Feminist Literature Competition (Round 2)
Featured Selection – Htet Htet Naing Htun @ Ah Htun
ကျွန်မ နဲ့ ကျွန်မအိမ် ကျွန်မအလုပ်ကပြန်ရောက်တော့ အိမ်မှာအဖေမရှိနေဘူး။ အမေကတော့ အိပ်ရာမှာခွေခွေလေး။ အရင်ကဆိုကျွန်မတို့အိမ်လေးမှာ အမေ့လက် အမေ့ခြေချည်းပဲ။ အိမ်အလုပ်တွေ ဇယ်ဆက်ဆိုသလို လုပ်နေတတ်တဲ့ အမေဟာ အခုတော့အိမ်ရာထဲ့မှာ လှဲနေရတာ နှစ်လတောင်ကျော်ရှာပြီ။ ကျွန်မပြန်လာမှန်းသိတော့အမေဟာအိပ်ယာကထထိုင်လိုက်သည်။ကျွန်မလည်းအမေ့နားဝင်ထိုင်လိုက်သည်။ အမေ့ကို ပြောစရာစကားမရှိ၊ လည်ချောင်းတွေ ခြောက်ကပ်ပြီး မျက်ရည်တွေသာ ဝိုင်းလာသည်။ အမေလည်းထို့အတူပင်ထင်သည် တိတ်ဆိတ်ငြိမ်သက်လျှက်။ ညနေစာချက်ပြုတ်ပြီး ဝိုင်းဖို့ပြင်တော့ အမေက မေးလာသည်။ အလုပ်နဲ့နီးတဲ့ အဆောင်မှာ ညည်းပြောင်းနေချင်လားတဲ့။မျက်ရည်တွေထိန်းမရအောင်ကျလာပေမယ့်ခေါင်းငုံပြီးထမင်းဆက်စားနေခဲ့သည်။ ထမင်းဝိုင်းလေးလည်း တိတ်ဆိတ်သွားပြန်သည်။ ကျွန်မသိတတ်တဲ့အရွယ်ကတည်းက အိမ်မှာ တစ်ခါမှ တိတ်ဆိတ်တယ်လို့ မရှိခဲ့ဘူး။ အဖေက မူးပြီးအမေ့ကို ဆဲဆိုနေတာမျိုး၊ အဖေနဲ့ အမေ ရန်ဖြစ်နေတာမျိုးကများသည်။ အခုတော့အိမ်လေးက တိတ်ဆိတ်လိုက်နေပုံများ ကြောက်စရာပင် ကောင်းလှသည်။ ခွေးအူသံများ ကြားရပြီးနောက် တံခါးဖွင့်သံကြားလိုက်ရသည်။ ထို့နောက် “သူသူ…..သူသူ” အဖေ ကျွန်မကိုအော်ခေါ်နေတော့သည်။ အိပ်ရာကလူးလိမ့်ထပြီး နာရီကြည့်လိုက်တော့ ၁၁နာရီခွဲ။ ထိုအခိုက် အမေ့အိပ်ရာဘက်မှ “အီ” ခနဲ ရှိုက်ငိုသံထွက်ပေါ်လာသည်။ မနက် ၆ နာရီ ကျွန်မ အိမ်ယာထတော့ အဖေအိမ်မှာ မရှိတော့ဘူး။အမေ့ကိုချက်ပြုတ်ပေးရ အလုပ်သွားဖို့ ပြင်ဆင်ရနှင့်မို့ ကျွန်မ ဗျာများနေသည်။ ကျွန်မလုပ်နေကိုင်နေပုံကို အိပ်ယာပေါ်ကနေအမေစောင့်ကြည့်နေလေသည်။ထို့နောက် “သူသူ၊ ညည်း နဲ့ ကျုပ်ဒီအိမ်ကနေ ထွက်ပြေးရအောင်” အမေကငိုသံပါနှင့် ပြောချလာသည်။ “ဟုတ်တာပေါ့ ကျွန်မထွက်ပြေးချင်တာပေါ့။ ဒီငရဲခန်းကြီးရဲ့ အဝေးဆုံးကို ထွက်ပြေးလိုက်ချင်တာပဲ။ ဒါပေမဲ့ ထွက်ပြေးဖို့ ဘယ်မှာ သွားနေရမှာလဲ။ အောက်ပိုင်းသေနေတဲ့ ဒုက္ခိတမိခင်ကြီးကို ထားခဲ့ပြီး အဆောင်မှာ ဘယ်လိုစိတ်နဲ့ သွားနေမှာလဲ အမေရဲ့ဒီ၁၅နှစ် သမီးရဲ့လစာ နဲ့သားမိနှစ်ယောက် ရပ်တည်ဖို့ ဖြစ်မှ မဖြစ်နိုင်တာ ဘယ်လိုထွက်ပြေးကြမှာလဲ”။ ဒီတစ်ခါတော့ အောင့်အီးသမျှ ရှိုက်ကြီးတငင် ငိုချလိုက်မိသည်။ အမေလည်းကျွန်မနဲ့ အတူလိုက်ငိုရှာသည်။ ကျွန်မဆိုင်ကို ရောက်တော့ ၈နာရီထိုးလုပြီ။ ကျွန်မရောက်တာနဲ့ ဆိုင်ရှင်သူဌေးမက ဆီးမေးတော့သည်။ ညည်းမျက်နှာ ဖူးယောင်လာပြန်ပြီကော ညည်းအဖေ ရိုက်ပြန်ပြီလားတဲ့။ ခေါင်းကိုဆတ်ခနဲ့ ညိတ်ပြပြီး လုပ်စရာရှိတာမျာ အမြန်ဝင်လုပ်နေမိသည်။ မဌေးကတော့ သက်ပြင်းချလျှက်ကျန်ရစ်ခဲ့သည်။ ညနေစောင်းပြန်ပြီ ကျွန်မ အိမ်ကိုပြန်ရပေဦးမည်။ သူများတွေအဖို့ အိမ်ဆိုတာ နွေးထွေးရာ ခိုလှုံရာလေးဖြစ်မယ်ထင်သည်။ အိမ်ပြန်ရောက်သွားတာနဲ့ တနေ့တာအခက်အခဲတွေအားလုံး ပြီးဆုံးပြီထင်သည်။ကြည့်ပါလား သူတို့ အိမ်လေးဆီ ခြေလှမ်းသွက်သွက်နဲ့ပြန်နေကြတာ။ ကျွန်မတစ်ယောက်တည်းသာ လေးလံသောခြေလှမ်းများဖြင့်။အိမ်ကိုရောက်တော့ ဖိနက်ချွတ်မှာ ဖိနပ်တွေ များနေတာ တွေ့လိုက်ရသည်။ ကျွန်မရင်ထဲ ထိတ်သွားသည်။ အမေ့ကိုစိုးရိမ်စိတ်က ခေါင်းထဲ ဖျက်ကနဲဝင်လာသည်။ ရင်ထဲလည်းတလှပ်လှပ်ဖြစ်လျှက်။ အိမ်ပေါ် အမြန်ပြေးတက်သွားမိတော့ အမေကအိပ်ရာပေါ်ထိုင်လျက်သား။ ဘေးမှာလည်းရပ်ကွက်လူကြီး နဲ့ ရပ်ကွက်ထဲက လူတွေရောက်နေကြသည်။ “အမေရယ် ဘာတွေဖြစ်နေတာတုန်း” မေးတော့ အမေ့မျက်နှာ တည်ငြိမ်နေသည်။ ဆုံးဖြတ်ချက်ကိုအခိုင်အမာ ချထားတဲ့ မျက်နှာမျိုးနှင့်။ ထူးထူခြားခြား ဒီနေ့တော့ အိမ်ပြန်ရောက်တာ လုံခြုံနွေးထွေးမှု့ကို ခံစားလိုက်ရသည်။ မိသားစုဝင်တစ်ယောက်လျော့သွားပေမယ့် ကျွန်မတို့ရဲ့ အိမ်ကလေးပိုပြီးစိုပြေလာသည်။ အမေ့မျက်နှာမှာလည်း အပြုံးလေးတွေအမြဲလိုလိုပွင့်နေတတ်ပြီ။ ကျန်းမာရေးလည်း ထူထူထောင်ထောင်ဖြစ်လာသည်။ ကျွန်မမျက်နှာမှာလည်း ဒဏ်ရာတွေ ထပ်မရတော့တာကြာပြီ။ အခုတော့ အဖေ့ ခြင်ထောင်ထဲ့ မအိပ်ရတော့ဘဲ အမေနဲ့အတူ အိပ်နေရပြီ။ အဖေကတော့ နှစ်အတော်ကြာ ထောင်ထဲမှာ တစ်ယောက်တည်း အိပ်သွားရပါဦးမည်။ Ah Htun