Feminist Literature Competition Round-3
“Special Selections” – Spica Lin 💜
. ကျမနှင့် ကျမလုပ်ငန်းခွင် “အလုပ်သွားရဦးမယ်” ဆိုတဲ့ စကားလုံးက သူများတွေအတွက် ပျော်စရာမဟုတ်ရင်တောင် စိတ်ဆင်းရဲစရာ စိတ်အနှောင့်အယှက်ဖြစ်စရာတော့ ရှိမည်မထင်ပါဘူး။” ဖြူဖြူရဲ့ဘဝမှာတော့ ပညာမတတ်ခဲ့တာကိုပဲ အပြစ်တင်ရမလား။ ဆင်းရဲနေတဲ့ ဘ၀ကိုပဲအပြစ်တင်ရမလား။ သူများတွေလို ကြွကြွရွရွလှလှပပလေး ရုံးတက်ရုံးဆင်းမလုပ်နိုင်အောင် အလုပ်ကြမ်း လုပ်နေရသူ။ အလုပ်တွေပင်ပန်းပေမယ့် မိဘကို ကိုယ့်အင်ကိုယ့်အားနဲ့ တတ်နိုင်သမျှလုပ်ကျွေးခွင်းရတာ ပျော်ရပါသည်။ ဖြူဖြူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထမင်းချိုင့်လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်၍ အားယူလိုကသည်။ အလုပ်နေရာနဲ့နီးလာလေ မျက်နှာကတည်တင်းလာလေမို့ စိတ်ကလည်း မသက်မသာဖြစ်ရသည်။ “ဟော….. ဟိုမှာ ငါ့မယားလေးလာပြီ… ဘယ်လိုဖြစ်လို့ နောက်ကျနေတာလဲဟ…နောက်နေ့ နောက်ကျရင် မစောင့်တော့ဘူးနော်… ခြောက်နာရီအရောက်လာခဲ့ ကြားလား” ဖြူဖြူခေါင်းကို ဆတ်ခနဲ့ ညိတ်ပြပြီးအသင့်ယူလာတဲ့ ပုဆိုးကြမ်းတစ်ထည်ကို ခေါင်းမှာ ချည်လိုက်ကာ ကားပေါ်ကိုတွယ်တက်လိုက်သည်။ အုတ်သယ်ရတဲ့ အလုပ်က မိန်းကလေးတွေအဖို့ ခက်ခဲပင်ပန်းပေမယ့် မိန်းကလေး ဆယ်ယောက်ကျော် ဒီကားပေါ်မှာ ပါလာခဲ့သည်။ နေအပူဒဏ် အုတ်ဆယ်လုံးရဲ့ အလေးဒဏ်တွေက ဒီမိန်းကလေးတွေကို စိတ်ညစ်အောင်မလုပ်နိုင်ပါဘူး။ အရာရာကို ရင်ဆိုင်ကာ ပြုံးပျော်လှုပ်ရှား သွက်လက်တက်ကြွနေကြသည်သာ…. “မိဖြူရယ်… အလုပ်တောင်မစသေးဘူး… မျက်နှာကြီးကလည်းစူပုပ်နေတာပဲ…ဘယ့်နှယ်ဖြစ်နေတာတုန်း…” “အဘိုးကြီးက မယားလေးလို့ခေါ်တာ ငါမကြိုက်ဘူး…အရမ်းမုန်းတာပဲ” “ဟား..ဟား….