Feminist Literature Competition (Round 2)

Featured Selection – Win Lae Nandar

နန်းမော်၏စိတ်ထဲ့တွင် ‘အိမ်‘ ‘အိမ်‘ ဟုအိမ်ပြန်လမ်းတစ်လျှောက်လုံး ရွက်လာခဲသည်။ ဒီနေ့ကျောင်းတွင် ဆရာမက “မိမိအိမ်အကြောင်း “ စာစီစာကုံးကို အိမ်ကနေရေးဖို့ မှာလိုက်တယ်။ အဲ့အချိန်ကတည်းက နန်းဟာ စိတ်နဲ့ ကိုယ်နဲ့ မကပ်တော့ပေ။ နန်းအသစ် ၁၆ နှစ်ရှိပီ ဖြစ်သော်လည်းခုထိအိမ်ဆိုတဲ့ အသံကိုကြားတိုင်း ခုလိုတွေးမြဲ ငေးမြဲ။ သြော်… သေချာတွေးမိတော့လည်း နန်းခုလိုဖြစ်တတ်တာဒီတစ်ခုတည်းကြုံရမှတော့လည်းမဟုတ်ပါဘူးလေ။ဘာကြောင့်ခုလိုဖြစ်တာလည်းမေးရင်တော့ နန်းမှာ ပြောစရာအများကြီးရှိနေပါတယ်။ ဂေဟာကို နန်းပြန်ရောက်တော့ လုပ်နေကျ တစ်နေ့တာ အလုပ်တွေဖြစ်သော ရေဖြည့်၊ တံမျက်စည်းလှည်း၊သန့်ရှင်းရေးလုပ်၊ထမင်းစားပြီးဂေဟာကကလေးတွေနဲ့အတူစာလုပ်ချိန်ရောက်လာခဲ့ပြီလေ။ ဒီနေ့အတွက် အိမ်စာမှာ မြန်မာဆရာမရေးခိုင်းလိုက်သော “ မိမိအိမ်ကြောင်း“သာရှိလေသည်။ ကဲ ရေးကို ရေးရမည့်အချိန် ရောက်လာပါပီ။ ဆက်ပြီးရှောင်နေလို့လည်းမရတော့။ ရေးတော့မည်ဆိုပြီး စဉ်းစားရုံစရှိသေးသည် မျက်ရည်များဝဲလာလေပီ။ နောင့်မျက်နှာကိုလည်း လှမ်းကြည့်မိသည်။ ဒီစာစီ စာကုံးဟာ အတန်းထဲ့တွင်ရှိသော တခြားသူအတွက် လွယ်ကူနိုင်သော်လည်း လူမှန်းသိတတ်စ အရွယ်ကတည်းက ဒီ “ပီတိ“ ဆိုသည့်ဂေဟာမှာသာ ကြီးပြင်းခဲ့သော နန်းတို့လိုကလေးတွေအတွက်တော့အိမ်ဆိုတာဟာစိတ်ကူးယဉ်ယုံမျှသာ။အသက်(၁၁)နှစ်လောက်တုန်းကတော့ နန်းမှာ သိပ်ချစ်စရာကောင်တဲ့ အိမ်လေးရှိခဲ့ဖူးပါတယ်။ သူများတွေလို နန်းမှာလဲပေါ့ (အဖေ)ရယ်၊ မှဲ့ ( အမေ) ရယ်၊ နောက်ပြီး (ညီမလေး)ရယ် အတူတူနေသော နွေးထွေးအေးချမ်းတဲ့ “အိမ်ကလေး” ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ နန်းတို့ရဲ့ ရွာကအိမ်လေးဟာ ၂၀၁၅ မှာ ဖြစ်ပွားခဲ့သော လောက်ကိုင်က