Feminist Literature Competition(4)
Featured Selection − Aung
“ အာဏာရှင်ကိုဖီဆန်ကြသော မြန်မာအမျိုးသမီးများ “ ငါက သူတို့နဲ့မတူဘူး။ ငါကသာမန်မိန်းမမဟုတ်ဘူး။ ငါကအခြားမိန်းကလေးတွေလိုမဟုတ်ဘူး ဆိုတဲ့စကားတွေ။ သူတို့ကရောဘယ်သူလဲ? ငါကရောဘယ်သူလဲ? . အခွင့်အရေးဆိုတဲ့ တော်တော်တာသွားတဲ့ စကားတစ်ခုနဲ့တင် လူမှုဘဝတွေကွာခြားသွားတယ်။ ဆင်းရဲချမ်းသာမှုကွာခြားချက်တွေမြင့်တက်လို့၊ အခွင့်အရေးရလို့၊ လူကိုလူလိုဆက်ဆံခံရလို့၊ နိုင်ငံခြားပညာသင်သွား၊ အိမ်မက်တွေနောက်လိုက်နိုင်ကြတာက ဆန်းသလား။ “စာအုပ်တွေသာမရှိရင်၊ ဒီအတွေ့အကြုံကိုမျှဝေပေးတဲ့သူတွေသာမရှိရင်၊ ဒီအရာတွေကိုဖတ်ဖို့ စိတ်မဝင်စားမိခဲ့ရင် ကျွန်မက ကျွန်မဘဝကိုပဲအာရုံစိုက်မိပြီး ကျန်တာတွေကို ဥပေက္ခာပြုမိနေမှာ” လို့ ကျွန်မသူငယ်ချင်းတစ်ယောက်က ဝန်ခံဖူးတယ်။ ကျွန်မကရော…. . နန်းဟာဗီးကို ရန်ကုန်ဗဆွေ ရေးခဲ့လို့ သိခဲ့တယ်။ ဒီလိုယဥ်ကျေးမှုတွေ ဖုံးကွယ်ထားပေးတဲ့အာဏာရှင်ဆန်မှုတွေ၊ ဖိုဝါဒီကြီးစိုးမှုတွေကို ကျွန်မတကယ်မသိခဲ့တာအမှန်ပါ။ မြို့ပြမှာနေတဲ့ သာမန်အလတ်တန်းစားလူငယ်ပီပီ ကိုယ့်ဘဝတိုးတက်ရေးကိုပဲ ကြည့်ခဲ့တယ်။ ကြည့်နိုင်ခဲ့တယ်။ မြို့ပြက ကျေးလက်ထက်ပိုခေတ်မီတယ်၊ ပိုပြည့်စုံတယ်ဆိုတဲ့ အခွင့်အရေးတွေကြားမှာ နစ်မြုပ်ရင်း ဒီလူမှုအသိုက်အဝန်းအတွက် ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ ကျေးလက်တွေကို ပိုကောင်းလာအောင်၊ တိုင်းရင်းသားဒေသတွေတိုးတက်လာအောင် အာရုံမစိုက်နိုင်ခဲ့ဘူး။ အို… ကျေးလက်ဒေသမပြောနဲ့ ရန်ကုန်စက်ရုံက အလုပ်သမတွေရဲ့ ဘဝကိုတောင် ကျွန်မတလောကမှနားလည်ခဲ့တာ။ အရင်းရှင်စနစ်ကြီးကြောင့်ပဲ ကျေးလက်ဒေသမှာ မသေရုံစား၊ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး စျေးနှိမ်ခံရတဲ့တောင်သူတွေ၊ ကောက်စိုက်သူတွေဟာ မြို့ပြကို တိုးတက်လိုတိုးတက်ငြား တက်လာကြတယ်။ အခန်းငယ်လေး အဆောင်ငယ်လေးထဲခိုဝင်နားရင်း နေ့တွက်စာလေးရဖို့အတွက် ကျန်းမာရေးကို ဂရုစိုက်နိုင်ကြပါ့မလား။ အာဟာရပြည့်အောင်စားနိုင်ပါ့မလား။ အိမ်ထောင်ရေးနဲ့ အနာဂါတ်တိုးတက်ဖို့အတွက်ရော တွေးနိုင်ပါ့မလား။ ချမ်းသာပြီးသားသူတွေ အရင်းအနှီးစိုက်ထုတ်ပြီး ပိုချမ်းသာလာဖို့အတွက် အလုပ်သမတွေ ဘာအကျိုးအမြတ်ရခဲ့လဲ။ ကျေးလက်ဒေသ၊ တောင်ပေါ်ဒေသမှာကျန်နေခဲ့သူ အမျိုးသမီးလေးတွေ၊ အမျိုးသမီးကြီးတွေကရော ဒီခေတ်စနစ်ကို မွေးခွန်းထုတ်မိကြရဲ့လား။ သြော….