သူက စတာပါဟယ်… တို့ကိုလည်းခေါ်တာပဲ…နင်ကစူပုပ်နေတော့ ပိုရန်စချင်တာပေါ့။ ဘာမှမသိသလို ဘာမှမဖြစ်သလိုနေလိုက်ရင် ပြီးတာပဲကိုး…” “ဟဲ့…မသိသလိုနေလို့ရမလား…သူ့သမီးအရွယ်လေးတွေကို ပါးစပ်အရသာခံပြီး စော်ကားနေတာလေဟဲ့…မသိသလိုနေလို့ရမလား…သူ့သမီးအရွယ်လေးတွေကို ပါးစပ်အရသာခံပြီး စော်ကားနေတာလေဟဲ့… ဟိုနေ့က အောင်ဇော်က မေးသေးတယ်… တကယ်လားတဲ့။ သူက စပ်ဖြဲဖြဲလုပ်နေတော့ ငါကပဲသူ့တိတ်တိတ်ပုန်းမယား လုပ်နေသလိုလိုနဲ့…ငါလေ…သတ်ပစ်ချင်လိုက်တာ။” “သူက ရန်စတာပါဟာ…နောက်တော့ ရိုးပြီးမစတော့ပါဘူး… မကြားချင်ယောင်သာဆောင်နေလိုက်ပါ…သူက ခေါင်းဆောင်လေ…သူအလုပ်မခေါ်ရင် ငါတို့ငတ်လိမ့်မယ်။ ခုချိန်အလုပ်တွေရှားနေတာ…နင်လည်းသိသားပဲ။ နင်တစ်ယောက်တည်းကို ခေါ်တာမဟုတ်ပါဘူး။ ငါတို့ဆို ‘ဖေ’ တွေဘာတွေနဲ့ ကိုင်တုတ်နေတာပဲဟာ…စိတ်ထဲမထားပါနဲ့။” “အလုပ်မလုပ်လို့…အလုပ်လုပ်တာမှားလို့ ဆဲတာက ငါခံနိုင်ပါတယ်။ မနက်အလုပ်ကို ရောက်တာနဲ့ “မယားလေးလာပြီ” တို့၊ “မိန်းမနောက်ကျနေတယ်”တို့ ပြောတာ သိပ်ရွံတာပဲ။” “အေး…ဟုတ်တယ်။ ငါလည်း အလုပ်နားရမှာစိုးလို့ငြိမ်နေရတာ…ဟိုရက်တုန်းကလည်း အုတ်တွေ ငုံ့စီနေတာကို နောက်ကနေ ဓာတ်ပုံရိုက်သေးတယ်…ရှက်လို့မသိချင်ယောင်ပဲဆောင်နေလိုက်ရတယ်။ ပြောပြန်ရင်လည်း ဒင်းကတဏှာရူးဆိုတော့ ဖြုံမှာတောင်မဟုတ်ဘူး။ နှာဘူးအကြီးစားကြီးပဲ… စိတ်ဆင်းရဲတယ် တကယ်ပဲ……” “ဘယ်တတ်နိုင်မလဲဟာ…အလုပ်မလာနဲ့ ပြောလိုက်ရင် ငါတို့ဘာလုပ်စားရမှန်းတောင်မသိဘူး” “ဒင်းကြီး တစ်ခုခုဖြစ်ပြီး သေသွားပါစေပဲ ဆုတောင်းရတော့မယ်။ နှမသားချင်းလည်း မစားဒင်းကြီး တစ်ခုခုဖြစ်ပြီး သေသွားပါစေပဲ ဆုတောင်းရတော့မယ်။ နှမသားချင်းလည်း မစာနာဘူး….နှာဘူး” “ဟုတ်တယ်….အဲ့မသာကြီး…ဟိုနေ့က ငါ့ကိုရန်စသလိုလိုနဲ့ ချုပ်ဖက်ထားတာ ရှက်လိုက်တာ မပြောပါနဲ့” “ယောကျ်ားလေးတွေကလည်း တစ်ခွန်း၀င်မပြောပေးတာ တကယ် အံ့သြတယ်။” “သူတို့လည်း ဘာထူးလဲ…မိန်းကလေးတွေ ဘဝကမလွယ်ပါဘူးဟာ…ပညာတတ်အသိုင်းအဝိုင်းတွေသူတို့လည်း ဘာထူးလဲ…မိန်းကလေးတွေ ဘဝကမလွယ်ပါဘူးဟာ…ပညာတတ်အသိုင်းအဝိုင်းတွေတို တော်သေးတာပေါ့… မိန်းကလေးတွေအတွက် ဥပဒေတွေရှိတယ်သာ ပြောနေကြတာ….