တိုက်ပွဲတွေ့ကြောင့် ပျောက်သွားခဲ့တာ ၅ နှစ်တောင်ရှိခဲ့ပြီ။ ၂၀၁၅ ရဲ့လောက်ကိုင်တိုက်ပွဲဟာ နန်းတို့တွေချစ်တဲ့ အိမ်လေးနဲ့အတူ နန်းရဲ့ချစ်ရတဲ့ မိဘနှစ်ပါးလုံး ခေါ်ဆောင်သွားခဲ့တယ်။ ဒါကြောင့် ပြန်မစဉ်းစားချင်လောက်အောင် ခါးသီးခဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။ ဒီဖြစ်ရပ်တွေမတိုင်ခင် နန်းရဲ့ အိမ်လေးဟာ အပြင်ကမောခဲ့သမျှ အပန်းပြေစေတဲ့ နေရာ၊ မနက်စောစောထပြီး မိဘတို့ တောင်ယာမသွားခင် ထမင်းလက်ဆုံစားနေကြနေရာ၊ ကျောင်းသွားဖို့ဝတ်စုံလေးတွေ ထုတ်ပေးတဲ့ နေရာ၊ကျောင်းမှာထမင်းစားဖို့ထမင်းချိုင့်လေးပြင်ပေးတဲ့နေရာ၊ ပေါ့ မှုန့်ဖိုးပေးပြီးစာကြိုစားဖို့ပြောတဲ့နေရာလည်းဖြစ်တယ်။ ဒါတင်ဘယ်ကမလဲ.. သူငယ်ချင်းတွေနဲ့ အတူတူ စိတ်တိုင်းကျ ကစားခဲ့ရတဲ့အမှတ်တရများ၊ ညဘက်အိမ်မရတိုင်း ပုံပြင်တွေပြောပြတတ်သည့် ပေါ့ နှင့် မှဲ့ ရဲ့ ပုံရိပ်များ ၊ နောင့်လေးနဲ့ ဖက်အိပ်ရင်း မနက်မိုးသည်းပါစေ ကျောင်းမသွားချင်လို့ပါလို့ ဆုတောင်းရင်း အိပ်ခဲ့သည့်ညများ၊ အိမ်စာမလုပ်လို့ဆရာမရိုက်ခံရလို့ ငိုပြီးအိမ်ပြန်လာတဲ့အခါ နွေးထွေးစွာ ဖက်ထားပြီး “နန်း စာလုပ်ပါ မှဲ့တို့လို မပင်ပန်းစေချင်လို့ ကျောင်းထားတာ စာလုပ်ပါ”ဆိုတဲ့အသံလေးများဟာ နန်းရဲ့ရှုံးဆုံးသွားတဲ့ အိမ်လေးမှာပဲရှိတာ။ နန်းရဲ့ အိမ်ဟာ တစ်ချိန်က ပျော်ရွှင်နွေးထွေးတဲ့ မိသားစု၊ ရိုးသားပွင့်လင်းသည့် အိမ်နီးချင်းများ၊ ချစ်စရာကောင်းပြီး အနစ်နာခံတတ်သော သူငယ်ချင်းများ တွေနဲ့ လှပအေးချမ်းသော တောင်ကုန်းလေးပေါ်မှာ “သံယောဇဉ်ကြိုးများဖြင့် ရစ်ပတ်ထားသော အသိုက်အမြုံ ““နွေးထွေးသော အသိုက်အမြုံ” ဖြစ်ခဲ့ဖူးတာ သေချာပါသည်။ အဲ့လောက်ပျော်ဖို့ ကောင်းတဲ့နေရာမှာ နန်းနဲ့ နန်း သူငယ်ချင်းများ ပြီးတော့ တခြားသူများစွာသော အိမ်များမှာ မေလ (၁၅)ရက်နေ့က လောက်ကိုင်မှာ ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ပျက်စီးခဲ့ရသည်။ နန်းတို့အိမ်လေးသာမက နန်းချစ်သောရွာမှာ ရှိတဲ့ အိမ်တိုင်းနီးပါးကို ရှုံးဆုံးရပြီး မိသားစုများစွာ သေကွဲ၊ ရှင်ကွဲကွဲခဲ့ရသည်။နန်းတို့ရွာကအိမ်လေးမျာပျော်စရာအတိတ်တွေရှိသလိုဝမ်းနည်းစရာအရိပ်တွေလည်းရှိတယ်။မိဘနှစ်ယောက်လုံးခေါင်းချခဲ့တဲ့နေရာဟာနန်းတို့လွမ်းတိုင်းပြန်သွားလို့မရပေ။ခုထိအဲ့ဒေသကမတည်ငြိမ်သေးသလို နန်းမှာလဲ အဲ့ဒီကို သွားဖို့ ပိုက်ဆံမရှိပေ။ လူ့ဘဝရဲ့အခြေခံလိုအပ်ချက်ထဲမှာ ပါနေတဲ့ နေစရာဆိုတာ တစ်ချို့တွေအတွက် ပျော်စရာကောင်းအိမ် ဖြစ်နိုင်သလို တချို့တွေအတွက် စိတ်ညစ်စရာတွေ စုပြုံနေတဲ့ အိမ် ဖြစ်နိုင်ပါတယ်။ နန်းကျောင်းသွားတဲ့ လမ်းတစ်လျှောက်မှာ ရှိနေတဲ့ အိမ်လေးတွေကို ငေးရင်းသိမ်ငယ်မိတတ်သလို အိမ် (သို့) နေစရာ မရှိတဲ့ လူတွေလည်းရှိနေတာပဲလို့ နန်း ဖြေသိမ့်မိပါတယ်။ အဲ့ လို အိမ်မရှိတဲ့ သူနဲ့စာရင် နန်းတို့ရဲ့အဖြစ်ကတော်ပါသေးတယ်။ ဂေဟာမှူးဆုံးမထားတဲ့အတိုင်း “ ကိုယ့်ထက်အပေါ်ပဲ ကြည့်ပြီး ဝမ်းမနည်းကြနဲ့ အောက်လည်းပြန်ကြည့်တတ်ဦး“ တဲ့။ နန်းတို့လိုဂေဟာကကလေးတွေလည်း ဂေဟာမုှူးအဲ့ လိုဆုံးမစကားတွေနဲ့ ကြောင့် အရမ်းမခံစားရဘဲ ကျင့်သားရလာကြပါပြီ။ ဂေဟာကိုခုတလောမှ ရောက်လာတဲ့ မွေးကာစကလေး ဖိုးသားတို့၊ (၃)နှစ်နဲ့ရောက်လာတဲ့ သုန်သုန်လေးတို့ မျက်နှာလေးမြင်ယောင်လာသည်။ နန်း နှင့် နောင့် မှာ အနည်းဆုံးတော့ အိမ်ရှိခဲ့ဖူးပါတယ်လေ။ အမှတ်တရလည်းရှိခဲ့တယ်။ နွေးထွေးမှုး၊ ကြင်နာမှုး၊ ဂရုစိုက်မှှု့တွေ အနီးကပ်ခံစားဖူးတယ်၊ နားခိုစရာအိမ်ရှိခြင်းအကြာင်းကိုလည်းနားလည်ခဲ့ပီ။ လုံးဝမရဖူးတာနဲ့စာရင် အချိန်အတိုင်းတာတစ်ခုထိ နည်းနည်းလောက် ခံစားခွင့်ရခဲ့တာကိုပဲ ကျေနပ်နေပါပီ။ ဂေဟာမှာလေ အိမ်ဆိုတာ ဘာမှန်းကိုမသိတဲ့ ကလေးတွေရှိတယ်။ အဲ့လိုကလေးတွေအများကြီးအတွက် နန်းနွေးထွေးတဲ့ အိမ်ကလေးဖန်တီးပေးချင်လိုက်တာ။ ထမင်း၊ဟင်းပြည့်ပြည့်စုံစုံ ၊ခုလိုတော်တဲ့ ကလေးတွေပဲ ကျောင်းထားပေးတာမဟုတ်ဘဲ ကလေးတွေအကုန်ကျောင်းတက်လို့ရအောင် လုပ်ပေးချင်လိုက်တာ။ နွေ၊မိုး၊ ဆောင်း ဥတုသုံးပါးအတွက် ဝတ်စရာရှိစေချင်တာ။ သရေစာလေးတွေစားဖို့ မုန့်ဖိုးလေးတွေပေးချင်တာ။ အဲ့လိုတွေလုပ်ဖို့ရာ နန်းမှာ ပိုက်ဆံရှိပြီး အိမ်ပိုင်ဝယ်ဖို့လိုသည်။ “ အိမ်ဝယ်နိုင်ဖို့ နန်း စာကြိုးစား၊ အလုပ်လုပ်ပြီး ပိုက်ဆံရှာရမည်တဲ့”ဂေဟာမှူးကပြောဖူးသည်။ အသက်၁၆နှစ်သာရှိပေမဲ့ ဒီလိုမျိုးကိုယ်ကိုကိုယ်နှစ်သက်တတ်လာတာဟာ အိမ်နဲ့ အစောကြီးဝေးကွာခဲ့ရတာကြောင့် ဖြစ်မည်။ အိပ်ပုပ်ကြီးတဲ့ နန်းတစ်ယောက် မနက်အစောကြီးထပြီး ဂေဟာအလုပ်တွေလုပ် ပင်ပန်းခံနိုင်တာနောင့်ကြောင့်ဖြစ်မည်။ စာကြိုးစားလို့ မှဲ့ ဘယ်လောက်ပဲ ပြောပြော မကြိုးစားတဲ့ ငပျင်းမ “နန်းမော်” တစ်ယောက်အတည်းထဲ့မှာရော ဂေဟာမှာပါ အတော်ဆုံးဖြစ်လာတာဟာ “ကိုယ်ပိုင်အိမ်” ပိုင်ဆိုင်လိုသော အိမ်မက်ကြောင့်ဖြစ်မည်။ “အိပ်ကြတော့ အိပ်ကြတော့” ဟူသောဂေဟာမှူးအသံနဲ့အတူ အိပ်ဖို့ပြင်ဆင်ရပြီ။ မအိပ်ခင်ကလေးအားလုံးအတူတူ ဘုရားစာရွက်ရသည်။ မနက်စောစောထပြီးထမင်းချက်ရမည့် တာဝန်ရှိသည်။ အိပ်မှရမည်။ ဘေးမှာအိပ်နေတဲ့ နောင့်ကို ဖက်ထားပြီး “ငါတို့အတွက် လွပ်လတ်တဲ့ ကိုယ်ပိုင်အိမ်လေးပိုင်ဆိုင်ဖို့ကြိုးစားရမယ်”လို့တွေးရင်း———–။အိမ်မက်ထမက်တယ်။မက်နေကျအတိုင်းပဲ။ ပေါ့ရယ် မှဲ့ရယ် အရင်နန်းတို့အိမ်လေးဆီကို လာဖို့ခေါ်နေတယ်။စစ်ပွဲတွေပြီးသွားပီတဲ့။ရွာငြိမ်းချမ်းသွားပီတဲ့လေ။ လူတွေရဲ့အိမ်မက်တိုင်းတကယ်ဖြစ်ဖို့ဆုတောင်းရင်း —— တစ်နေ့တာ တာဝန်တွေလုပ်ဆောင်ဖို့ အိပ်ရာမှလူးလိမ့်ထရင်း ။ နန်းမော်ရဲ့ အိမ်မက်နှစ်ခုလည်း တကယ်ဖြစ်လာမှာပါလို့ ယုံကြည်ရင်း—–ကြိုးစားရင်း—-။