မေးခွန်းထုတ်ရဲကြပါ့မလား။ . လူမျိုးတုန်းသတ်ဖြတ်မှုတွေထဲ ကရင်တွေပြေးရင်း သံလွင်မြစ်ကိုဖြတ်ကျော်ရတယ်ဆိုတဲ့ မှတ်တမ်းဗီဒီယိုလေးကိုကြည့်ရင်း မွန်းကြပ်လာလိုက်၊ သတ္တိတွေရှိလိုက်နဲ့။ စစ်ဘေးရှောင်စခန်းထဲ အသက်ရှင်ရတာကံကောင်းပါတယ်တဲ့။ မိသားစုတွေ၊ အမျိုးအနွယ်တွေ အကြောင့်မဲ့သတ်ဖြတ်ခံရတာကိုကြည့်ရင်း ရခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်သူတွေကုစားပေးမှာလဲ။ ဘယ်သူတွေတာဝန်ယူပေးကြမလဲ၊ . အကြောင်းနဲ့အကျိုးဆိုတာရှိပေမယ့် အကျိုးကိုမကြည့်နိုင်ကြပဲ အကြောင်းကောင်းဖို့ ကြိုးစားနေကြတဲ့ အမျိုးသမီးတွေအများကြီး။ ပြည့်တန်ဆာတွေက ဘယ်လိုဖြစ်သင့်တယ်။ ဘာလုပ်သင့်တယ်။ ဘာလုပ်ပေးရမယ်လို့ ရေပေါ်ဆီအသိုင်းအဝိုင်းက အော်ပြောနေကြပေမယ့် လက်တွေ့ဘဝကိုပဲဝင်ကြည့်ပေးဖို့၊ ဘာကြောင့်လဲဆိုတာနားလည်ပေးဖို့၊ ဘာတွေလိုအပ်နေလဲဆိုတာကိုစဥ်းစားပေးဖို့ တကယ်လိုအပ်တာ။ . အိမ်နောက်ဖေးတိုက်ခန်းက အန်တီကြီးရဲ့ ပြန်အော်သံကို ကြားနေရတယ် “ကျွန်မဆက်မပေါင်းနိုင်တော့ဘူး။ ဒါအိမ်တွင်းအကြမ်းဖက်မှုနော်။ ကျွန်မဘာမှမလုပ်နိုင်ဘူး၊ မလုပ်ဘူးလို့ထင်မနေနဲ့။ ကွာရှင်းမယ်၊ တရားရုံးမှာဆက်တွေ့ကြမယ်” တဲ့။ သားသမီးတွေ စိတ်ဒဏ်ရာရမှာကိုတွေးပေးရင်း၊ ပတ်ဝန်းကျင်က ပေးတဲ့ဖိအားတွေ၊ မေးမယ့်မေးခွန်းတွေကို ရင်ဆိုင်ဖို့အသင့်ဖြစ်ပြီနဲ့တူတယ်။ အပျိုဖြစ်မှု၊ ဘုန်းတန်ခိုးနိမ့်ကျမှုဆိုတဲ့ အတွေးအခေါ်တွေ ဘယ်ကဘယ်လိုစခဲ့လည်းဆိုတာ သေချာမသိသလို၊ သိသလောက်တော်လှန်နေကြတဲ့အမျိုးသမီးတွေနဲ့ ခေါင်းငုံ့မခံချင်၊ ခေါင်းငုံ့မခံနိုင်ကြတဲ့အမျိုးသမီးတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မသိလာခဲ့ရတယ်။ . အဲ့ဒီနေ့က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ(၄)ရက်နေ့ပေါ့…. အမျိုးသမီးထုကြီးက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့အတူချီတက်လာတယ်။ အာဏာရှင်ကိုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်လို့။ အမျိုးသမီးထုရဲ့သတ္တိတွေပေါ့။ ဆရာမတွေ စီဒီအမ်ပါဝင်ကြတယ်။ အိမ်ထောင်ရှင်မတွေသံပုံးတီးကြတယ်။ အားလုံး အားလုံး အားမာန်အပြည့်နဲ့ပါပဲ။ အာဏာရှင်စနစ်ဆိုတာ ကောင်းမှမကောင်းတာ။ အထူးသဖြင့် စစ်အာဏာရှင်စနစ်။ အရင်းရှင်တွေကိုပဲ အကျိုးအမြတ်ပေးပြီး လက်ဝါးကြီးအုပ်တဲ့စနစ်။ လက်နက်အားကိုးနဲ့ စစ်အာဏာရှင်တွေပေါ့။ တိုင်းရင်းသားတွေကို ပိုမိုနားလည်ရမယ်။ ဥပက္ခာပြုခဲ့တာတွေအတွက်ဖိနှိပ်ခံလူတွေကိုတောင်းပန်ရမယ်။ ကတိတည်ရမယ်။ ကိုယ်ရယူထားတဲ့အခွင့်အရေးတွေကို အခွင့်အရေးတွေပါလို့နားလည်ပြီး မာန်မကြွပဲ၊ ခေါင်းပုံမဖြတ်ပဲ၊ လူသားချင်းစာနာနိုင်ရင်၊ လူ့အခွင့်အရေးကို လူတွေကပဲ အပြည့်အဝပေးနိုင်ရင်၊ တန်းတူညီမျှမှုကို ဦးစားပေးမယ်ဆိုရင် ကျွန်မတို့အိမ်မက်တွေဖြစ်လာနိုင်မှာပါ….ဖြစ်လာမှာပါ။ အောင်