Feminist Literature Competition(5)
Featured Selection – ” Vera ”
. ” တော်လှန်ရေးကာလ စိတ်ကျန်းမာရေး အတွေ့အကြုံများ ” “ အိုဘယ်ဆီမှာ…အရပ်ဆယ်မျက်နှာ “ မြင့်မားတဲ့ တိုက်ခန်းတွေရဲ့နောက်ကွယ်မှာပဲ နေက တဖြည်းဖြည်းဝင်သွားတာနဲ့အတူ ညအမှောင်က ကြီးစိုးလာတယ်။ ရန်ကုန်မြို့ထဲက ဆယ့်ငါးပေပတ်လည်အခန်းငယ်လေးထဲ ကျွန်မရဲ့ အသက်ရှူရခက်တဲ့ရောဂါက ပိုပိုဆိုးလာတယ်။ ကျွန်မကိုယ် ကျွန်မသတိထားမိတော့ တိုက်ခန်းရှေ့ဝရန်တာမှာ။ကျွန်မကိုယ်တိုင်လည်း ကိုဗစ်က ပြန်သက်သာလာတာမကြာသေးဘူး။ ဒါ့အပြင် အလုပ်လက်မဲ့။ ကျောင်းကလည်း နားထားတော့ ဆိုရှယ်မီဒီယာကို အချိန်ပြည့် ကျွန်မသုံးနေမိတယ်။ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်မှုကြောင့် တစ်နေ့နဲ့တစ်နေ့ သေနေကြတဲ့လူတွေ။ အင်စတာဂရမ်က လူချမ်းသာနဲ့ဆယ်လီဘရတီတို့ရဲ့ ပြည့်စုံလှတဲ့ ပုံရိပ်တွေ။ အကူအညီတောင်းခံနေကြတဲ့ စီဒီအမ်သမားတွေနဲ့ စစ်ပွဲအတွင်းတော်လှန်ရေးအတွင်းက ကျဆုံးရတဲ့ အာဇာနည်တွေ။ ကျွန်မစိတ်ဟာ ဟိုပျံ့သည်ပျံ့။ အထိန်းအကွပ်မဲ့စိတ်ဟာ နှိုင်းယှဉ်မိသွားတယ်ဆိုတာ ကျွန်မဝန်ခံပါတယ်။ နဂိုကတည်းက ငွေကြေးတတ်နိုင်လို့ နိုင်ငံခြားကျောင်းသွားတက်နေသူလည်းအများကြီး၊ တက္ကသိုလ်ပြီးရင် ကျောင်းသွားတက်မယ့်သူတွေလည်း အများကြီးပဲ။ ဆင်းရဲချမ်းသာကွာဟမှုဆီ စိတ်က ရောက်သွားတယ်။ ကာယအလုပ်သမားတွေထဲအစားအသောက်ပို့ဆောင်သူတွေ၊ ဆိုက်ကားနင်းသူတွေ၊ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ တစ်နေကုန်ထိုင်စက်ချုပ်နေရတဲ့ စက်ရုံအလုပ်သမတွေ စသူတွေပေါ့။ တစ်ချိန်က ငယ်စဉ်အခါမကြိုးစားရင် ကာယအလုပ်သမားတွေဖြစ်လာမယ်လို့ ဆုံးမတာကို သတိရလာတယ်။ ဒါဟာတကယ်မှန်တယ်လို့ ကျွန်မမယုံကြည်ပါဘူး။ စက်ရုပ်တွေ၊ ခေတ်မီစက်ကိရိယာတွေ အပြည့်အဝမသုံးနိုင် သေးသရွေ့ အခုလိုလုပ်ပေးမယ့် အလုပ်သမားတွေကို ကျွန်မတို့လိုအပ်တာပဲမဟုတ်လား။ သူတို့သာမရှိရင် ကျွန်မတို့လူမှုအသိုင်းအဝိုင်းကြီး အဆင်ပြေနိုင်ဦးပါ့မလား။ လူ့ဘဝကြီးမှာ သူ့တာဝန် နဲ့သူ သူ့ကဏ္ဍနဲ့သူ အရေးပါတယ်လို့ ယုံကြည်မိပါတယ်။ ပန်းအိုးငယ်လေးထဲ အလှစိုက်ထားတဲ့ စံပယ်ရနံ့တွေသင်းပျံ့လို့။ မဇ္ဈိမတီဗွီကနေ လှုံ့ဆော်ချက် တစ်ချို့ကို ကြားတစ်ချက်မကြားတစ်ချက်။ ကြားလိုက်မိတာကအခုလို ကပ်ဘေးနဲ့ အာဏာသိမ်းမှုတွေကြား အလုပ်အကိုင် အဆင်မပြေတာတွေများတော့ အိမ်တွင်းအကြမ်းဖက်မှုတွေများတတ်ပါတယ်တဲ့။ စိတ်ဖိအားတွေကဦးတည်သွားပြီး ရှေးမျိုးရိုးစဉ်ဆက် ပက်ထရီအာခီစနစ်ရဲ့ အခွင့်ထူးခံမှုတွေနဲ့ ရောပြွမ်းနေ တာပေါ့။ ကျွန်မ နယ်မြို့လေးဆီရောက်ခဲ့တုန်းက အိမ်မှာအလှူလုပ်ရင်း ဘုန်းကြီးတစ်ပါး ဟောခဲ့တဲ့ တရားလေးကိုသတိရမိတယ်။ ပန်းပုဆရာ အိမ်တစ်အိမ်ရဲ့ အဝမှာ ‘ရင်ဖွင့်ပင်’လေးရှိတယ်။ပန်းပုဆရာဟာ အလုပ်က အိမ်ကို ပြန်ရောက်လာတိုင်း ချက်ချင်းတန်းမဝင်ဘဲ အပင်လေးကို ပြောတယ်။ အပင်လေးကို စကားတိုးတိုးလေး အမြဲပြောပြီးမှ အိမ်ထဲဝင်ပါတယ်တဲ့။ သူတို့မိသားစုကိုကြည့်လိုက်တော့လည်း လင်မယားဟာ ရန်မဖြစ်၊တစ်မိသားစုလုံးအဆင်ပြေနေရောတဲ့။ ဒီလိုနဲ့ အိမ်နီးချင်း လယ်သမားကမေးတာပေါ့။ ပန်းပုဆရာကြီး ပန်းပုဆရာကြီးက မိသားစုနဲ့အမြဲအဆင်ပြေတယ်နော်။ ကျွန်တော်သတိထားမိတာ ပန်းပုဆရာကြီးက စကားတွေပြောပြောနေတာလည်းတွေ့လို့ လျှို့ဝှက်ချက်လေးတွေရှိရင်မျှဝေပါလို့ မေးတော့မှ ပန်းပုဆရာက ကျွန်တော်လည်းလူပဲ လယ်သမားရယ်၊ လုပ်ငန်းခွင်မှာအဆင်မပြေတာတွေရှိတယ်၊ကျွန်တော်တစ်နေ့တစ်နေ့ အလုပ်မှာကြုံလာရတဲ့ အခက်အခဲတွေ၊ ပင်ပန်းမှုတွေ၊ အဆင်မပြေမှုတွေကို ဒီသစ်ပင်လေးဆီ ပြောပြောပြီး ချန်ထားခဲ့တယ်။ နောက်နေ့ ရုံးသွားတော့မှ ကျွန်တော်ပြန်ပြန်ယူသွားတယ်။ ဒါကြောင့်လည်း မိသားစုနဲ့ ကျွန်တော်အဆင်ပြေနေတာပါဆိုပြီး လယ်သမားကို နည်းလမ်းလေးမျှဝေပေးခဲ့တယ်။ ကျွန်မတို့ရဲ့ တစ်နေ့တာဘဝတွေဟာ အမြဲအဆင်ပြေနေတာတော့မဟုတ်ပါဘူး။ မိသားစုတွေ လူတစ်ဦးနဲ့တစ်ဦးညှိနှိုင်းနေထိုင်ရတော့ ပိုဆိုးတယ်။ တစ်ယောက် စိတ်ဆင်းရဲ၊ စိတ်ဓာတ်ကျနေချိန်မှာ တစ်ယောက်က အရမ်းပျော်ရွှင်ပါတယ်သွားလုပ်လို့မရဘူးလေ။ အခြေခံလူ့ကျင့်ဝတ်လို့ ကျွန်မနားလည် ထားပါတယ်။ ဒီပုံပြင်လေးရဲ့ မူရင်းကို ချစ်ကင်းစွတ်ပ် လို့ခေါ်တဲ့ အာဟာရရသစာပေများမှာ ပြန်ဖတ်ခဲ့ရပါတယ်။ ကျွန်မ နားလည်ခဲ့တာကတော့ ဘဝမှာ ခွဲခြားနားလည်တတ်ဖို့လည်းအရေးကြီးတယ် ဆိုတာပါပဲ။အလုပ်မှာ အဆင်မပြေတာ၊ အလုပ်ရှင် ဆူတာခံရတာတွေက အိမ်ကမိသားစုအပြစ်မဟုတ်ဘူးဆိုတာရယ်ပါ။ အိမ်ပြဿနာ အိမ်မှာညှိပြီး အလုပ်ပြဿနာ အလုပ်မှာအဖြေရှာသလိုပေါ့။ တစ်ခါတလေ ဇနီးမယား၊ သားသမီးကို ပြောပြရ ခက်ခဲရင် အခုလိုပဲအပင်လေးတစ်ပင်၊ သက်မဲ့လေးတစ်ခုကို အဖော်ပြုလုပ်နိုင်ပါတယ်။ ကျင့်သားရနေတဲ့ ဖိနှိပ်မှုတွေ၊ အခွင့်ထူးတွေကိုလည်း