ငါတို့လို ဆင်းရဲတဲ့ မိန်းကလေးတွေ ဘဝမှာတော့ နေရာတကာ အကာအကွယ်မဲ့ စော်ကားခံနေရတာပါပဲ” “မိန်းကလေးတွေ အကုန်လုံး သက်ပြင်းကိုယ်စီနဲ့ မျက်နှာမကောင်းကြပေမယ့်လို့ ခံပြင်းစိတ် မကျေနပ်ချက်တွေဖြင့် အလုပ်တွေတော့ ဆက်လုပ်ရဦးမည်။” “မိန်းမ…မနိုင်ဘူးလား…ကိုကြီး ပင့် ပေးမယ်လေ…လာ….” ‘ဘုတ်….” “အား…အောင်မလေး….” “ဟယ်..ကန်တော့ ကန်တော့…. သမီးက ခါးကိုင်ရင်ယောင်တတ်လို့ပါ ကိုကြီးရဲ့…ဟယ်….ဒုက္ခပါပဲ…သွေးတွေထွက်နေပြီ…လုပ်ကြပါဦး….” “သေပါပြီ….သေပါပြီ….” “ဆရာ….ထိုင်လိုက် ထိုင်လိုက်…နင်ဘယ်လိုလုပ်တာလဲဟာ….” “ကိုကြီးက ခါးလာဖက်တော့ ယားလို့ယောင်ပြီး ပစ်ချလိုက်တာပါ….သမီး ဘာလုပ်ပေးရမလဲဟင်…အမလေး နေပါဦး….ရေသွားဝယ်ပေးရမလား…လုပ်ဦး” “ဟ…နင် ကဆုန်ပေါက်နေတာ ဒီမှာတက်နင်းမိတော့မယ်…သွား သွား…. ဆက်လုပ်…” အုတ်တွေကိုစီပြီး ခေါင်းပေါ်တင်ပေးရင်း ဖြူဖြူတို့ မိန်းကလေးတွေ ပြုံးစေ့စေ့ဖြင့် စိတ်ထဲအတော်လေး ကျေနပ်သွားကြသည်။ နှုတ်နဲ့စော်ကားခံနေရတဲ့ ဘဝကနေ ရုန်းမထွက်နိုင် မလွတ်မကျွတ်နိုင်ပေမယ့်လို့ စက္ကန့်ပိုင်းလောက် စိတ်ကျေနပ်ပျော်ရွှင်ခွင့်ကို ဖန်တီးပေးခဲ့တဲ့ ဖြူဖြူကို မျက်လုံးချင်းဆုံတိုင်း ပြုံးပြကြသည်။ ပါးစပ်နဲ့စော်ကား အသားယူတတ်သည့် တဏှာရူး နှာဘူးကောင်ကြီး ခြေထောက်ပေါ်အုတ်ခဲပိပြီး ပါးစပ်ပိတ်နေတဲ့ အခိုက်အတန့်မှာ ဖြူဖြူတို့အဖွဲ့ အလုပ်လုပ်ရင်း တက်ကြွပျော်ရွှင်နေကြသည်။ အင်အားနည်းသူတစ်ယောက်ရဲ့ကာကွယ်မှုက ဘာမှ ထူးထူးခြားခြားမပြောင်းလဲနိုင်သော်လည်း တစ်နေ့နေ့မှာတော့…. လူ့ အသိတရားနဲ့ ပြောင်းလဲလာပါစေ ကိုယ်ကျင့်တရားနဲ့ ပြောင်းလဲလာပါစေ ဥပဒေ အကာအကွယ်နဲ့ ပြောင်းလဲလာပါစေ ကိုယ်ချင်းစာစိတ်ဖြင့် ပြောင်းလဲလာပါစေလို့ ဆုတောင်းမိပါသည်။ ပြောင်းလဲလာတဲ့တစ်နေ့မှာတော့ ပင်ပန်းကြမ်းတမ်းတဲ့လုပ်ငန်းခွင်မှာတောင် မိန်းကလေးတွေ စိတ်ချမ်းသာစွာဖြင့် ပြုံးပျော်နေပါလိမ့်မည်။