးလို့ လူဖြစ်လာရခြင်း ကျွေးထားပေးလို့ပညာတတ်ဖြစ်လာရခြင်း အစရှိသဖြင့် မိဘကျေးဇူးမြင့်မိုရ်ဦးအတွက် သူပေးသမျှ ဒုက္ခကိုလည်း လည်စင်းပေးခံရဖို့မှာ မွေးရာပါတာဝန်ဝတ်တရားတစ်ခုဖြစ်သည်ဟု ချောင်ပိတ်ရိုက်ခံရသောအခါ ခက်မာ၏အိမ်မှာ ဒဏ်ရာဒဏ်ချက်များစွာနှင့် နာကျည်းမှု့များ စုဝေးရာသာ ဖြစ်လာတော့သည်။အချိန်မရွေးထပေါက်နိုင်သောချိန်ကိုက်ှဗုံးတစ်လုံးလိုအရက်ကိုအလွန်အကျွံသောက်စား နှိပ်စက်တတ်သော အဖေ့အိမ်တွင် မျက်ရည်မျက်ခွက်နှင့် မအိမ်ရသောညလည်းမရှိခဲ့။ တစ်နေ့တစ်နေ့ကျောင်းစာလည်းအာရုံမစိုက်နိုင်ဘဲ တစ်နေ့ပညာစုံလျှင် အိမ်ကထက်ပြေးဖို့သာ ကြံရွယ်နေသည့် ခက်မာမှာ အဖေ့နဲ့ ထိပ်တိုက်တွေ့သည့် အချိုးတကွေ့တွင် အရိုးတွင်တွင်ကျိုးပြီး ဆေးရုံ တက်ရ ခွဲစိတ်ရတော့မှ မွန်းကြပ်ပိတ်လှောင်သည့် ကျိန်စာသင့်စိတ်နှင့် ကျောင်းမပြီးသေးခင်ကပင် ခက်မာ အိမ်ပေါ်ကဆင်းခဲ့ဖြစ်သည်။ တိတ်ဆိတ်အေးချမ်းစွာစာကြိုးစားတတ်သောခက်မာသည်ဘဝတစ်ချိုးကအိမ်နောက်တစ်လုံးမှပေးသော စိတ်ဒဏ်ရာများကြောင့် လောကကြီးကို အရွ့ဲတိုက် စိတ်များသာ ရင့်ထော်ခက်ထန်ခဲ့သည်။ ဂစ်တာကိုကျောပိုးမှာလွယ် ဝိုင်ပုလင်း သုံးလေးလုံးကို လက်ကိုင်အိတ်ထဲဝယ်ထည့်ရင်း ခက်မာ မြို့ပတ်ရထားကို ခေါက်တုံ့ခေါက်ပြန်စီးသည်။ ဆေးကျောင်းကို ကျောခိုင်းပြီး ကိုယ့်လိုလမ်းဘေးသရဲဖြစ်နေသော လူငယ်များနဲ့ မိ်တ်ဖွဲ့ကာ ပစ်စလတ်ခတ် သောက်စားမူးညစ် ပျက်စီးတော့သည်။ အချိုးတကွေ့တွင် မူးပြဲနေအောင်ဆေးထည့်ခတ်၍ ခက်မာအပျိုစင်ပန်းကလေးပါ စုတ်ပြတ်နေသည့် ယာတဲအိမ်ကလေးတစ်ခုမှာ ချိုးဖဲ့ ဖျက်ဆီးခံလိုက်ရသည့်အချိန်မှ ခက်မာအိမ်မကဆိုးမှပြန်နိုးထချင်စိတ်အညှောင့်ကလေး စပေါ်တော့သည်။ ထိုယာတဲအိမ်ကလေးကတော့ ခက်မာ ဘဝမှာ ကိုယ့်ကိုကိုယ် စက်ဆုပ်ရွံရှာဆုံး အိမ်ကလေးတစ်လုံးသာအမြဲဖြစ်နေမှာ သေချာပါသည်။ထိုအချိန်ကဘဝကို အဆုံးထိ ဆွဲသတ်လိုက်ချင်စိတ်မပေါ်ဘဲ မခံချင်စိတ် နှင့် ပြန်ရုန်းထချင်စိတ်သာ တဖွားဖွားအားကောင်းခဲ့သည်ကိုလည်း ခက်မာ အံသြရသည်။ သို့သော်ခက်မာလောကကြီးကိုအနိုင်နဲ့သာအပိုင်ပိုင်းချင်သောရည်မှန်းချက်အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြန်စီးဆင်းချင်သည့် စမ်းချောင်းကလေး ပြန်ဖြစ်လာပါသည်။ ခက်မာဆရာဝန်ကတော့ ရေစီးကြောင်းထဲမှာ အတိတ်ကအမှိုတ်သရိုက်တွေ ပိတ်ဆို့နေသည့် ချောင်းလက်တက်များရှိသည်ဟု ထောက်ပြသော်လည်း ခက်မာမှာ နှုတ်ခမ်းကို တင်းအောင်စေ့၍သာ လူမှု့ကယ်ဆယ်ရေး လုပ်အားပေးတွေ အားတက်သရော ဦးဆောင်လုပ်ပါတော့သည်။ခက်မာလုပ်အားပေးခဲ့သည်ကုသုလ်ဖြစ်ဆေးခန်းများရွေ့လျားဆေးခန်းများသည်ခက်မာ၏အိမ်အသစ်ဖြစ်လာပြီးကျန်းမာရေးအသိဉာဏ်နုံနဲ၍ဒုက္ခကပိုများကုန်သောမရှိဆင်းရဲသားလူနာများသည် ခက်မာ၏မိသားစုဝင်အသစ်များဖြစ်လာသည်။ ခက်မာက လူနာအတွက်ခက်ခဲ့မာကျောနေသော ဘဝတွေကို ဖြေလျှော့နားခိုစရာ တဒဂ်အိုအေစစ်လေး ဖြစ်ချင်သည်။ တစ်ဖက်မှာလည်းလူနားများ၏ ကျေးဇူးတင် မျက်ဝန်းများမှာ ခက်မာ၏ခယောင်းလမ်းက အတိတ်ခြေရာများမှ တဒဂ် ပုန်းခိုမေ့ပျောက်ရာ ပင်လယ်ပြာကလေးဖြစ်လာနိုင်မည်ဟုမျှော်လင့်မိသည်။သို့နဲ့ကျောင်းမပြီးခင်အထိမိသားစုကိုအဆက်အသွယ်ဖြတ်ပြီးခက်မာထိုပင်လယ်ကမ်းစပ်ကလေးမှာပင်သဲအိမ်ကလေးတွေတစ်လုံးပြီးတစ်လုံးဆောက်နေဖြစ်ခဲ့ပါသည်။ ကျောင်းပြီးတော့ခက်မာ မွေးရပ်ဇာတိမှာ အဘိုးဆုံးပါးသွားလို့ တစ်ယောက်တည်းကျန်ခဲ့တဲ့ အဖွားကိုအဖော်ပြုရင်း အဘိုး၏ဆေးရုံဟောင်းလေးမှာ အလုပ်သင်ဆင်းသည်။ ခက်မာက ဘဝမှာ ကိုယ့်ကို နင်းချေချိုးဖဲ့ခဲ့သူများကို ကြီးကျယ်ခန်းနားသော အဓိပ္ပာယ်များဖြင့် တည်ဆောက်ထားသော ဘဝဖြင့် ” ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်ပဲ “ဟုကြွေးကြော်ပြချင်သည်။ ငယ်ဘအိပ်မက်ထဲက စံပယ်ရုံအိပ်ခန်းလေးမှာ ရိုးရှင်းတိုးဖျော့နေဖို့ စိတ်ကူးကလေးမှာလည်း ကြွေမွခဲ့ပြီ။ ဘွဲ့ရတော့ ခက်မာ ကူညီလုပ်အားပေးခဲ့သော ကုသိုလ်ဖြစ်ဆေးခန်းမှ စကော်လာပေး၍ နိုင်ငံခြားမှာ တစ်နှစ် ပညာသင်ခွင့်ရခဲ့သည်။ အဲ့ဒီနိုင်ငံတွင် အခြေချဖို့ကြိုးစားလိုသော်လည်း ဆက်လက်ရှင်သန်ဖြတ်သန်းမှု့တစ်လျှောက်မှာ ခက်မာကစစ်ဘေးသင့် ဒေသတွေမှာ လူမူ့အကျိုးပြု ကျန်းမားရေးကုသမူ့များလုပ်ပေးသော အဖွဲ့အစည်းများနှင့် ဆက်လက်တွဲဖို့ဆုံးဖြတ်လိုက်သည်။ ခက်မာအတွကကြီးကျယ်ခန်းနားသော