Feminist Literature Competition(5)
Featured Selection – “နွေယုမေ” .
“တော်လှန်ရေးကာလ စိတ်ကျန်းမာရေးအတွေ့အကြုံ” (၁) ဝိုးတိုးဝါးတားပုံရိပ်တွေ သံစုံဟစ်နေတဲ့အသံတွေ ပြေးလွှားနေကြသလား ကခုန်နေကြသလား ခေါ်ကြစမ်းပါဗျာ ကျနော်လည်းလိုက်မယ် လွတ်လပ်ခြင်းကိုရှာဖွေမလို့။ (၂) သနားစရာအရုပ်ကလေး ခွေးရူးတွေဝိုင်းဆွဲကြသတဲ့ ဟိုနားတစ်စ ဒီနားတစ်စနဲ့ ကြည့်ရက်စရာမရှိဘဲကိုယ့်လူ မကျေနပ်လို့သွားမောင်းတဲ့သူပါ ပြန်ကိုက်သတဲ့ဟ ဒီသတင်းတွေကြား ငါဟာငူငိုင်ရင်း အရုပ်ကလေးဖြစ်သွားလေသလား။ (၃) ငှက်တွေပျံတယ် တိမ်တွေလွင့်တယ် မိုးသားပြာမှာ တိမ်တွေရုပ်ရှင်ပြနေကြတယ် ငါဟာပြတင်းပေါက်မှာနေရာယူပြီး ထိုင်ငေးမိတယ် သက်မဲ့ကျောက်ရုပ်ကြီးလို ငါဖြစ်ခဲ့ပြန်။ (၄) နေရောင်ခြည်ဖြာတဲ့စပါးခင်းထဲ မြွေတစ်ကောင်လိုတိုးဝင်ပြီး သူတို့နဲ့ယိမ်းကမယ်ဟေ့ ဒီနေ့တော့ငါလွတ်လပ်မလားပေါ့ ဒီလူသားတစ်ယောက် အသက်မရှိလေသလား လွင့်မျောနေသလား မခံစားတတ်တဲ့နှလုံးသားနဲ့ ရပ်တည်နေပြန်။ (၅) ကြယ်ကလေးတွေမှိန်တုတ်တုတ် လကလေးကသာသာပေါ့ ခေါင်းမော့ပြီးလက်ဆန့်တယ် နှလုံးသားကိုတိုးဝင်ကြစမ်းပါ ငါ့ဝိဉာဉ်ကိုထိကြစမ်းပါ ငါမင်းတို့လို လွတ်လပ်စွာ လွတ်လပ်စွာနဲ့ အေးချမ်းချင်ပြီ။ (၆) ဩကာသနဲ့စတဲ့တရားတွေကို စိတ်ငြိမ်ဆေးအနေနဲ့ကျွေးလိုက်တယ် မင်းအေးချမ်းတော့ပေါ့ ရွတ်နေတဲ့တရားတွေနောက် ဒီအရိပ်မလိုက်ဘဲ အဆုံးမရှိလျှောက်သွားပြန်ပြီ။ (၇) ကြယ်တွေကြွေတယ် အနာဂတ်တွေအခြွေခံရတယ် ဒီကာလရဲ့ဒဏ်တွေကြောင့်ပေါ့ စိတ်နှလုံးတွေမခိုင်ခဲ့ပြန်ဘူး ပိတ်လှောင်မှုတွေပေါင်းပြီး အမှောင်တိတ်နေရာလေးမှာ ရင်တွင်းအော်ဟစ်ပြီး အသံတိတ်နဲ့ငိုကြွေးရတဲ့နေ့တွေဟာ မရေတွက်နိုင်ခဲ့။ (၈) ဒီရုပ်ကြီးဟာအရိပ်မဲ့တယ် ကျန်းမာရေးတွေဖောက်တယ် ဘွဲ့လက်မှတ်တစ်ခုနဲ့ အနာဂတ်တွေပျောက်ခဲ့တယ် ရှေးရိုးဆန်အသိုင်းအဝန်းတွေကြား လှောင်ရယ်သံတွေ ကျင့်ဝတ်မရှိတဲ့စကားတွေနောက် မွန်းကျပ်ပိတ်လှောင်ခဲ့တာ နေ့ပေါင်းမျာစွာနဲ့ နှစ်နဲ့ချီကြာခဲ့။ (၉) ခင်ဗျားတို့ကြုံဖူးလား အများနဲ့တစ်ယောက်ဟစ်အော်နေရသလိုမျိုးလေ ဘယ်သူမှအားမပေးတဲ့လမ်း အိပ်မက်တစ်ခုသာကိုင်ရင်း အိမ်လေးထဲနေ့စဉ်ကြုံနေရတဲ့ဒုက္ခတွေက ဘယ်လောက်ဆိုးရွားလဲဆိုတာပေါ့။ (၁၀) အစကတော့ ဒုက္ခတိုင်းဟာ ခဏတာလေးလို့ပဲ ကျုပ်ထင်ခဲ့တာ ခုတော့နှစ်နှစ်နီးပါးကြာခဲ့ပြီ လွတ်လပ်ချင်တဲ့အတွေးတွေ မွန်းကြပ်တယ်လို့အော်ဖို့တောင် မွန်းကြပ်နေလို့ နာကျင်မှုတွေဟာ ကျုပ်စိတ်ထဲအခဲစိုင်တွေဖြစ်တဲ့ထိ။ (၁၁) ချစ်ရသူတွေလွင့်သွားတာကြည့်ရတယ် စိတ်ကျမှုတွေဟာနေ့စဉ်ဝင်တယ် လှောင်ပြောင်မှုတွေဟာထိုးနှက်တယ် ရုပ်တရားကြီးကဖောက်ပြားတယ် ဒီလိုနဲ့လုံးချာနေတဲ့ကျုပ်ဘဝဟာ လွတ်လပ်မှုကိုရှာဖွေဖို့ မလိုလားတော့ တိတ်တိတ်လေးကြွေသွားဖို့သာ မျှော်လင့်မိခဲ့။ (၁၂) အရာရာဟာပင်ပန်းတယ် လွှတ်ချဖို့အဆင်သင့်တဲ့ထိ ဒီမိန်းကလေးပင်ပန်းနေပြီ တစ်ယောက်တည်းမဟုတ်တဲ့ခါ ဝန်းကျင်ကအဖြစ်တွေကိုတွေ့တဲ့ခါ ထွက်သွားတဲ့အရိပ်ကိုချုပ်ကိုင်ရင်း အားတင်းရပြန်တယ် နိုင်ရာတွေကူရပြန်တယ် မြူမှုန်လောက်အားနဲ့ပေါ့။ (၁၃) လက်ထဲမှာပိုက်ဆံမရှိဘူး မိသားစုတွေမကြည်ဘူး ဟားတိုက်ပြီးဝိုင်းရှုံ့ကြတယ် ဒါပေမယ့် စွန်ကလေးလိုလေ ဆွဲတဲ့သူတွေနောက် ရှိသမျှဒေါက်တွေအားပြုရင်း လေထဲမှာရုန်းကန်ပေးရအုံးမယ်။ (၁၄) လိုအပ်သူတွေအတွက် ပိတ်လှောင်မှုတွေကိုခဏသော့ခတ်ခဲ့တယ် ပျော်ရွှင်မှုတွေဖန်တီးပေးတယ် အားအင်တွေပေးတယ် သူတို့တွေအဆင်ပြေရင် ကျုပ်ကျေနပ်တယ် ရှင်သန်မှုကိုအဓိပ္ပာယ်ဖြည့်ခဲ့တယ်။ (၁၅) တစ်နေ့နေ့တော့လေ ကျုပ်ဇုန်တစ်ခုခုမှာမြောရင်း အိပ်မက်တွေထုဆစ်ချင်သေးတယ် သိုလှောင်မှုတွေကိုပစ်ချချင်သေးတယ် တောင်တန်းတွေပေါ်မှာ အားပါးတရငိုချင်သေးတယ် ခုတော့ တွန်းလှန်ရင်းရုန်းကန်ရင်း….။ စာရေးသူ − နွေယုမေ