Feminist Literature Competition (Round 1)
Featured Selection – Hnin Zaw Thu @ Phoebe
ကျွန်မက စိတ်ဝိညာဉ်ကလေးပါ… လေပြေလေညင်းလို မျက်စိနဲ့မမြင်ရပေမယ့် တည်ရှိနေတဲ့ အရာလေးတစ်ခုပေါ့… ကျွန်မရှင်သန်နေတယ်ဆိုတာဟာလဲ သဘာဝအလျောက်ဖြစ်တည်မှုတစ်ခုပါ…။ ကျွန်မမှာ ထာဝရအဖော်မွန်သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ သူ့နာမည်ကတော့ ကိုယ်ခန္ဓာ လို့ ခေါ်ပါတယ်။ ကျွန်မတို့ နှစ်ယောက်ကို သဘာဝတရားကြီးက စတင်မွေးထုတ်သန္ဓေတည်လိုက်ချိန်ကစလို့ ကျွန်မတို့ဟာ အသက်ရှူရသလို တစ်ဦးပေါ်တစ်ဦးအမှီသဟဲပြုနေမှ ရှင်သန်ခြင်းကို ရရှိဖို့ အကြောင်းဖန်ခဲ့တာပါပဲ။ သဘာဝတရားက မွေးထုတ်ပေးကတည်းက အတူပါလာတဲ့ ဒီကိုယ်ခန္ဓာဟာ ကျွန်မအပေါ် သူငယ်ချင်းကောင်းသိပ်ပီသပါတယ်။ ကျွန်မတို့အချင်းချင်းကြားမှာ ဆက်သွယ်အသုံးပြုတဲ့ အချက်ပြစနစ်တွေကို ကျွန်မတို့ပဲ ကောင်းကောင်းနားလည်ကြတယ်။ သူမက တစ်ခုခုဆို ကျွန်မကိုအမြဲအချက်ပြ ပြောပြတတ်ပါတယ်။ ဥပမာ- သူမ ခြေဖျားလက်ဖျားလေးတွေ အေးနေပြီဆိုရင် နူးညံ့နွေးထွေးတဲ့စောင်တွေထဲကို ဝင်ဖို့ ကျွန်မကို ပြောပြနေတာပါ။ ကျွန်မ ရှူးရှူးပေါက်တဲ့ချိန် အရောင်ကဝါနေပြီဆိုရင် ဒါက ကျွန်မကို ရေများများသောက်ဖို့ သူမတောင်းဆိုနေတာပဲ။ ကျွန်မ မျက်နှာမှာ အဖုလေးတွေထွက်လာပြီဆို ဒါက ကျွန်မကို အိပ်ရေးဝဝအိပ်ဖို့ပြောတာ…စသဖြင့် သူမနဲ့ကျွန်မပဲ နားလည်နိုင်မယ့် ဘာသာစကားတွေပေါ့။ ငယ်ပေါင်းမို့လို့လားမသိဘူး… သူကကျွန်မအကြောင်း တော်တော်သိတယ်။ ကျွန်မက သူပြောတာကို နားထောင်ရတယ်၊ လိုက်နာရတယ်၊ သူ့ကို ယုံတယ်လေ…။ တချို့သော သူတွေကျတော့ ကိုယ်ခန္ဓာရဲ့ အသံကို နားမထောင်မိဘူး… အဲ့ဒီအခါမှာတော့ ဒုက္ခအကြီးကြီး ရောက်တော့တာပါပဲ…။ ကျွန်မရဲ့ ခန္ဓာကိုယ် ဘယ်ကနေ၊ ဘယ်လိုဖြစ်လာတာလဲ ဆိုတာကို ကျွန်မကောင်းကောင်းသိနေပါတယ်။ တခါက ကျွန်မ ခန္ဓာကိုယ်မှာ အဆီတွေရှိနေတာကြောင့် ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်မိတော့ ကျွန်မအမေကပြောတယ်… “သူများ ဘယ်လိုမြင်လဲ၊ ဘာပြောမလဲ ဂရုစိုက်စရာမလိုပါဘူး၊ သမီးရဲ့ ခန္ဓာကိုယ်ဟာ မေမေ့ရဲ့ခန္ဓာကိုယ်ထဲက ဖြစ်လာတာ။ သူများခန္ဓာကိုယ်ထဲက ဖြစ်လာတာမဟုတ်ဘူး” တဲ့… အဲ့အချိန်ကစပြီး ဗစ်တိုးရီးယားစီးကရက်မော်ဒယ်ဖြစ်ဖြစ်၊ မာရီလင်မွန်ရိုးဖြစ်ဖြစ်၊ ကင်မ်ကာဒက်ရှန်းဖြစ်ဖြစ်၊ တခြားဘယ်အလှပဂေးဖြစ်ဖြစ် ကျွန်မအတွက် ခန္ဓာကိုယ်အလှပုံရိပ် စံပြပုဂ္ဂိုလ်တွေ ဖြစ်မနေတော့ဘူး။ ကျွန်မတို့ ကိုယ်ခန္ဓာက သူများနဲ့မတူပဲ ထူးခြားဆန်းကြယ်တဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်တယ်ဆိုတာ အမေက ပြောပြသေးတယ်။ သူမ ပြောပြတာက ကျွန်မအနေနဲ့ ဒီခန္ဓာကိုယ်ထဲကနေ နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို ထပ်ဖန်ဆင်းနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိတယ်ဆိုတာပါပဲ။ ဘယ်လောက်ထူးခြားဆန်းကြယ်လိုက်သလဲ…။ ဒါကြောင့် ကျွန်မက သူမကိုပဲ အချစ်ဆုံး၊ ဂုဏ်အယူဆုံးဆိုတာ မကြာခဏပြောပြဖြစ်တယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ ကျွန်မကို သယ်ဆောင်မောင်းနှင်တဲ့ ယာဉ်လို့ ပြောလို့ရတယ်။ သူမ မရှိရင် ကျွန်မဘယ်လိုမှ မရွေ့လျားနိုင်ဘူး၊မလုပ်ဆောင်နိုင်ဘူးပဲ။ ဒါကြောင့် ကျွန်မသူ့ကို ညင်ညင်သာသာဆက်ဆံဖို့ အမြဲသတိချပ်မိတယ်။ ရက်ပေါင်း၊ လပေါင်းများစွာ သွားလာလှုပ်ရှားမောင်းနှင်ပြီးတဲ့အခါ ကမ်းခြေလိုက်ပို့ပေးရတယ်။ နေကြာပန်းခင်းနဲ့ အေးစိမ့်တဲ့စမ်းချောင်းရှိတဲ့နေရာတွေ သွားရတယ်။ ကိုယ်ခန္ဓာက အကြောတွေပြေလျော့ပြီး အသစ်တစ်ဖန်ပြန်လည်လန်းဆန်းလာအောင် သဘာဝတရားနဲ့ထိတွေ့ပေးရတယ်။ တကယ်တော့ ကျွန်မခန္ဓာကိုယ်က သဘာဝတရား ပါပဲ။ ကျွန်မမှာ ကိုယ်ပိုင်စမ်းချောင်းလေးတွေရှိတယ်။ တနေရာကနေ တနေရာကို မြစ်ဖျားခံစီးဆင်းတယ်။ သူတို့အချင်းချင်း အချိတ်အဆက်ရှိတယ်။ ပြီးတော့ နှလုံးသားထဲကို စီးဝင်စုပေါင်းသွားတယ်။ ကိုယ်ပေါ်က အစိုင်အခဲတွေဟာ တောင်တန်းတောင်ကုန်းတွေနဲ့တူတယ်။ တောင်တွေနဲ့ မတူတာက သူတို့က ပိုချောမွေ့ နူးညံ့တယ်၊ ပြီးတော့…ထိတွေ့ခံစားနိုင်တယ်လေ…။ သဘာဝတရားမှာက တောင်တစ်တောင်နဲ့ တစ်တောင်၊ ရေတံခွန်တစ်ခုနဲ့တစ်ခု ထပ်တူညီမနေကြပါဘူး။ နေရာဒေသတစ်ခုနဲ့တစ်ခုလဲ မတူကြပါဘူး။ တူနေရင် ပျင်းစရာကြီးဖြစ်နေမှာပေါ့။ ဒီလိုပဲ ကျွန်မတို့ တစ်ဦးစီရဲ့ခန္ဓာကိုယ်တွေဟာလဲ တစ်ယောက်နဲ့တစ်ယောက်မတူညီကြဘူး။ ဒါကိုက အလှတရားပဲလေ။ ကျွန်မညီမလေးရဲ့ ခါးစောင်းမှာ မွေးရာပါ အနက်ရောင်အမှတ်ကြီးကြီးတစ်ခုပါတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက်ကျတော့ လက်မောင်းနဲ့ လည်ပင်းမှာ အနီရောင်ပြင်လိုက်ကြီး ဖြစ်နေတယ်။ သူတို့က သူများနဲ့မတူလို့ဆိုပြီး ဒါကို သိပ်တော့ မကျေနပ်ကြဘူး။ တကယ်တမ်းတော့ သဘာဝက ပေးလိုက်တဲ့ ကိုယ်ပိုင် နယ်နမိတ်သတ်မှတ်မှုသင်္ကေတတွေ…။ ကရင်ပြည်နယ်ရဲ့ အမှတ်အသားက ဇွဲကပင်တောင်ကြီးဖြစ်ပြီး ချင်းပြည်နယ်မှာ ရိဒ်ရေကန်ရှိသလိုပေါ့၊ ပဲရစ်မှာဆို အစ်ဖယ်မျှော်စင်ကြီးနဲ့ နယူးရောခ့်မှာ လေဘာတီရုပ်တုကြီး ရှိတယ်။ ဒီလိုပဲ ကျွန်မတို့ ခန္ဓာကိုယ်မှာလဲ မွေးရာပါအမှတ်၊ ဝက်ခြံ၊ အမာရွက်၊ ဒဏ်ရာ၊ မှည့်၊ မှည့်ခြောက်၊ တချို့ကျတော့ ပါးချိုင့်၊ သွားတက်၊ မေးနှစ်ခွ အစရှိသဖြင့် ထူးခြားထင်ရှားတဲ့ လက္ခဏာတွေရှိပါတယ်။ ကျွန်မကတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်က ကိုယ်ပိုင်ဝိသေသလက္ခဏာတွေကို မြတ်နိုးဂုဏ်ယူတယ်။ မှတ်မှတ်ရရ မေမေ့မှာ အငယ်ဆုံးညီမလေးကို မွေးတုန်းက ခွဲမွေးရလို့ ဗိုက်မှာ ချုပ်ရာတစ်ခုကျန်နေခဲ့တယ်။ ကျွန်မ ခန္ဓာကိုယ်မှာတော့ ငယ်ငယ်က ကားတိုက်မှုတစ်ခုဖြစ်ခဲ့လို့ ညာဘက်ဒူးခေါင်းအောက်နားမှာ အညိုရောင်အမာရွတ်တစ်ခု၊ ဘယ်ဘက်နှုတ်ခမ်းထောင့်စွန်းမှာ အမာရွတ်လေးတစ်ခု ရှိတယ်။ ဒီလို ဒဏ်ရာမျိုး၊ အမာရွတ်မျိုးကိုတော့ ကျွန်မက ရှင်သန်ခြင်းအမှတ်တံဆိပ်လို့ နာမည်ပေးထားတယ်။ ဒီဒဏ်ရာကို ပြန်ကြည့်လိုက်တိုင်း ကျွန်မ အသက်ဆက်ရှင်နေသေးတယ်ဆိုတာရယ်၊ ဘဝမှာ ကြီးမားထိတ်လန့်ဖွယ်ကောင်းတဲ့ အခက်အခဲကြီးကို ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုတာရယ် ကို ပြန်လည်အမှတ်ရနေစေဖို့ပါ။ တစ်ပတ်တာလုံး ပင်ပန်းတာတွေ ဖြေဖျောက်ဖို့ နှင်းဆီပွင့်ဖတ်လေးတွေစိမ်ထားတဲ့ ရေနဲ့ရေချိုးပေးတာ၊ စပါးနှံစိလေးတွေပါဝင်ပြီး သဘာဝလာဗန်ဒါပန်း၊ လက်ဖက်စိမ်းရနံ့တွေပါတဲ့ ကိုယ်တိုက်ဆပ်ပြာခရင်မ်လေးတွေနဲ့ တိုက်ပေးတာ၊ ပြီးတော့…ဗနီလာရနံ့၊ ဒါမှမဟုတ် နွေးထွေးရှင်းသန့်တဲ့ ရနံ့နဲ့ နူးညံ့တဲ့အထိအတွေ့တွေပေးတဲ့ လိုးရှင်းတွေလဲ လိမ်းပေးတာမျိုးနဲ့ သူ့ကို စိတ်ပြေလျှော့အောင်၊ ကျေနပ်အောင် လုပ်ပေးရသေးတယ်လေ။ ကျွန်မ ခန္ဓာကိုယ်ဟာ ကျွန်မရဲ့ ဖြစ်တည်မှုဖြစ်ပြီး၊ ကျွန်မအတွက် ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ရတာကြောင့် အလွန်အဖိုးတန်တဲ့ အရာဖြစ်ပါတယ်။ ကျွန်မချစ်တဲ့ ခန္ဓာကိုယ်ကိုတခြားသူတစ်ယောက်က ခွင့်ပြုချက်မရှိဘဲ နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ စော်ကားတာဟာ ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်တဲ့ကိစ္စပဲ။ ရှင်တို့ စဉ်းစားကြည့်လေ… ကိုယ့်ပိုင်နက်မဟုတ်တဲ့ နယ်မြေကို ကျူးကျော်ရင် ဘာဖြစ်တတ်သလဲဆိုတာ…။ ကျွန်မနဲ့ ကျွန်မခန္ဓာကိုယ်ဟာ မွေးကတည်းကအတူတူ ကြီးပြင်းခဲ့ရတဲ့အတွက် ကိုယ့်အကြောင်းသူသိ၊ သူ့အကြောင်းကိုယ်သိ။ အထက်ကပြောခဲ့သလို သူဘာအချက်ပြရင် ကျွန်မ ဘာလိုအပ်လဲ၊ ဘာလုပ်သင့်သလဲ သိပ်သိတာပေါ့။ တခြားသူတွေလဲ သူတို့ ကိုယ်ခန္ဓာကို သူတို့အသိဆုံးဖြစ်မှာပါ။ ဒါကို ကျွန်မခန္ဓာကိုယ် အကြောင်းကို မသိတဲ့ တခြားတစ်ယောက်က သူမနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကို ဝင်ချမှတ်ပေးမယ်ဆိုရင် လက်ခံနိုင်စရာအကြောင်းမှမရှိတာ။ သူက ကျွန်မခန္ဓာကိုယ်ကို ကျွန်မလောက်မသိနိုင်ဘူးလေ။ တကယ်တော့ ကျွန်မခန္ဓာကိုယ်ဟာ ကျွန်မ သူငယ်ချင်းပါ။ ကျွန်မနဲ့ ကျွန်မကိုယ်ခန္ဓာဟာ လူတွေမြင်တာထက် ပိုလေးနက်ပြီး ပုဂ္ဂလိကဆန်တဲ့ဆက်ဆံရေးတစ်ခု ရှိပါတယ်။ ကျွန်မ ခန္ဓာကိုယ်ကို ကျွန်မတန်ဖိုးထားသလို၊ ရှင်တို့ ခန္ဓာကိုယ်ကိုလဲ ရှင်တို့ တန်ဖိုးထားဖို့ ပြောချင်တယ်။ ခန္ဓာကိုယ်ရဲ့ အသံကိုနားထောင်ပါ။ သူ့ကို ဂရုစိုက်ပါ။ ညင်ညင်သာသာဆက်ဆံပါ။ သူက အမြဲတမ်းကျွန်မတို့အတွက် ထာဝရအဖော်မွန် သူငယ်ချင်းကောင်းပါ။