Feminist Literature Competition(4)
Featured Selection – “PK”
. “ အာဏာရှင်ကိုဖီဆန်ကြသော မြန်မာအမျိုးသမီးများ ” ကမ္ဘာပေါ်မှာ အာဏာရှင်ပေါင်းများစွာပေါ်ပေါက်လာခဲ့ဖူးပါသည်။ အာဏာရှင်အုပ်ချုပ်မှုအောက်မှာတိုးတက်သွားသောနိုင်ငံ၊ ပြည်သူတွေရဲ့လွတ်လပ်မှုနဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံသွားတဲ့နိုင်ငံဆိုတာမရှိသလောက်ရှားပါတယ်။ အာဏာရှင်အုပ်ချုပ်မှုအောက်မှာ အုပ်ချုပ်သူကလွဲလျှင် ကျန်တဲ့သူအားလုံးဟာ ကျွန် ပါပဲ။ မူးမတ်သေနာပတိတွေတောင် အုပ်ချုပ်သူပြုသမျှနုကြရတယ်။ အုပ်ချုပ်သူတစ်ဦးတည်းသာ ထိုင်ခွင့်ရတဲ့ပလ္လင်ရယ်၊ အုပ်ချုပ်သူစကား မှားမှားမှန်မှန်နာခံရတဲ့စနစ်ရယ်၊ အုပ်ချုပ်သူဟာကိုယ့်ထက်ဘာသာတရားမလေးစားသူဖြစ်နေပါစေ၊ ကိုယ်ထက်အသိပညာနည်းသူဖြစ်နေပါစေလေ၊ ကိုယ်ထက်ငယ်တဲ့သူဖြစ်နေရင်တောင် ရှိခိုးဦးတိုက်ရတဲ့ဓလေ့ရယ်ဆိုတာ မည်သည့်အာဏာရှင်အုပ်ချုပ်သည့်စနစ်မှာ မဆိုရှိနေခဲ့တယ်။ အမျိုးသားမှလွဲ၍ တခြားကျန်တဲ့လူအားလုံး ဘုန်းကံနိမ့်သူ၊ အမျိုးသားလိင်အင်္ဂါအဖြစ်မွေးဖွားလာပြီး အမျိုးသမီးတစ်ယောက်အဖြစ်ခံယူသူကိုတောင် ဘုန်းကံနိမ့်သူဟု မြင်ပေးနေခြင်းဟာ အာဏာရှင်ဆန်တဲ့ အယူအဆတစ်ခုနှင့်မတူပေဘူးလား။ အမျိုးသားမှလွဲ၍ တစ်ခြားမည်သူမျှတက်ခွင့်မရှိတဲ့နေရာရယ် (အမျိုးသမီးမတက်ရ)၊ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ မိမိခင်ပွန်း(အမျိုးသား)၏ စကားကိုနားထောင်ရမယ် ဆိုတဲ့စနစ်ရယ်၊ မိမိခင်ပွန်း(အမျိုးသား)သည် မိမိထက်ဘာသာတရားမလေးစားသူဖြစ်နေပါစေ၊ မိမိထက်အသိပညာနည်းသူဖြစ်နေပါစေ၊ မိမိထက်ငယ်သူဖြစ်နေပါစေ၊ နောက်ဆုံးအရက်သမားဖြစ်နေ ရင်တောင် မိမိလင်ကိုရိုသေရတဲ့ (တစ်ချို့ဆို ရှိခိုးရတဲ့) ဓလေ့ရယ်ဆိုတာ အာဏာရှင်ဆန်တဲ့ အယူအဆတွေသာဖြစ်တယ်လို့ ကျမတွေးမိတယ်။ အမျိုးသားဆိုတာ သူတော်စင်တရားကိုမကျင့်သေးသ၍ သာမာန်ပုထုဇဥ်တစ်ဦးသာဖြစ်တယ်။ သူတော်စင်တရားကိုမကျင့်သေးသော အမျိုးသမီးများနည်းတူ သာမာန်ပုထုဇဥ်တစ်ဦးသာဖြစ်သောကြောင့် အခွင့်ထူးခံဘုရားထူးရမည့်ပုဂ္ဂိုလ်မဟုတ်ဟု ကျမထင်မိတယ်။ လူတစ်ယောက်ရဲ့ဘုန်းတန်ခိုးဆိုတာ အလုပ်လုပ်ခြင်းပါပဲ။ မိခင်ဝမ်းမှကျွတ်ခါစ မည်သူတစ်ဦးတစ်ယောက်မှ လူသားတွေကိုအကျိုးပြုတဲ့အလုပ်ကို လုပ်ကိုင်သူဟူ၍ မရှိပေ။ သို့ပေမယ့် ရွေးချယ်ခွင့်မရပဲ လူသားအဖြစ်မွေးဖွားလာသောလူသားကို သူကတော့ အမျိုးသားဖြစ်လို့ ဘုန်းကံမြင့်သူ၊ သူမကတော့ အမျိုးသမီးဖြစ်လို့ ဘုန်းကံနိမ့်သူဟူ၍ အဘယ့်ကြောင့် ခွဲခြားကြသနည်း။ ရှေးခေတ်က ကျွန်မိဘကမွေးလျှင့် ကျွန်ခံရတဲ့ခေတ်လိုမျိုး အမျိုးသမီးအင်္ဂါပါသည်နှင့် ဘုန်းကံနိမ့်သူဟုသတ်မှတ်ခြင်းသည် ရှေးခေတ်အာဏာရှင်စနစ်ကျင့်သုံးနည်းအတိုင်း ကျင့်သုံးနေခြင်းနှင့်တူနေသည်။ ကျမတို့မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်အာဏာရှင်ဆန်တဲ့စနစ်ကိုတွန်းလှန်ခဲ့ကြသည်။ ကျမတို့အဘွားတို့၊ အမေတို့ခေတ်ကမြန်မာအမျိုးသမီးများ ပညာသင်ခွင့်မရခဲ့ကြပေ။ အကယ်၍ အာဏာရှင်ဆန်တဲ့ ဒီစနစ်ကိုသာ အဘွားတို့၊ အမေတို့မတွန်းလှန်ခဲ့လျှင် ကျမတို့လက်ထက်တွင်လည်း ပညာသင်ခွင့်ရရှိဦးမည်မထင်ပေ။ အမေတို့၊ အဘွားတို့လက်ထက် ၂၀ရာစုနှစ်လောက်မှာဆိုရင် အမျိုးသမီးတစ်ယောက် ပိုက်ဆံရှာခြင်းသည် “ဖင်မနိုင်ပဲ ပဲကြီးလှော်စားနေသလိုပဲ”၊ မိန်းမမပီသသူ၊ အိမ်ထောင်မှုမနိုင်နင်းသူဟူ၍ ဝေဖန်အပြစ်တင်ကြသည်။ သို့သော် ထိုသို့ဝေဖန်မှုများကို ဖီဆန်လာခဲ့ရာ ယခုဆိုအမျိုးသမီးတစ်ယောက်အနေနှင့် မိမိကိုယ်ပိုင်ဝင်ငွေကို ရှာဖွေနိုင်လာပြီ (တစ်ချို့တွေကတော့ မရကြသေးပါဘူး)။ ခေတ်အဆက်ဆက် အမျိုးသားကြီးစိုးလာတဲ့ ပတ်ဝန်းကျင်မှာ အမျိုးသမီးတစ်ယောက် တန်းတူအခွင့်အရေးရဖို့ အလုပ်ပိုလုပ်ရသည်။ ထို့အပြင် အမျိုးသမီးအလုပ်လို့ သတ်မှတ်ထားသောအိမ်မှုကိစ္စ၊ သားသမီးအရေးများကိုလည်း ဖြေရှင်းကြရသည်။ သို့သော် လုပ်ခလစာကိုမူ အညီအမျှမရကြပေ။ ဒါတွေကိုသာ ကျမတို့အမျိုးသမီးတွေ ခွဲခြားခံနေကြရမှန်းမသိခဲ့လျှင်၊ သို့မဟုတ် ဝဋ်ကြွေးဝဋ်နာလို့ ်ခံထားခဲ့လျှင်၊ အတိတ်ကံကိုသာအပြစ်တင်ပြီး ငြိမ်ခံနေခဲ့လျှင် ကျမတို့လက်ထက်အထိ အလုပ်သာပိုလုပ်ရတယ် လုပ်ခလစာတန်းတူညီမျှရကြဦးမည်မဟုတ်ပေ။ အမျိုးသမီးတစ်ယောက်အဖြစ် မွေးဖွားလာခြင်းသည် ကုသိုလ်ကံမကောင်း၍မဟုတ်ပေ။ အမျိုးသားကြီးစိုးနေသော အာဏာရှင်စနစ်အောက်တွင်ရှင်သန်နေရခြင်းသာ ဖြစ်သည်။ အခုလိုခွဲခြားနေတာကို ခွဲခြားနေတယ်လို့မထင်ပဲ ဝဋ်ကြွေးဝဋ်နာတို့၊ အတိတ်ကံမကောင်းလို့ လို့လက်ခံပြီး တိတ်ဆိတ်နေသ၍တော့ ရက်စက်မှု၊ အကြမ်းဖက်မှု၊ မုဒိန်းမှုတွေ များသထက် များလာနေဦးမှာပါပဲ။ တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်အလှည့် သို့မဟုတ် ကိုယ့်သမီးတွေ ရင်ဆိုင်ကြရဦးမှာပါပဲ။ တရားမျှတမှုတွေ ကင်းမဲ့နေဦးမှာပါ။ ကျမ တစ်ခါတစ်လေစဥ်းစားမိတယ်… ကျမတို့အရှေ့ (ရှေးခေတ်က) အမျိုးသမီးတွေသာ ဒီလိုအာဏာရှင်ဆန်တဲ့ ယဥ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာရေးအယူအဆတွေကိုသာ မဖီဆန်ခဲ့ရင် မုဒိန်းကျင့်ခံရသောအမျိုးသမီးကို ခဲနှင့်ပေါက်တဲ့ ခေတ်ထဲကနေ ထွက်လာမှာမဟုတ်သေးဘူး။ ကျမတို့ရဲ့ ပတ်ဝန်ကျင် ကမ္ဘာကြီးက ပြောင်းလဲနေပြီ။ ဒါပေမယ့် ကျမတို့ကလေးတွေကို သွန်သင်ဆုံးမမှုပုံစံက မပြောင်းလဲသေးဘူးပဲ။ ကျမတို့ ပတ်ဝန်းကျင်နိုင်ငံတွေက သူတို့ကလေးတွေကို နည်းပညာတွေသင်ပေးနေချိန်မှာကျမတို့က မိန်းကလေးဆို လုံချည် အနိမ့်မှာလှမ်းဖို့၊ ယောကျ်ားလေးဆို အမျိုးသမီးလုံချည်ကိုမထိမိစေဖို့ စသဖြင့် ဘီစီ၄၀၀၀ လောက်က သွန်သင်မှုတွေကို သင်နေဆဲပဲ။ သူများနိုင်ငံက ကလေးတွေ စီးပွားရေးပညာဗဟုသုတတွေသင်နေချိန်မှာ ကျမတို့ ကလေးတွေက အမျိုးသမီးဆိုတာ နိမ့်ကျကြောင်း၊ ဘုန်းကံနိမ့်ကြောင်း၊ အမျိုးသမီးဆိုခွေးထီးတောင် ခွမကျော်သင့်ကြောင်း စသဖြင့် ဘီစီ၅၀၀ ဝန်းကျင်က သူတော်စင်ပုဂ္ဂိုလ်တွေ တဏှာကင်းဝေးနိုင်ရေးအတွက် သွန်သင်ချက်များကို သာမာန် ပုထုဇဥ်တွေကို သွန်သင်နေကြဆဲ။ ဒါကြောင့်မို့လည်း သူများနိုင်ငံကကလေးတွေ ကြီးလာတော့ အများစုက စီးပွားရေးပညာရှင်တွေ၊ နည်းပညာတတ်ကျွမ်းသူတွေပေါ်ထွန်းလာပြီး နိုင်ငံအတွက် တိုးတက်အောင်လုပ်ပေးနေကြချိန်မှာ၊ ကျမတို့ကလေးတွေက ကြီးပြင်းလာတော့ မဟာပုရိသဝါဒသမားတွေသာ ထွန်းကားလာပြီး အိမ်တွင်းအကြမ်းဖက်သူတွေ၊ မုဒိန်းကျင့်သူတွေ၊ လူလူချင်းခွဲခြားဆက်ဆံသူတွေသာ အများစုဖြစ်နေကြသည်။ ကျမတို့ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။ ပညာမတတ်တဲ့သူသာရှိတာ အမျိုးသမီးလုံချည်၊ အမျိုးသားလုံချည် ခွဲခြားရမယ်ဆိုတာ လူတိုင်းသိကြတယ်။ ဒီလိုအာဏာရှင်ဆန်တဲ့ စနစ်အောက်မှာ ကျမတို့မြန်မာအမျိုးသမီးတွေကို လိုတာထက်ပိုပြီး အားနွဲ့လာကြတယ်။ မိမိကိုယ်ကိုယုံကြည်မှုတွေပျောက်ဆုံးလာကြပြီး ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းလာတယ်။ ခေါင်းဆောင်မှုပိုင်းတွေမှာ ဦးဆောင်နိုင်စွမ်း၊ အိမ်ထောင်ကိုဦးစီးနိုင်စွမ်းရှိနေရင်တောင် ဘယ်သူမှအသိအမှတ်ပြုနေရာမပေးကြတော့ဘူး။ စွမ်းဆောင်ရည်ရှိသူ အမှန်တကယ်ဦးစီးနေသူထက်စာရင် အမျိုးသားကိုသာနေရာပေးကြတယ်။ ဥပမာ − ကျမနှင့်အသိ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက သူမအမျိုးသားထက် ဝင်ငွေ၂ဆအထက်ရှိတယ်။ ခွန်အားခြင်းယှဥ်ရင်တောင် သူမကပိုသန်စွမ်းတယ်။ ညဘက်အိမ်မှာသူခိုးကပ်ရင်တောင် သူမကဓားဆွဲတုတ်ဆွဲရှေ့ဆုံးကထွက်တယ်။ သူမအမျိုးသားက အမြဲခေါင်းကိုက်နေတတ်ပြီး သူမခိုင်းတာလောက်ပဲလုပ်တတ်လေ့ရှိတယ်။ ဒါပေမယ့် သူမအမျိုးသားကို အိမ်ထောင်ဦးစီးလို့ အမြဲခေါ်တယ်။ သူမကိုယ်တိုင်လည်း အိမ်ဦးနတ်လို့သဘောထားပြီး ရိုသေတယ်။ တစ်နေ့ ကျမရှေ့မှာ… “ ငါတို့လင်မယားကပြောင်းပြန်၊ ညကအိမ်မှာသူခိုးကပ်တာတောင် အိမ်ထောင်ဦးစီးကမနိုးဘူး။ နှိုးတာလည်းမထဘူး။ အဲဒါကြောင့် ငါညကမအိပ်လိုက်ရဘူးတဲ့ “ ပြောလိုက်တော့… ဘေးကအမျိုးသားတစ်ယောက်က “ ဒါတော့ မဖြစ်သင့်ဘူး။ ရှေးအစဥ်အလာကတည်းက အမျိုးသားပဲအိမ်ထောင်ကိုဦးစီးရတာ၊ အခုလည်း နင့်ဟာနင် သေအောင်အလုပ်လုပ်နေလည်း အုပ်ချုပ်ရေးမှူးရုံးမှာတော့ အမျိုးသားအမည်ပဲထည့်ရတာ မဟုတ်ဘူးလား ” တဲ့။ သူပြောတာမဟုတ်ဘူးလားလို့မေးရင် ဟုတ်ပါတယ်။ ကျမငယ်စဥ်က ကျောင်းအပ်တဲ့အခါ အလုပ်မှန်သမျှသိမ်းကြုံးလုပ်ရတဲ့ အမေကို မှီခိုလို့ထည့်ခဲ့ရပြီး…ဘာအလုပ်မှရေရေရာရာမလုပ်တဲ့ အဖေကိုတော့ အိမ်ထောင်ဦးစီးလို့ထည့်ခဲ့ရတာ။ သင်ဟာ ဘယ်လောက်ပဲ စွမ်းရည်ရှိတဲ့သူဖြစ်နေပါစေ၊ ဦးဆောင်နိုင်သူဖြစ်နေပါစေ၊ နောက်ဆုံး သင်ကိုယ်တိုင် ဦးဆောင်အုပ်ချုပ်နိုင်ပါစေ၊ သင့်ရဲ့လုပ်ဆောင်မှုအကြံဉာဏ်တွေနဲ့ နိုင်ငံကြီးဘယ်လောက်တိုးတက်နေပါစေ၊ သင်ဟာဘယ်တော့မှ အုပ်ချုပ်သူဟူ၍ အခေါ်မခံရ၊ အသိအမှတ်ပြုခြင်းမခံရခြင်းဟာ ရှေးဘုရင် သက်ဦးဆံပိုင်ခေတ်ကလိုပဲ အာဏာရှင်ဆန်ခြင်းဖြစ်ပါတယ်။ ကျမတို့နိုင်ငံမှာ အာဏာသိမ်းတာဖြင့်သိပ်မကြာသေးဘူး မုဒိန်းမှုတွေပိုများလာတယ်၊ အကြမ်းဖက်မှုတွေမမြင်ချင်မှအဆုံး မြင်တွေ့နေရတယ်။ ပြည်သူတွေကိုပိုင်ဆိုင်စရာအရာဝတ္ထုတစ်ခု လောက်တောင်တန်ဖိုးမထားကြတော့ဘူး။ ပြည်သူကိုဆို ကျွန်တစ်ယောက်လိုသဘောထားပြီး သခင့်စိတ်တိုင်းကျစည်းကမ်းတွေထုတ်သလို ထုတ်ချင်တိုင်းထုတ်နေတဲ့ ပုဒ်မတွေအမြောက်အမြား ပေါ်ထွက်လာတယ်။ ကျမယုံကြည်တယ်… ပြည်သူဆိုတာ ကျွန် မဟုတ်သလို၊ ပိုင်ဆိုင်စရာတစ်ခုလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အာဏာရှင်စနစ်အောက်မှာတော့ ပြည်သူကိုကျွန်တစ်ယောက်လို၊ ပိုင်ဆိုင်စရာပစ္စည်းတစ်ခုလို သိမ်းပိုက်ထားကြတယ်၊ သဘောထားကြတယ်။ ကိုယ်ပိုင်ပစ္စည်းတစ်ခုလို လုပ်ချင်တိုင်းလုပ်နေကြတဲ့ အာဏာရှင်စနစ်၊ ကျွန်တစ်ယောက်လို ရိုက်ချင်တိုင်းရိုက်၊ ပုတ်ချင်တိုင်းပုတ်နေတဲ့ အာဏာရှင်စနစ်ကို ကျမတို့မလိုချင်ကြပါဘူး။ ဒီလိုပဲ အမျိုးသမီးတစ်ယောက်ဆိုတာ ကျွန်မဟုတ်ပါဘူး။ အိမ်ထောင်ကျသွားတာနဲ့ သူ့ဘဝကိုပိုင်ဆိုင်သွားသလို တစ်သက်လုံးနှိပ်စက်ချင်တိုင်း နှိပ်စက်နေတဲ့ အာဏာရှင်စက်ဝန်းကို ကျမတို့ချိုးဖျက်ဖို့လိုပါပြီ။ အမျိုးသမီးဆိုတာ လူတစ်ယောက်ပါပဲ။ ဒါပေမယ့် အာဏာရှင်ဆန်တဲ့ စနစ်အောက်မှာတော့ ရက်စက်ကြမယ်၊ သတ်ဖြတ်ကြမယ်၊ အကြမ်းဖက်ကြလိမ့်မယ်။ “ ဒါပေမယ့် အကြင်နာတရားမရှိတဲ့ လူတွေကတော့ ဘယ်သူတွေဘယ်လောက်အကြမ်းဖက်ခံနေရပါစေ၊ ရိုက်နှက်ခံနေရပါစေ၊ ဘယ်သူတွေ မုဒိန်းကျင့်ခံနေရပါစေလေ အာဏာရှင်စနစ်ကို ဆက်လက်ထောက်ခံနေကြဆဲပါပဲ။ အာဏာရှင်ဆန်တဲ့ စနစ်ကိုရောပေါ့ “
စာရေးသူ − ပီကေ (PK)