Feminist Literature Competition (Round 2)

Featured Selection – Aye Mya Thu

ကျွန်မ နဲ့ ကျွန်မအိမ် “ဒီကမ္ဘာလောကကြီးကို ဘယ်လိုမျိုးဖြစ်စေချင်လဲ”လို့ တစ်ယောက်ကကျွန်မကို မေးလာခဲ့ ရင် ကျွန်မမှာ နှစ်ခါပြန်စဉ်စားစရာမလိုအောင် တိကျတဲ့ အဖြေတစ်ခုရှိပါတယ်။ အဲ့ဒါကတော့” ကျမအိမ်လိုမျိုးဖြစ်စေချင်တယ်”ဆိုတာပါပဲ။ ဒီလိုဆိုရင် ကျမအတွက် အိမ်ဆိုတာ ဘယ်လိုမျိုးအရာမို့လို့လဲလို့မေးစရာရှိပါလိမ့်မယ်။ အိမ်မအတွက် အိမ်ဆိုတာကတော့ ကျမချစ်ရတဲ့သူတွေအားလုံးပါ။ အဲ့ဒီကျမအိမ်လို့ သတ်မှတ်ထားတဲ့ သူတွေက များသောအားဖြင့်တော့ ကျမနဲ့ တစ်မိုးအောက်နေထိုင်ကြတဲ့ မိသားစုဝင်တွေပါ။ တစ်ချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် တစ်မိုးအောက်ထဲ့ မှာ အတူမရှိနိုင်တဲ့ မိသားစုဝင်တွေပါ။ အဲ့ဒီကျမအိမ်လို့ သတ်မှတ်ထားတဲ့ သူတွေဟာ ဘယ်အချိန် ဘယ်နေရာမှာဘဲ ရှိနေနေ ကျမရဲ့ ပုံစံကို အရှိအတိုင်းလက်ခံပေးတတ်ကြြ့ပီး သူတို့ဟာ ကျမရဲ့ ဖြစ်တည်မှု့ကိုဘယ်တော့အခါမှ နောင်တမရစေတဲ့ အကြောင်းပြချက်တွေဘဲဖြစ်ပါတယ်။ ကျမဟာငယ်စဉ်ကတည်းက သာတူညီမျှမှု့ဆိုတာကို အိမ်မှာပဲ သင်ယူနိုင်ခဲ့ပါတယ်။ ကျမငယ်စဉ်ကတည်းကအခု အသက်နှစ်ဆယ်ရွယ်အထိ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျမှ အိမ်ယာနိုးတဲ့ နံနက်ခင်းတိုင်းမှာ မိန်းကလေးတစ်ယောက်အနေနဲ့ နောက်ကျတဲ့အထိ မအိပ်သင့်ဘူးဆိုတဲ့ ဆောင်ပုဒ်တစ်ခုကို ဘယ်တုန်းကမှ ကြားရလေ့မရှိခဲ့ဘူး။ ဒါတင်မကသေးဘဲ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျမဖေဖေဟာ ဆေးခန်းပိတ်တဲ့ နေ့လည်ခင်းမှာ မေ့မေ့ကိုမီးပူကူတိုက်ပေးတာတို့ အဝတ်လှန်းပေးတာတို့ တံမြတ်စည်းလှည်းပေးတာတို့ ကူလုပ်ပေးလေ့ရှိပါတယ်။ ကျမတို့နဲ့ အတူတူနေတဲ့ မေမေရဲ့ အစ်ကိုကျမဦးလေးကတော့ နံနက်တိုင်းဈေးသွားပေးလေ့ရှိသလို တစ်ခါတစ်ရံ မီးဖိုချောင်မှာ သူကိုယ်တိုင်လက်စွမ်းပြလေ့ရှိပါတယ်။ ဒါကြောင့် ကျမဟာ အိမ်မှုကိစ္စကို မိန်းမတွေဘဲလုပ်သင့် ကြောင်းပြောလာကြသူတွေကို ပြန်လည်ချေပဖို့ အသင့်ဖြစ်နေပါတယ်။ ကျမပြောခဲ့ဖူးတဲ့အတိုင်းဘဲ ကျမရဲ့အိမ်ဟာကျမဖြစ်တည်မှု့ကို ဘယ်တုန်းကမှ နောင်တမရစေခဲ့ပါဘူး။ ကျမအသက်တစ်ဆယ့်တစ်နှစ်အရွယ် ပထမဆုံး ဓမ္မတာလာတဲ့ အချိန်မှာ ဒါဟာကြောက်စရာကောင်းတဲ့ ကိစ္စမဟုတ်သလို စက်ဆုပ်ရွံ့ရှာစရာ ကိစ္စမဟုတ်ကြောင်းပြောပြခဲ့ဲတဲ့သူတွေက ကျမဖေဖေ၊ ကျမမေမေ၊ ကျမအဖွား ပါ။ ဒါ့အပြင် ကျမအခုအချိန်ထိ လစဉ်ဓမ္မတာလာတိုင်း နာကျင်ကိုက်ခဲမှု့တွေဖြစ်လာတဲ့အခါ ဖေဖေ့ ဆီကဘယ်လိုဆေးတွေသောက်သင့်လဲဆိုတာအကြံတောင်းနေကျပါ။ ဒါကြောင့်ဘဲ ကျမဟာ မိန်းမတစ်ယောက်အဖြစ်မွေးဖွားလာရခြင်း ဘယ်တုန်းကမှ ဝမ်းနည်းစိတ်ပျက်မှုမရှိခဲ့ပါဘူး။ နောက်တစ်ခုအနေနဲ့ဆိုရင်တော့ ကျမတို့အိမ်ဟာ လူသားတွေကို လူသားတွေလို့ဘဲ မြင်တဲ့ သူတွေစုစည်းတည်ရှိရာနေရာတစ်ခုပါ။ ကျမအကြိုက်ဆုံး ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “It’s okay to not be okay ”ဆိုတဲ့ ဇာတ်လမ်းတွဲထဲက စကားလေးတစ်ခုကို ကျမအမြဲအမှတ်ရနေမိပါတယ်။ “လူတွေကအားနည်းတတ်ကြတယ်… ဒါကြောင့်ဘဲ တစ်ယောက်ကိုတစ်ယောက် မှီခိုပြီးနေကြရတာ”တဲ့။ ကျမတို့အိမ်မှာလဲ ဒီလိုပါဘဲ။ ကျမတို့အားလုံးဟာ လူသားတွေမို့ အားနည်းချက်ကိုယ်စီနဲ့ပါ။ ဒါကြောင့် ကျမတို့အားလုံးဟာ အချင်းချင်း မှီခိုနေထိုင်ကြပြီး ကူညီဖေးမကြပါတယ်။ ဥပမာ ဝမ်းနည်းတတ်တဲ့ ကျမဦးလေးငယ်က သူ့အစ်ကိုဖြစ်တဲ့ ကျမဦးကြီးနဲ့ စကားများပြီး ကတောက်တဆဖြစ်တိုင်း ငိုတတ်ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ယောကျာ်းလေးဖြစ်ပြီး မျက်ရည်ကျရကောင်းမလားလို့ မဝေဖန်ကြပါဘူး။ ဘာလို့လဲဆိုတော့ ယောကျာ်းမိန်းမမရွေး လူသားတွေအားလုံးဟာ အားနည်းတတ်ကြတာကို ကျမတို့လက်ခံထားကြလို့ပါ။ ဒါကြောင့်ဘဲကျမရဲ့ အိမ်ဟာ ကျမရဲ့ အားသာချက်တွေ အားနည်းချက်တွေ အကုန်လုံးကိုပွင့်ပွင့်လင်းလင်းချပြနိုင်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်လာခဲ့ပါတယ်။ နေ့စဉ်ဘဝမှာ ကျမအတွက် ဘယ်လိုခက်ခဲ ပင်ပန်းမှု့တွေဘဲရှိနေပါစေ ကျမရဲ့အိမ် တစ်နည်းအားဖြင့် ကျမအိမ်လို့သတ်မှတ်ထားတဲ့သူတွေဟာ အမြဲလိုလို ကျမကိုပျော်ရွှင်စေပြီးသက်သောင့်သက်သာ ခံစားရစေပါတယ်။ ဒါကြောင့် ကျွန်မဟာကမ္ဘာကြီးမှာ နေထိုင်ရှင်သန်လာရင်းနဲ့ အံ့သြဖွယ်ကောင်းလှအောင်လူသားတွေကို လူသားတွေလို့ မမြင်နိုင်တဲ့လူတွေကို တွေ့ရတဲ့ အခါမျိုးမှာဘဲဖြစ်ဖြစ်၊ ယောကျာ်းတွေနဲ့ မိန်းမတွေမှာ မမွေးဖွားလာခင်ကတည်းက သီးသန့်ခွဲခြားသတ်မှတ်ထားတဲ့ တာဝန်တွေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိသလိုမျိုး ပြုမှုတွေးခေါ်နေတဲ့သူတွေကို တွေ့ရတဲ့အခါမျိုးမှာပဲ ဖြစ်ဖြစ် ဒီလိုမျိုးစဉ်းစားမိပါတယ်။ “ဒီကမ္ဘာကြီးသာ ကျမတို့အိမ်လိုနေရာမျိုးဆို ဘယ်လောက်ကကောင်းလိုက်မလဲ “လို့ပါ။ Aye Mya