“Subtle Sexism and Me”
ဝေဟင် ဟာ ကျွန်မတို့မိသားစုထဲမှာ အကောင်းဆုံးတက္ကသိုလ်တက်ရောက်နေတဲ့ အင်ဂျင်နီယာလောင်းတစ်ယောက်ဖြစ်တယ်။ သားလိမ္မာလေးဖြစ်လို့ ရပ်ကွက်ကလည်းချစ်ကြသလို စကားခပ်အေးအေးနဲ့ သပ်သပ်ရပ်ရပ် ဝတ်စားလေ့ရှိတယ်။ ဝေဟင် ဟာ ကျွန်မအတွက်တော့ အတွေးအခေါ်မြင့်မားတဲ့ မော့ကြည့်ရတဲ့ အစ်ကိုတစ်ယောက်ပါ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်နှစ်က အမေနာမကျန်းဖြစ်တော့ အိမ်အလုပ်တွေခွဲဝေ၊ တာဝန်ယူကြပေါ့။ ထမင်းဝိုင်းထဲမှာ ဝေဟင်ရဲ့ အကျင့်တစ်ခုက သူစားပြီးသားပန်းကန်ကို နီးစပ်ရာအမျိုးသမီးတွေဆီ ဆေးဖို့ ပုံလေ့ရှိတယ်။ သူအလုပ်ကိစ္စ သွားစရာရှိလို့ နောက်ကျနေပြီဖြစ်ကြောင်း လှမ်းပြောရင်းနဲ့ပေါ့။
တစ်ရက် ဧည့်သည်တွေရောက်နေတော့ ကျွန်မ ဟင်းချက်၊ ပန်းကန်ဆေးနေတာ ယခင်နေ့တွေထက်ပိုကြာသွားတယ်။ နေ့လည်လုပ်ရမည့် အလုပ်ကြောင့် ခပ်လောလောနဲ့ ကျွန်မသိမ်းဆည်းပြီးချိန်မှာ သူဘေစင်နားကိုရောက်လာပြီး ကျွန်မလက်ထဲ သူ့ပေကျံနေတဲ့ ထမင်းပန်းကန်ကို ထည့်လိုက်တယ်။ ကျွန်မဆေးပေးဖို့ငြင်းဆန်လိုက်တဲ့ အခိုက်အတန့် သူဟာ မျက်နှာနီရဲလာပြီး “နင်ဟာ နင်လုပ်ချင်တာပဲသိပြီး မိန်းမ မဆန်တော့ဘူး ဆိုတာသိရဲ့လား။ စားပြီးသားပန်းကန် ဆေးရမှာမိန်းမတွေရဲ့ တာဝန်ပဲ။” ထို့နောက် ကျွန်မကိုကြည့်နေရာကနေ ဆတ်ခနဲ လှည့်ထွက်သွားပြီး သူ့နောက်ကျောထမင်းဝိုင်းမှာ ထိုင်နေတဲ့ ၁၀နှစ်အရွယ် ညီမလေးဆီ “နင် ဘယ်တော့မှ နင့်အစ်မကို မကြည့်နဲ့။ သူက နင်အတုယူစရာလူမဟုတ်ဘူး။ အတွေးအခေါ်အပြည့်နဲ့ တစ်သက်လုံးပျော်နိုင်မှာ မဟုတ်တဲ့ဖီးမီးနစ်တစ်ယောက်ပဲ” ဒီလိုနဲ့ ကျွန်မအလုပ်ခွင်ထဲ အလုပ်လုပ်၊စကားပြောဆိုဆက်ဆံလာတော့ လူအများ online ကရော၊ အပြင်ကရော အထူးသဖြင့် အမျိုးသားအများစုက ကွန်မကိုပြောကြတယ်။
“အခုခေတ်မှာ အမျိုးသားနဲ့အမျိုးသမီးတွေ တူတူပဲ။” အမျိုးသမီးတွေကတောင် အခွင့်အရေးပိုရသေးတယ် ဆိုတဲ့ခပ်ဆင်ဆင် အဓိပ္ပါယ်စကားလုံးတွေကို တွေ့ရတယ်။ ဝေဟင်ရဲ့ စကားလုံးတွေရော၊သူတို့ရောက ကျွန်မကို စဥ်းစားစေတယ်။ မိရိုးဖလာ ယဥ်ကျေးမှုနဲ့ ကြီးပြင်းလာတဲ့ ကျွန်မအတွက် ကျွန်မရဲ့ လိင်ဖြစ်တည်မှု(gender) အပေါ် ခွဲခြားဆက်ဆံခံရမှုက ကြီးပြင်းလာတဲ့တစ်လျှောက် နေ့စဥ်လိုလိုပါပဲ။ အရင်ကထက် အသိဉာဏ်ပွင့်လင်းလာတဲ့ ဒီကနေ့ခေတ်မှာ “ဟေ့ ယောကျ်ားနဲ့ မိန်းမတူဘူးဟေ့။ မိန်းမတွေက ယောကျ်ားတွေလုပ်နိုင်တာလောက် မလုပ်နိုင်ဘူး။ အမြဲနိမ့်ကျမှာပဲ။” ဆိုတဲ့ တိကျပြင်းထန်တဲ့ ခွဲခြားမှုတွေက တဖြည်းဖြည်းနဲ့ နည်းသထက်နည်းလာတယ်။
အခုနောက်ပိုင်း တိုးတက်လာတဲ့ မြို့ပြအများစု လူ့အသိုင်းအဝိုင်းတွေမှာ ဒီလိုပြောဆိုမှုတွေသည် Sexist ဖြစ်တယ်လို့ လက်ခံမှုများပြားလာကြတယ်။ အထက်ကစကားစုလို ငယ်ငယ်ကတည်းက ကျွန်မရဲ့ စိတ်ထဲမှာ လိင်အခြေပြုခွဲခြားမှု(sexism) လို့စဥ်းစားလိုက်ရင် တိကျတဲ့ပုံရိပ်နဲ့ definition သတ်မှတ်ချက်ရှိတယ်။ အခုနောက်ပိုင်း ဒီလိုခွဲခြားမှုကို လူ့အသိုင်းအဝိုင်းက ပေါ်ပေါ်ထင်ထင်နှာခေါင်းရှုံ့လာကြတော့၊ ‘အင်း ဟုတ်လောက်မယ်လေ၊ အရင်ကထက် ပိုတန်းတူ ညီမျှလာတဲ့ခေတ်ရောက်လာပြီပဲ’ လို့တွေးမိတယ်။ အမျိုးသမီးတွေလည်း အရင်ကထက်စာရင် အမျိုးသားတွေနဲ့ တန်းတူအလုပ်လုပ်တယ်၊ အခွင့်အရေးတွေလည်း ပိုရလာတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံကြရင် ဝေဟင်ရဲ့ တုံ့ပြန်ချက်လိုမျိုး ကျွန်မတို့က sexism နဲ့ gender bias အစွဲတွေကို လူ့အဖွဲ့အစည်းမှာ အခုအချိန်ထိ ကုန်စင်အောင် မပယ်နိုင်သေးတာကို သတိထားမိတဲ့အခါ အလွန် အံသြမိတယ်။ အရင်လို “နင်ဟာ အမျိုးသမီးမို့လို့ နင်မလုပ်နိုင်ဘူး။ ဒါကတော့ နင်လုပ်ရမဲ့ အရာ” လို့တော့ တိုက်ရိုက်မပြောဆိုကြတော့ဘူး။ ဒီအစား gender biasတွေကို သေးငယ် သိမ်မွေ့စွာ ဖော်ပြကြတယ်။
ဒီနေရာမှာ ကျွန်မ စကားလုံးအသစ်တစ်လုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်: Microaggression – a statement, action, or incident regarded as an instance of indirect, subtle, or unintentional discrimination against members of a marginalized group such as a racial or ethnic minority. မြန်မာလိုပြန်ရမယ်ဆိုရင်တော့ Microaggression ဆိုတာ လူမျိုးရေး သို့မဟုတ် လူမျိုးစု လူနည်းစုကဲ့သို့ ဘေးဖယ်ထားသော အုပ်စုဝင်များ(a member of marginalized group) အပေါ် သွယ်ဝိုက်၊ သိမ်မွေ့သော သို့မဟုတ် မရည်ရွယ်ဘဲ ပြုလုပ်ပြောဆိုမိလိုက်တဲ့ ခွဲခြားဆက်ဆံခြင်းစွက်ထားသော statement၊ comment၊ action တွေဖြစ်ပါတယ်။ Microaggression ရဲ့ ပြဿနာက သူက သိသာမနေဘူး။ သူတို့တွေက သာမန်နေ့ဒဓူဝ စကားတွေ၊ ဟာသတွေ၊ တစ်ခါတစ်ရံ ချီးမွမ်းမှုတွေအနေနဲ့တောင် လာတတ်ပါတယ်။
“ဒီ ဂိမ်းစက်က နင့်အစ်ကိုဟာမလား။” “နင့်အမေက ဟင်းချက်နည်းစာအုပ်ဆို သဘောကျလိမ့်မယ်။” “ဟဲ့ ဒီခုံတွေ စာသင်ခန်းထဲ ရွေ့ဖို့လိုတယ်၊ အားကြီးကြီးနဲ့ ယောကျ်ားလေးနှစ်ယောက်လောက်” “နင်က (ဒီလူမျိုးစု)တစ်ယောက်အနေနဲ့ တော့ချောသားနော်။” “နင်က တခြားမိန်းကလေးတွေလို မဟုတ်ဘူး။” ဒီလို microaggressions တွေကို ရှင်တို့ရော၊ ကျွန်မတို့ရော ဘဝမှာ အနည်းနဲ့ အများကြုံတွေ့ဖူးကြ တယ်။ ဒီလို သိမ်မွေ့သေးငယ်တဲ့ sexismတွေကို ပြုလုပ်တဲ့သူ အများစုက ရှင်ရော၊ ကျွန်မဖြစ်တယ်။ Microaggression တွေက ကိုယ့်အတွက်အန္တရာယ်ကင်းမဲ့တယ် လို့ထင်ရတဲ့စကားတွေ ဖြစ်ပေမဲ့ ကိုယ်နဲ့ပြောဆိုတဲ့ တဖက်သားအတွက် သူ့ရဲ့ လိင် (gender)၊ လူမျိုးစု ethnicity or race အပေါ်မူတည်ပြီး နှိမ့်ချမှု၊ခွဲခြားစော်ကားမှုတွေ ဖြစ်နိုင်ပါတယ်။ ဘာမှ မဟုတ်တဲ့ သာမန်လိုပဲထင်ရပေမဲ့ ဒီလို Microaggression တွေက marginalized group လူနည်းစုတွေကို ပြင်းထန်တဲ့ ပါဝါသက်ရောက်မှုရှိပါတယ်။
သူတို့တွေက ကျွန်မတို့ လူမှုပတ်ဝန်းကျင်ထဲမှာ မညီမျှမှုတွေကို ဖန်တီးပါတယ်။ သေးငယ်တဲ့ ဆူးတွေနဲ့ အလားတူ အချိန်ကြာလာတာနဲ့အမျှ ဖြည်းဖြည်းမှန်မှန် သင့်ရဲ့ဖြစ်တည်မှု(sense of self) ကိုတိုက်စားနိုင်ပါတယ်။ “အို နင်က မိန်းမတစ်ယောက်အနေနဲ့တော့ ဉာဏ်ကောင်းသားပဲနော်။” “ဟဲ့ ကောင်လေး ယောကျ်ားလေးဆိုတာ မငိုရဘူး။ စိတ်မာမာထား။” “မိန်းမတစ်ယောက်အတွက် အရေးအကြီးဆုံး တာဝန်က ကလေးမွေးဖို့ပဲလေ။” ဒီလို အင်မတန် သေးငယ်တဲ့ ဆူးတွေ၊ အချိန်ကြာလာတာနဲ့ အမျှ ရှင်တို့၊ ကျွန်မတို့ရဲ့ စိတ်ကို မသိမသာလွှမ်းမိုးလာပါတယ်။ သူတို့တွေက အလုပ်ခွင်မှာ မညီမျှမှုတွေ၊ ပတ်ဝန်းကျင်တွေမှာ မညီမျှမှုတွေဖန်တီးပါတယ်။ သင် ဘယ်သူ့ကို မဲပေးမယ်၊ အတန်းခေါင်းဆောင် ဘယ်သူကိုခန့်အပ်မယ်၊ ဘယ်လိုသူတွေကပဲ အာဏာရ နိုင်ငံကို အုပ်ချုပ်သင့်လဲ အထိကိုပါ impact သက်ရောက်ပါတယ်။ ၂၀၁၇ ဥရောပနိုင်ငံတွေရဲ့ စစ်တမ်းအရ UN အဖွဲ့ဝင် ၁၉၃ နိုင်ငံမှာ အမျိုးသမီး ခေါင်းဆောင်ဟာ ၁၁နိုင်ငံပဲရှိပါတယ်။ နိုင်ငံရေးလောက ပါလီမာန်မှာ အမျိုးသမီးတွေရွှေးချယ်ခြင်းခံရမှုနှုန်းဟာ ၃၀%အောက်ရှိပါတယ်။
အခု ဒီခေါင်းဆောင်မှုပိုင်းတွေမှာ အမျိုးသမီးတွေနည်းနေရခြင်းဟာ သူတို့တွေဟာ သူ့တန်းတူ အမျိုးသားတွေထက် အရည်အချင်းနည်းပါးလို့လား၊ ခံစားလွယ်(too emotional) ဖြစ်လို့လား (ဒါမှမဟုတ်) ကျွန်မတို့ ပတ်ဝန်းကျင်မှာ အသိထဲအရိုးထဲစွဲနေတဲ့ အမျိုးသမီးတွေဟာ အရေးပါတဲ့ဆုံးဖြတ်ချက်တွေလုပ်ရလောက်အောင် မတိကျ၊ခံစားချက်မခိုင်မာကြဘူး ဆိုတဲ့ယုံကြည်မှုကြောင့်လား။ ဒါကိုတော့ စာဖတ်သူသဘောအရ စဥ်းစားကြည့်ပါ။ ဒီ Microaggression တွေက ကျွန်မတို့ရဲ့ မသိစိတ်ထဲက လာလေ့ရှိတယ်။ ကျွန်မတို့ မသိစိတ်ထဲပတ်ဝန်းကျင်၊ မိသားစုတွေ ဆီကနေ လက်ဆင့်ကမ်းလာတဲ့အမြင်တွေဖြစ်တယ်။ လူတစ်ဦးတစ်ယောက်ရဲ့ လိင်၊ လူမျိုးစု၊ အသွင်အပြင်အပေါ်ဘယ်လို ထင်မြင်တယ်ဆိုတာ ကျွန်မတို့တွေရဲ့မသိစိတ်ထဲကို ငယ်စဥ်ကတည်းက မိသားစုတွေ၊ ပတ်ဝန်းကျင်တွေကနေ သင်ကြားပေးခံရတယ်။ ဆိုတော့ ကိုယ့်မသိစိတ်ထဲကနေ ကျော်လွန်တဲ့နေရာမှာရောက်နေတဲ့ Microaggression တွေကို ဘယ်လိုရင်ဆိုင်ရမလဲ။
အရင်ဆုံး ပြဿနာတစ်ခုကို ရင်ဆိုင်ရာမှာ ပထမဆုံးခြေလှမ်းက ‘ဒါက ပြဿနာတစ်ခု’လို့ လက်ခံခြင်းပါပဲ။ ကျွန်မတို့ မရည်ရွယ်ပဲ အမှားတွေပြုလုပ်မိနေတယ်လို့ လက်ခံမှသာလျှင် ကျွန်မတို့ရည်ရွယ်ချက်ရှိရှိနဲ့ ဒီအမှားတွေကိုပြန်လည်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ စကားလုံးတွေဟာ တခြားတစ်ယောက်ရဲ့ ဘဝကို မကောင်းတဲ့ သက်ရောက်မှုဖြစ်စေနိုင်တာကို လက်ခံဖို့အရေးကြီးပါတယ်။ စကားလုံးတိုင်းမှာ ပါဝါရှိပါတယ်။ ကျွန်မတို့သေချာ ရွေးချယ်လိုက်တဲ့ စကားလုံးတွေက တစ်ဖက်သားရဲ့ ဘဝကို လေးငါး ဆယ်နှစ်အထိ သက်ရောက်ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် စကားလုံးတွေကို သေချာစိစစ် ရွေးချယ်ကြပါ။ အမေ အရမ်းနေမကောင်းဖြစ်တော့ သားအိမ်ထုတ်ခဲ့ပါတယ်။ တစ်ရက် ပြနေကြ ဆရာဝန်တစ်ယောက်ဆီ သူအရင်လို မခံစားရတော့လို့ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ဘယ်လိုဖြည့်စွက်စာတွေ သောက်ရမလဲ မေးတော့ ဆရာဝန်က “သားအိမ်ထုတ်လိုက်တော့ အစ်မက အမျိုးသမီးမှမဟုတ်တော့တာ။” လို့ အေးအေးဆေးဆေးပဲ ပြောပါတယ်။ သေးငယ်တဲ့ ဆူးတွေပါ။ ကိုယ့်ရဲ့ စကားလုံးတွေက တဖက်သားရဲ့ ဖြစ်တည်မှု၊ အမြင်တွေကို ထိုးနှက်ပြောင်းလဲနိုင်ပါတယ်။
အထူးသဖြင့်ကိုယ်ဟာ ပညာတတ်တွေ၊ နိုင်ငံရေးသမားတွေ၊ကျန်းမာရေး စောင့်ရှောက်မှုဝန်ထမ်းတွေ၊ ကိုယ့် ဆုံးဖြတ်ချက် စကားတွေက သူများဘဝကို သက်ရောက်မှုပိုပြင်းတဲ့ သူတွေပေါ့။ Microaggression ကိုတုံ့ပြန်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ယဥ်ကျေးစွာပြန်မေးခွန်းထုတ်၊ မှတ်ချက်ပေးခြင်းပါပဲ။ နှစ်ခါပြန်မေးပါ။ သူတို့ရဲ့ တန်းဖိုးထားမှုစံနှုန်းတွေနဲ့ ပြန်တိုင်းတာပြီး ယခုပြောလိုက်တဲ့စကားဟာ မကိုက်ညီကြောင်း ပြန်ပြောပြပါ။ ဒါမဟုတ် eye roll သာပေးလိုက်ပါ။ ဒါမဟုတ် တိုက်ရိုက်သာ သူတို့ရဲ့စကားတွေက တဖက်သားကိုထိခိုက်စေကြောင်း သတိပေးပါ။ဒါတွေအကုန်လုံးဟာ ပြောတဲ့သူနဲ့ သင့်ရဲ့ ရင်းနှီးမှုအတိုင်းအတာ အပေါ်မူတည်ပါတယ်။
တစ်ခါတစ်လေကြရင် တစ်ချို့က တမင် microaggression ပြုလုပ်ပြီး သင့်ဆီက တုံ့ပြန်မှုကိုရှာတတ်ကြပါတယ်။ ဥပမာ “မိန်းမတွေက ပန်းကန်ဆေးစက်တွေပါပဲ။” တမင်ဖြစ်စေ၊ မသိမသာဖြစ်စေ ပြုလုပ်တဲ့ microaggression တွေကို ကျွန်မတို့အနေနဲ့ သတိမူပြီး စောင့်ကြည့်ပြင်ဆင်ဖို့ အရေးကြီးပါတယ်။ နောက်ဆုံးမှာ ကျွန်မတို့ပန်းတိုင်က genderတိုင်း သူတို့ရဲ့ ရည်မှန်းချက်ကို ပြည့်ဝစွာပုံဖော် လုပ်ဆောင်နိုင်တဲ့ ကမ္ဘာကြီးပဲ မဟုတ်လား။ ကျွန်မ ပေးချင်တဲ့ messageကတော့ ကိုယ့်စကားလုံး တွေကိုသေချာရွေးချယ်ပါ။ ဒီလို တဖြည်းဖြည်း မှန်မှန်နဲ့ ရှင်တို့၊ ကျွန်မတို့ရဲ့ မသိစိတ်ထဲက ခွဲခြားမှု မှားယွင်းတဲ့အစွဲတွေကို တော်လှန်နိုင်မှာပါ။