Feminist Literature Competition (Round 1)
Winner – Spica Lin

မှန်တစ်ချပ် ရှေ့မှာ ခဏရပ်မိချိန်
ကောက်တွန့်လိမ်နေတဲ့ ဆံပင်တွေက ဖွလန်ကြဲလို့။
မျက်လုံးအောက်ဘက်မှာ ခပ်ညိုညို။
ပါးရိုးပေါ်က အနီဖျော့ရောင်နဲ့ လက်ချောင်းရာတွေ။
သက်ပြင်းတစ်ချက်ကို အသာချ ညာဘက် ပါးပေါ်က
မျက်ရည်တစ်စက်ကို တွန်းဖိဖယ်ရင်း ဆုံးဖြတ်ချက် တစ်ခု ဖြစ်တည်လာခဲ့တယ်။
ကျွန်မ ကိုယ်ခန္ဓာကိုယ်ကို ကျွန်မ မပိုင်ဘူးလား။
ကျွန်မ နှစ်သက်တဲ့ လှောင်အိမ်ပုံ တက်တူးလေး တစ်ခု
လွယ်လွယ် မမြင်နိုင်တဲ့ လက်မောင်းပေါ်မှာ ရောက်လာချိန်
ကျွန်မ ကိုယ်ခန္ဓာကြီး အနှိပ်စက် ခံနေရပြီ။
မျက်နှာရှိမှ လူဖြစ်လာတာ ဆိုရင်
ကျွန်မက ဒဏ်ရာဒဏ်ချက်တွေနဲ့ လူ။
လူတစ်ယောက်ရဲ့ တန်ဖိုးက မျက်နှာပေါ်မှာဆိုရင်
ကျွန်မ ရဲ့ တန်ဖိုးမှာ လက်ချောင်းရာတွေ ရောထွေးနေပြီ။
ဆုံးဖြတ်ချက် တစ်ခုအတွက် အချိန် အတော်ကြာအောင်
ဝေ၀ါးနေခဲ့ပြီးပြီ။
လမ်းပေါ်မရောက်ခင် လမ်းပျောက်မှာ သိနေခဲ့ပေမဲ့
ကျွန်မ ကိုယ် ကျွန်မ ပိုင်ဆိုင်ချင်နေပြီ။
သတင်းစာထဲမှာ အမွေစားအမွေခံ အဖြစ်မှ စွန့်လွှတ်ခြင်း နှင့်
ပြဿနာကြီးငယ် ဟူသရွေ့ မသက်ဆိုင်တော့ပါကြောင်း တဲ့။
ကျွန်မ ဟားတိုက် ရယ်မောလိုက်တယ်။
ကျွန်မ ရဲ့ လွတ်မြောက်မှု အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ပြုသင့်နေပြီ။
နောက်ဖေး လမ်းကြားမှာပဲ ခိုးသောက်ခွင့်ရခဲ့တဲ့ စီးကရက်ကို နှုတ်ခမ်းမှာ ပြန်ကိုက်လိုက်တယ်။
ကျန်းမာရေး ထိခိုက်တာတော့ ကျွန်မ သိတာပေါ့။
မိန်းမတစ်ယောက်ရဲ့ အိန္ဒြေကြောင့်ဆိုတဲ့ အကြောင်းပြချက်ကြီးနဲ့ အချိန်အတော်ကြာ မြိုသိပ်ထားရတဲ့
လုပ်ပိုင်ခွင့်တွေကို ကျွန်မ အကုန်လုပ်ပစ်မယ်။
နင် က မိန်းကလေး ဆိုတဲ့ စကားလုံးကို ကျွန်မ မုန်းတီးနေပြီ။
မိန်းကလေးဆိုတဲ့ ဘောင်အောက်မှာ အနေအထိုင် အသွားအလာ အပြောအဆို အားလုံးကို မမြင်ရတဲ့
သံကြိုးတွေနဲ့ ချည်တုတ်ခံခဲ့ရပြီးပြီ။
အခုတော့ ဒီသံကြိုးတွေကနေ ကျွန်မ ရုန်းထွက်နိုင်ခဲ့ပြီ။
ဒါကြောင့် စီးကရက်ကို မနှစ်သက်ပေမဲ့ အခွင့်အရေးတစ်ခု အနေနဲ့ မြည်းစမ်းကြည့်တယ်။
အခုဆို ကျွန်မ လက်ဖျံပေါ်မှာ တက်တူးကြီးကြီး တစ်ခု ရှိနေပြီ။
လက်မောင်းက လှောင်အိမ်လေးထက် ပိုကြီးတဲ့ ငှက်တစ်ကောင် ပုံ လေ။
ယမကာ အရက်တွေလား..။
အိုး…မကြိုက်ပေမဲ့ သောက်ကြည့်တာပါပဲ။
ကျွန်မ သိခဲ့တဲ့ လောကကြီးကဘောင်လေးကသိပ်ကျဥ်းခဲ့တာရှင့်။
မိန်းမဆိုတာ ယောကျ်ား တွေလို နေချင်သလို နေလို့မရဘူးဆိုတဲ့ ခံယူချက် တစ်ဆင့်နိမ့်တွေနဲ့ပေါ့။
အို…ကျွန်မ သိပ်ပင်ပန်းခဲ့ရတာပဲ။
မိန်းကလေး ဖြစ်နေလို့ ပင်ပန်းခဲ့ရပြီးပြီ။
မိသားစု၀င်တွေရဲ့ မွေးနေ့ပွဲလေးမှာ ကျွန်မ စိတ်မသက်သာတဲ့ ဂါ၀န်တွေ ၀တ်ရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ မနှစ်သက်တဲ့ မိတ်ကပ်ထူထူတွေနဲ့ အလှပြင်ပြီး အိန္ဒြေရရ ပြုံးပြရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မရဲ့ ပင်ကိုယ် ဆံပင်ကောက်တွေကို ကြည့်ကောင်း ဖြောင့်စင်းနေအောင် အချိန်ပေး ပြုပြင်ရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ အရပ်ကို အပြောင်းအလဲဖြစ်အောင် မြင့်လွန်းတဲ့ ဒေါက်ဖိနပ်တွေ စီးရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ စိတ်မ၀င်စားတဲ့ အိမ်မှုကိစ္စတွေကို လေ့လာသင်ယူရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ မိရိုးဖလာ ရိုးရာ တွေ အရ ယောကျ်ားလေးတွေပဲ လုပ်ခွင့်ရှိတယ်လို့ ယူဆထားတာကို လုပ်မိလို့
ကိုယ်ထိလက်ရောက် ဆုံးမ ခံရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ပတ်၀န်းကျင်က ဟာသ တစ်ခုကို စိတ်တိုင်းကျ ဟက်ဟက်ပက်ပက် အော်ရယ်ခွင့် မရှိတဲ့အခါ
ပင်ပန်းခဲ့တယ်။
ကျွန်မ စိတ်တိုင်းမကျတဲ့အချိန် ခပ်တိုးတိုး ဆဲဆိုခွင့်တောင် မရှိတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ နဲ့ လုံချည်က လိုက်ဖက်တယ်ဆိုပြီး ကျွန်မ ကြိုက်တဲ့ ဂျင်းဘောင်းဘီ ၀တ်ခွင့်မရှိတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ဆိုးချင်တဲ့ နှုတ်ခမ်းနီရဲရဲ ကို အမြင်ရိုင်းတယ်ဆိုတဲ့ မယူအဆ နဲ့ ဆိုးခွင့်မရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ စိတ်၀င်စားတဲ့ ယောကျ်ားလေးတစ်ယောက်ကို စိတ်ထဲ ရှိတဲ့အတိုင်း ပေါ်ပေါ်ထင်ထင် ငေးကြည့်ခွင့်မရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ မျက်နှာပေါ်က ၀က်ခြံကိုတောင် လက်နဲ့ စိတ်ရှိတိုင်း ညှစ်ခွင့်မရှိတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ကြိုက်တဲ့ အစားအစာတွေကို စားခွင့်မရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ရဲ့ ကိုယ်ခန္ဓာကို ၀က်ဖြစ်တော့မယ်လို့ သတိပေးခံရတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ ကိုယ်အလေးချိန်ကြောင့် ညစာ မစားပဲ နေဖို့ ဖိအားပေး ခံရတဲ့အခါ ပင်ပန်းခဲ့တယ်။
မိန်းကလေးဆိုတဲ့ ဘောင်လေးထဲမှာ အတင်းအကြပ် ရှင်သန်ခိုင်းတဲ့အခါ ပင်ပန်းခဲ့တယ်။
ကျွန်မ က သက်မဲ့အရုပ်လေး တစ်ရုပ် အဖြစ်နေပေးခဲ့ရဖူးတယ်။
အိုး… သူတပါး စိတ်ကြိုက် နေခဲ့ရတုန်းက သနားစရာကောင်းလိုက်တာ…။
သတင်းစာကို လက်မှာကိုင်ရင်း ကျွန်မရဲ့ လူငယ်ဘ၀ ကို နှမျောမိတယ်။
ဘာလို့များ ဆုံးဖြတ်ချက်တွေ နောက်ကျခဲ့တာလဲလို့ ကြိတ်မနိုင် ခဲမရ ဖြစ်ရတယ်။
လောကကြီး တစ်ခုလုံးက စွန့်လွှတ်လိုက်ပါစေ။
ကျွန်မ ပါးပေါ်မှာ လက်ချောင်းရာတွေ မထင်ပဲ စီးကရက် ကို တရား၀င် လက်ထဲထည့်ခွင့်ရပြီမို့
စိတ်ချမ်းသာနေပါပြီ။
.
