Feminist Literature Competition(4)

Featured Selection – “Giselle Mae” .

သူ့နှုတ်ခမ်းတွေဟာ ရဲရဲနီနေခဲ့တယ်။ သူက အပြင်သွားတဲ့အခါ နှုတ်ခမ်းနီကို ရဲနေအောင် ဆိုးရမှ ကိုယ့်ဘာသာကိုယ် ယုံကြည်မှု ရှိတယ်လို့ ခံစားရတယ်။ ကိုရီးယားကားတွေထဲက နှုတ်ခမ်းနီရဲရဲနဲ့ ဒေါက်မြင့်ဖိနပ်ကလေးစီးထားတဲ့ CEO မမတွေလိုပေါ့။ “အမလေး…ခုလောလောဆယ်ကတော့ နေ့စားခတောင်တင်းပြည့်ကျပ်ပြည့်ရဖို့အရေး ခင်မို့မို့အေး လုပ်နေရတယ်” လို့လဲ သူကမဲ့ရွဲ့ပြီး ရေရွတ်တတ်တယ်။ အရွယ်ကောင်းတုန်း ပညာလေး တတ်ချင်လို့ ပိုက်ဆံလေး စုထားပြီး သင်တန်းတက်မယ် စဥ်းစားတော့လည်း သူ့မှာ အချိန်က မရှိပြန်ဘူး။ညနေစောင်းမှ အလုပ်ဆင်းရတော့ သူ့မှာ ပင်ပန်းတာရယ်… ဒီနိုင်ငံမှာက မှောင်ရင် မိန်းကလေး အပြင်ထွက်ဖို့ရာစိတ်မချရတာနဲ့တင် အဆောင်ကလွဲလို့ ဘယ်မှမသွားဖြစ်ပြန်ဘူး။ ညနေမှတင် မဟုတ်ပါဘူး၊ ဘတ်စ်ကားပေါ်မှတင်လည်း မဟုတ်ဘူး။ ဘယ်အချိန် ဘယ်နေရာ ဖြစ်ဖြစ် စိတ်မချရတာပါပဲ။ သူ့ကို သူ့အထက်လူကြီးတစ်ယောက်က ပွတ်သီးပွတ်သပ်လာလုပ်တုန်းကဆို နေ့ခင်းကြောင်တောင်ကြီး။ ညနေကျ သူနဲ့အတူတူလိုက်ခဲ့ဖို့ ဆိုလား၊ သူ ရှက်လွန်းလို့ ကောင်းကောင်း မမှတ်မိပါဘူး။ လန့်ပြီး အော်လိုက်မိတော့ ခဏနေကျ သူအဆူအဆဲခံရတယ်။ အဲ့ဒီတော့လည်း ဒီအလုပ်ကလေး မပြုတ်ဖို့အရေး သူ့ကို စော်ကားတဲ့ သူကိုပဲ ပြန်တောင်းပန်ရပြန်ရော။ ဘယ်သွားတိုင်လို့ရမလဲ…သူမှမဟုတ်ဘူး၊ ကိုယ့်အိမ်ထဲ အရိုးကွဲအောင် အရိုက်ခံရတဲ့ သူတွေတောင်… သွေးတောက်တောက်ကျအောင် အစော်ကားခံရတဲ့ မိန်းကလေးတွေ တောင် ညှိနှိုင်းပေးတာနဲ့၊ ငွေလေး နည်းနည်းပေးတာလောက်နဲ့ ပြီးလိုက်ကြရတာပဲ မဟုတ်လား။ ကိုဗစ်တွေ ဖြစ်တုန်းကဆို အလုပ်အကိုင်တွေက ပိုကြပ်လာတယ်။ သူ့သူငယ်ချင်းထဲက တချို့ဆို ခန္ဓာကိုယ် ရင်းရတဲ့ အလုပ်တွေ လုပ်ကြရတယ်။ ရဲတွေက ဂွင်ဖန်တာနဲ့၊ လူတွေက အနိုင်ကျင့်ချင်ရတာနဲ့… “ဒါကြီး မလုပ်ပါနဲ့လားဟယ်” လို့ သူကပြောတော့ “ဘယ်တတ်နိုင်မလဲ၊ တခြားရွေးစရာမှ မရှိတာ” တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ သူတို့အတွက် ကြိုးစားစရာလမ်း၊ တက်လမ်း ဘယ်မှ များများစားစား ရှိလို့လဲ။ အလုပ်သမားတွေကစလို့ ဟိုးနိုင်ငံရေးသမားတွေ အဆုံး… မိန်းကလေးတွေ အတွက် ရည်မှန်းချက်တွေ အောင်မြင်အောင် ကြိုးစားမယ့် လမ်းကြောင်းမှာ အကန့်အသတ်တွေ တစ်နည်းမဟုတ် တစ်နည်း ရှိနေတာပဲ။ ဟော… ယုတ်စွအဆုံး ယောကျာ်းယူတာက အစ ဘာသာခြားရင် ယူမရတာနဲ့၊ ဗုဒ္ဓဘာသာ မဖြစ်ရင် ကလေးက ဘယ်နှယောက်ပဲ ယူရမယ်ဆိုတာနဲ့။ အစကတည်းက စည်းတွေ ဘောင်တွေ ကန့်သတ်ချက်တွေ များရတဲ့ကြားထဲ စစ်အာဏာသိမ်းတာက ကြုံရပြန်တော့ သူလည်း လမ်းပေါ်ထွက်ဖို့ ဖြစ်လာတယ်။ သူ့သူငယ်ချင်းတွေ ပြောသလိုပေါ့… “တစ်ခြားရွေးချယ်စရာမှ မရှိတာ” လေ။ လမ်းမတွေပေါ်မှာ မိန်းကလေးတွေ မကြောက်မရွံ့ အများကြီး ထွက်လာကြတာ တွေ့တော့ သူအားတက်မိတယ်။ တချို့ဆို ဟိုးရှေ့က ဦးဆောင်ပြီး ချီတက်ကြ၊ အလံတွေ ကိုင်မြှောက်ကြ၊ ကြွေးကြော်ကြနဲ့။ ကျည်ဆန်မိုးတွေ ရွာတဲ့နေ့တွေမှာတောင် မီးခိုးလုံးတွေကြားထဲ… ထမီတန်းတွေကြားထဲမှာ စိတ်တူကိုယ်တူတွေနဲ့ သူဟာ နောက်မဆုတ်ပဲ ဆက်တိုက်ခဲ့တယ်။ အဲ့ဒီလိုနဲ့ပဲ သူဟာ လူ့ငရဲလို့ ခေါ်တဲ့ နေရာတစ်ခုကို ရောက်ဖူးသွားခဲ့တယ် ဆိုပါတော့။ ရောက်ရောက်ချင်း “ ဒီနေရာမှာ ငါ့လို မိန်းကလေးတွေ များစွာ ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရတယ်” လို့တွေးမိတော့ သူ့ကျောရိုးထဲ လျှပ်စီးတစ်ခု ဆစ်ခနဲ ဖြတ်သွားသလို ခံစားလိုက်ရတယ်။ “ဒါပေမဲ့ ဒီထဲမှာ စွန်းခဲ့ရတဲ့သွေးတွေ၊ ကြွေလွင့်ခဲ့ရတဲ့ အသက်တွေ အတွက် အခုထိ ဘာတရားမျှတမှုမှ မရသေးဘူးပဲလို့ ထပ်တွေးမိပြန်တော့ သူ့စိတ်ထဲ ထောင်းခနဲ ဒေါသထွက်ရပြန်တယ်။ ဒီနေရာကျဥ်းကျဥ်းလေး တစ်ခုမှာမှ မဟုတ်ဘူး…တစ်နိုင်ငံလုံးက အကျဥ်းစခန်းတွေထဲမှာ လူမျိုးစုပေါင်းစုံရဲ့ ဒေသတွေမှာ… ငါတို့ရဲ့ လုပ်ငန်းခွင်တွေမှာ… ကျောင်းတွေမှာ… နောက်ဆုံး ငါတို့အိမ်တွေထဲမှာ… ငါတို့တွေ စွန်းခဲ့ရတဲ့ သွေးတွေ၊ သေရာပါ ကျန်နေခဲ့မယ့် ဒဏ်ရာတွေ၊ ကြွေလွင့်ခဲ့ရတဲ့ အသက်တွေ.. ဒါတွေအတွက် တရားမျှတမှု ဘာမှ မရသေးဘူး။ ငါတို့ ဒီလိုတွေ အနှိပ်စက်မခံရမဖို့… အနှိမ့်ချမခံရဖို့အတွက် ကာကွယ်ပေးမယ့် အာမခံချက်တွေ ဘာဆိုဘာမှ မရှိသေးဘူးပဲ။” ဒီအတွေးတွေ၀င်လာတော့ သူပို နာကြည်းလာတယ်။ ပိုခံပြင်းလာတယ်။ ဒီထဲက ညီတွေညီမတွေရဲ့ သွေးစက်တွေက နံရံပေါ်ကနေ နီစွေးစွေး ပြန်အရာထင်လာတယ်။ အပြင်ဘက်က ညီအစ်မတွေရဲ့ အော်ဟစ်သံတွေ၊ ငိုကြွေးသံတွေ ဆူညံလာတယ်။ “ဒီနေရာက လူတစ်စုတည်းကြောင့် မဟုတ်ဘူး၊ သူတို့ရဲ့ အဖွဲ့အစည်းကြီး တစ်ခုလုံးကြောင့်။ သူတို့ နည်းမျိုးစုံနဲ့ ဖျက်စီးခဲ့တဲ့ ဒီလူ့အသိုင်းအ၀ိုင်းကြောင့်.. သူတို့ ရိုက်သွင်းခဲ့တဲ့ အယူ၀ါဒတွေကြောင့် ငါတို့အတွက် တက်လမ်းတွေ၊ ငါတို့အတွက် အာမခံချက်၊ ငါတို့အတွက် တန်းတူညီမျှမှု၊ ငါတို့အတွက် တရားမျှတမှုတွေ အကုန် ဆုံးရှုံးနေရတာ။ ဒါတွေကို ငါတို့ကိုယ်တိုင် တိုက်ယူရမယ်။ ငါတို့ ဘာမှ ရှက်ရွံ့နေစရာ၊ နောက်ဆုတ်စရာ မရှိဘူး။” ဒီလိုနဲ့ပဲ သူ ရဲရင့်ခဲ့တယ်။ သူ မာကြောခဲ့တယ်။ သူခံနိုင်ရည်ရှိခဲ့တယ်။ ရင်ထဲက နာကျင်မှုတွေနဲ့ သူ့ခန္ဓာကိုယ်က ထုံနေခဲ့သလို… အကြောက်တရားနဲ့ အတူတူ ရှိနေတဲ့ နာကြည်းမှုက သူ့ကို ဆက်ရုန်းကန်ဖို့ အင်အားတွေ ပေးနေခဲ့သလို… သူက ငရဲစခန်းထဲက စက္ကန့်တိုင်းမှာ သူ့စိတ်ဓါတ်တွေ ပြိုလဲမသွားအောင် တောင့်ခံနိုင်ခဲ့တယ်။ နောက်ဆုံးအချိန်ထိ သူ့နှုတ်ခမ်းတွေဟာလည်း ရဲရဲနီလို့ပါပဲ။ စာရေးသူ − Giselle Mae