ဘဝတန်ဖိုးမှာကိုယ်နဲ့ဘဝတူဒုက္ခအမျိုးမျိုးကြုံရသူများကို ကူပေးနိုင်သည့် မိုင်တိုင်များသာဖြစ်သည်။ သို့သော်ခက်မာကျင်လည်ခဲ့သော ပတ်ဝန်းကျင်တွင် ခက်မာအပေါ်မတရားသဖြင့် ညင်းဆဲခံခဲရသော အတိတ်ကြောင့် ဝန်ထမ်း အခွင့်အရေးကို ထည့်သွင်းစဉ်းစားပေးခြင်းမရှိတတ်သော အစိုးရ ကျန်းမာရေးလက်အောက်တွင် ပေးဆပ်အနစ်နာခံဖို့စိတ်ကူးလဲအပေါ်ခဲ့။ သို့နှင့်ခက်မာ၏ ဒိုင်ယာရီတွင် အလုပ်ကိုအကြောင်းပြု၍ ရွေ့လျားကျင်လည်ရသော အိမ်ကလေးတွေ ထပ်တိုးလာပါသည်။ သို့သော်လက်တွေ့ဘဝဆိုသည်မှာ ခြုံကြားမှ ဘုံဖျားကို ရုန်းတက်ပြီး ပျော်ရွှင်ဖွယ်ရာ နိဂုံးကလေးများနှင့် ကန့်လန့်ကာချထားသော တခန်းရပ်ရုပ်ရှင်ဇာတ်လမ်းမဟုတ်သောကြောင့် ခက်မာမှာ ဆက်လက်ရုန်းကန်ရင်ဆိုင်ရသော လောကဓံအထုအထောင်းများလည်း ဆက်လက်ရင်ဆိုင်နေရဆဲပင်။ ထိုအထဲမှာမှ အနာဂတ်အိမ်လေးမှာ ကိုယ်ပိုင်မိသားစုဘဝတည်ဆောက်ဖို့ တွန့်ဆုတ်စိတ် မယုံမရဲစိတ်ကတော့ အဆိုးဆုံးပင်ဖြစ်သည်။ ခက်မာ၏အိမ်အမျိုးမျိုးက လူအထွေထွေမှာလည်းအများစုက ဖြတ်လျှောက်များသာဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှု့ကြောင့် စိတ်မလုံခြုံတတ်သောခက်မာကလည်း အပြင်လူကို အတွင်းစည်းထဲ ပေးခြေချမိသည်နှင့် ရေဆုံးရေခန်းသာ တွယ်သာ၍မှီခို၍အားကိုးမိတတ်သည်။ ထိုသို့ ကိုယ်ကဘဝတစ်ခုလုံးစာ ပုံအပ်ခဲ့သော်လည်း ပုံဆိုးပန်းဆိုးနှင့်သာ အဆုံးသတ်ခဲ့ရသည့် ပုံပြင်တစ်ချို့ကြောင့် အနာဂတ်တွင် မှေးမှိန်နားခိုစရာ အိမ်ကလေးတစ်လုံးဟု တိတိပပ စိတ်ကူးဖို့ရာ တွန့်ဆုတ်လှသော်လည်း နေသားတကျပင် အထူတလည် လေးပန်ဝမ်းနည်းခြင်းမရှိတော့ချေ။ အလိုဆန္ဒများဖြင့် ယှက်ရက်လွန်းဖွဲ့ထားသော လောကပန်းခြံကလေးမှာ တတိုင်းမွှေးနိုင်သော ပန်းပင်ကလေးတွေ များများစားစားမရှိနိုင်သည့် လောကဓံသဘောကို နောကျေပြီး၍လည်းဖြစ်နိုင်ပါသည်။ ခက်မာအတွက်တော့ ရုန်းကန်နေ့တနေ့၏ နေဝင်ချိန်အိမ်ကလေးမှာ ကိုယ့်ကိုချစ်ခင်လေးစားတန်ဖိုးထားသောတွေ့ကြုံဆုံကွဲဘဝခရီးသွားဖော်များနှင့်အတူနေရဖို့သာမျှော်လင့်ပါသည်။ တဖန်သူတို့အတွက်လည်း ကိုယ်က ပြန်လာချင်စရာ ချစ်စရာ အိမ်ကလေးသာ ဖြစ်ချင်ပါတော့သည်။