ခုတလော အဆင်မပြေဘူး။
အလုပ် နှစ်ခု ပြောင်းပြီးပြီ။
လက်ထဲမှာ ပိုက်ဆံ သုံးထောင်ပဲ ရှိတော့တယ်။
ချွေတာ စားရင်တောင် သုံးရက်စာ စားလို့လောက်ပါ့မလား…။
အလုပ် တစ်ခု ထပ်ရှာရမှာပေါ့။
နောက်ကြောင်းတော့ ပြန်မလှည့်ဘူး။
အခု အနေအထား မှာ ကျွန်မ ပျော်နေပြီ။
ကျွန်မ မျက်နှာမှာ စိတ်ရှိတိုင်း ညှစ်ခွင့်ရှိတဲ့ ၀က်ခြံဖုတွေနဲ့ အမာရွတ်တွေ ရှိနေတယ်။
အရပ် ငါးပေ မပြည့်လာပေမယ့် ဒေါက်ဖိနပ် မစီးမိဘူး။
မဖြောင့်တာ ကြာပြီဖြစ်တဲ့ ဆံပင်တွေက ကောက်တွန့်မွဲခြောက်တဲ့ အနေအထား။
ကျွန်မ နှုတ်ခမ်းတွေက စီးကရက် စိတ်ကြိုက်သောက်လို့ ခရမ်းရောင်ဘက်ကို သမ်းတယ်။
ကျွန်မ မျက်လုံးတွေက အိပ်ရေးမ၀တော့ ရှည်မျောမျော။
ကျွန်မ လက်ဖ၀ါး တွေက အလုပ်ကြမ်းတွေကြောင့် ကြမ်းတမ်းလာတယ်။
ကျွန်မ စိတ်တိုတဲ့ တစ်ခါတလေ စိတ်ရှိတိုင်းပေါက်ကွဲပစ်လိုက်တာပဲ။
ကျွန်မ ကြိုက်တဲ့ ဂျင်းဘောင်းဘီ နှစ်ထည်နဲ့ ကျွန်မ အ၀တ်အစားဖက်ရှင် က ပြည့်စုံနေပြီ။
ကျွန်မ စားချင်တဲ့ လမ်းဘေး အစားအစာ အကုန်စားခွင့်ရနေပြီ။
ပေါင်ချိန် တစ်ရာရှစ်ဆယ်ဆိုတာ များလို့လား။
၀ိတ်ချဖို့တော့ အစီအစဥ်မရှိသေးဘူး။
ကျွန်မ မမောပဲ အလုပ်တွေ လုပ်နိုင်သေးတယ်လေ…။
ကျွန်မ ကိုယ်ခန္ဓာကို ကျွန်မ ချစ်နေတုန်းပဲ။
ကျွန်မ ကိုယ် ကျွန်မ ပိုင်တယ်ဆိုတဲ့ ခံစားချက်ကို ကျွန်မြတ်နိုးတယ်။
ကျွန်မ ပါးဖောင်းနေပေမဲ့ လက်ချောင်းရာတွေ ကင်းနေတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။
ကျွန်မ ဘ၀ ကျွန်မစိတ်ကြိုက်ပေါ့။
ကျွန်မ ပါးပေါ်ကို ဘယ်သူ့ လက်ချောင်းရာမှ ထပ်အရောက်မခံတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာ ကျွန်မ
နောင်တမရဘူး။
ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲ ကြမ်းတမ်းပါစေ။
ကျွန်မ မှန်ကြည့်တိုင်း စိတ်ချမ်းသာ နေတယ်။
လှောင်အိမ် တစ်ခုက လွတ်မြောက်လာခဲ့သူလို
ဘယ်တော့မှ လှောင်အိမ် ကို ပြန်မလွမ်းဘူး။
ကျွန်မ ကိုယ်ခန္ဓာကို ကျွန်မ စိတ်ကြိုက် ခြယ်လှယ်နေပေမဲ့။
ကျွန်မ ပါးပေါ်မှာ တစ်ချိန်ကလို လက်ချောင်းရာတွေ ရှိမလာတော့ဘူး။
ကျွန်မ ဘ၀မှာ လှောင်အိမ်ထဲက ထွက်လာတဲ့ အချိန်ကို ဂုဏ်အယူဆုံးပဲ။
တစ်စုံတစ်ယောက်ရဲ့ စိတ်တိုင်းကျ ရေးဆွဲလို့ရနေတဲ့ အရုပ်ခန္ဓာ မဟုတ်တော့ဘူး။
ကျွန်မ ကိုယ်ခန္ဓာသည် အမြဲတမ်း ကျွန်မပိုင် ဖြစ်နေမည်။
ကျွန်မ နှစ်သက်သလို စိတ်ကြိုက် ပုံဖော်မယ်။
ကျွန်မ ရဲ့ ရှင်သန်မှုသည် မိန်းကလေးဆိုတဲ့ ကန့်သတ်ဖိနှိပ်မှုကို ကျော်လွန်ပြီး ကျွန်မ စိတ်တိုင်းကျ ရွေးချယ်ထားသော ဘ၀မျိုး ဖြစ်ရမည်။