တစ်ဖက်မှာ ချက်ချင်းစွန့်လွှတ်ဖို့ မလွယ်ဖူးဆိုတာ သိပေမယ့် ဖြည်းဖြည်းချင်း ခွာချ၊ တကယ်အရေးကြီးတာတွေ ပိုလေးနက်တာတွေကို တွေးမိရင် ဘဝဟာ ပိုပေါ့ပါးလာတတ်ပါတယ်။ သတင်းနဲ့ဆက်စပ်ပြီး တွေးလိုက်တာ ကျွန်မအာရုံက ထပ်ပြောင်းသွားပြန်တယ်။ လမ်းသွားလမ်းလာ လူတိုင်းကို လိုက်ကြည့်လို့ သေချာတာတစ်ခုကတော့ သူတို့ဆီမှာ အပြည့်အဝ ပျော်ရွှင်နေတယ် မဟုတ်ဘူးဆိုတာပါပဲ။ စိတ်မလုံခြုံမှုတွေ ရှိနေတယ်။ အဆင်မပြေမှုတွေနဲ့ တချို့က အတွင်းပိုင်းမှာ စိတ်ဓာတ်ကျနေပြီး မျက်နှာကို တင်းချင်ယောင် ဆောင်ထားတယ်။ ဈေးသည်လေးတွေကအစ အကုန်လုံးမှာ အသက်ရှင်ချင်စိတ်နဲ့ ရှင်သန်သူတွေရဲ့ ရှင်ကျန်ရစ်လို့ခက်ခဲတဲ့စိတ် ရှိနေတာပါပဲ။ စိတ်ပင်ပန်းမှုကြီးကို ထမ်းထားရပြီး အပြည့်အဝမပျော်ရွှင်ရဲ၊ အပြည့်အဝ မလုပ်ရဲတဲ့ စိတ်တွေ။ နာတာရှည်ရောဂါတစ်ခုလို စိတ်ပင်ပန်းလွယ်လာတယ်။ ကျွန်မလည်း အပါအဝင်ပါပဲ။ အရင်ထက် ဒေါသ ပိုထွက်တတ်လာ၊ ပိုသိမ်ငယ်လာ၊ ပိုအားငယ်လာနဲ့ ပါပဲ။ ကျွန်မ အကုန်လုံးကိုအပြည့်အဝမသိပေမယ့် ကျွန်မရဲ့ လူမှုအသိုင်းအဝန်းထဲတော့ လွတ်မြောက်နယ်မြေရောက်နေလို့ သေသွားတဲ့သူတွေ၊ ထောင်ထဲ ရောက်နေသူတွေ၊ မြေပြင်လူတွေကို အားနာတဲ့ စိတ်ရယ်၊ ထောင်ထဲရောက်နေသူတွေကလည်း ဆက်တိုက်ပွဲဝင်နေသူတွေနဲ့ သေသွားသူတွေကို အားနာနေရပြန်တာပါပဲ။ သေသွားသူတွေကလည်း ပိုလုပ်ပေးနိုင်လိုက်ရခြင်း ဆိုတဲ့ အားနားစိတ်တွေရှိနေမယ်လို့ တွေးမိတာပါပဲ။ ကျွန်မတို့ထက် မကြောက်မရွံ့ပေးဆပ်ခဲ့သူတွေကိုတော့ အမြဲအားနာမိပါတယ်။ ဒီအခက်အခဲကြီး၊ အကြပ်အတည်းကြီးမှာ တတ်နိုင်သမျှပါဝင်ဆောင်ရွက်ရင်း အားတင်းထားဖို့လိုပါလိမ့်မယ်။ ကျွန်မအနေနဲ့ဆိုရင်တော့ ပန်းလေးတစ်ပွင့်ဖြစ်ချင်တယ်။ ရင်မောသူတွေ၊ မွန်းကြပ်သူတွေ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်တိုင်း အပန်းပြေသွားစေမယ့် ပန်းလေးတစ်ပွင့်ပေါ့။ ဒီနေရာမှာမြေသင်းရနံ့တွေမရှိလည်း တိုက်ခန်းအနံ့တွေကိုကျွန်မချစ်ပါတယ်။ ရွှေနိုင်ငံကြီး ရွှေခေါင်း ပြောင်ပြောင် ဝမ်းကခေါင်နေပေမယ့် ဒီနိုင်ငံကြီးကို တကယ်ဒီမိုကရေစီရစေချင်ပါတယ်။ အခက်ခဲဆုံးအချိန်ကို တူတူကျော်ဖြတ်ပြီး ပြည်သူတွေ၊ အာဇာနည်သူရဲကောင်းတွေအဖို့ နောက်နှစ်နွေဦးမှာ ငြိမ်းချမ်းရေးကိုဆွတ်ခူးနိုင်ဖို့ မျှော်လင့်မိတဲ့ညနေခင်းတစ်ခု ဖြစ်ပါတော့တယ်။ ” စာရေးသူ − Vera