Feminist Literature Competition(4)

Featured Selection – WutYee .

“သမီးရေ…စာသင်မယ့်ကလေးတွေ ရောက်နေပြီနော်” “ဟုတ် အမေ” ကျွန်မလည်း ပြန်ဖြေရင်း နာရီကိုငုံ့ကြည့်လိုက်မိသည်။ “ဟုတ်သားပဲ…သုံးနာရီတောင်ထိုးနေပြီ။ ရုပ်ရှင်ပည့်နေတာနဲ့ သတိမထားမိလိုက်ဘူး” တစ်ယောက်တည်းရေရွတ်ရင်း စာအုပ်နဲ့ မှင်နီတစ်ချောင်းယူပြီး အိမ်ရှေ့ကိုထွက်လာခဲ့လိုက်သည်။ ကျွန်မသည် စာသင်နေသည်ဆိုသော်လည်း ဆရာမတစ်ယောက်တော့မဟုတ်…တက္ကသိုလ်ကျောင်းသူတစ်ဦးသာဖြစ်သည်။ နိုင်ငံရေးပြောင်းလဲမှုများကြောင့် ကျောင်းများပိတ်ထားသဖြင့် ကျွန်မတွင်အချိန်ပိုများစွာရှိနေလေသည်။ ထို့ကြောင့် အိမ်အနီးအနားမှကလေးများအား စာပြန်သင်ပေးခြင်းဖြစ်သည်။ “မင်္ဂလာပါဆရာမ” ကျွန်မကိုမြင်တော့ ကလေးများသည် သူတို့ပြောနေတာတွေကိုရပ်၍နှုတ်ဆက်ကြသည်။ “မင်္ဂလာပါကွယ်…ဘာအကြောင်းတွေပြောနေကြတာလဲ” “မနေ့က…သားတို့အတူတူကြည့်ခဲ့တဲ့ ကာတွန်းကားအကြောင်းပြောနေတာ ဆရာမ” “ဟုတ်လား…ဘာကားလဲ” “ကား နာမည်က…သေချာတော့မသိတော့ဘူးဆရာမ… ဒါပေမယ့် အဲဒီကားထဲက မင်းသားကအစပိုင်းမှာဝံပုလွေကြီး နောက်ဆုံးမှမင်းသားလေးဖြစ်သွားတာ” “ဪ… Beauty and The Beast လား” “ဟုတ်တယ်…ဟုတ်တယ် ဆရာမ” “ဆရာမရော အဲဒီကားကြည့်ဖူးလား” “ကြည့်ဖူးတာပေါ့…ဆရာမငယ်ငယ်လေးကတည်းက ကြည့်ဖူးတယ်” “ဆရာမ…သမီးမေးလို့ရလား” “မေးလေ…ဘာမေးမလို့လဲ” “အဲ့ကားမှာလေ…အစပိုင်းမှာ မင်းသမီးလေးက ကလေးမလေးတစ်ယောက်ကိုစာသင်ပေးတုန်းက လူတေါက ဘာလို့စိတ်ဆိုးကြတာလဲဆရာမ…ပြီးတော့ မင်းသမီးလေးကိုရော လူတွေကထူးဆန်းတဲ့သူလို့ဘာလို့ပြောကြတာလဲ” “အဲဒါကိုပြောပြရင် အကြာကြီးပြောရမှာ…စာမသင်လိုက်ရပဲနေမယ်” “ဆရာမကလဲ ပြောပြပါ… ပြောပြပါ ဆရာမရယ်” အားလုံးကအရမ်းသိချင်နေကြတဲ့ ပုံစံပေါက်နေသောကြောင့် ကျွန်မလဲဒီနေ့စာသင်ဖို့ကိုလက်လျှော့လိုက်သည်။ “ဟုတ်ပါပြီ…အဲဒါဆိုလဲ” “ဟိုးအရင်တုန်းကဆိုရင်လေ ဆရာမတို့မိန်းကလေးတွေမှာ စာသင်ခွင့်မရှိဘူး။ စာလဲဖတ်ခွင့်မရှိဘူး” “အဲဒါဆို ဆရာမ…သူတို့ဘာလုပ်ကြသလဲ” “အဲဒီတုန်းက မိန်းကလေးတွေက အိမ်အလုပ်တွေ၊ ပန်းကန်ဆေးတာတို့ ဟင်းချက်တာတို့ အဲဒါမျိုးတွေလုပ်ကြရတာ။ ပြီးတော့ မိန်းကလေးတွေက ယောကျ်ားလေးတွေလို ပြေးလွှားကစားတာတို့၊ သစ်ပင်ပေါ်တက်တာတို့တွေလည်း လုပ်လို့မရဘူး” “ဟင်း…မတရားလိုက်တာ” “ဟုတ်ပ…မတရားဘူးနော်” ကျွန်မလည်း ရယ်လျှက်ပြန်ဖြေလိုက်သည်။ “အာ့ဆို…ဆရာမ…သူတို့က စာမသင်ရတော့ ဘာအလုပ်လုပ်ကြလဲ” “အဲဒီတုန်းကမိန်းကလေးတွေက အလုပ်လည်းမလုပ်ရဘူး။ အသက်ကြီးလာရင် မိဘတွေက အိမ်ထောင်ချပေးပြီး တစ်သက်လုံးအိမ်အလုပ်ပဲလုပ်ရတာပေါ့” “တကယ်ကြီးလား…ဆရာမ” “တကယ်ပေါ့…တစ်ချို့နိုင်ငံတွေမှာ မိန်းကလေးကမဲပေးခွင့်မရှိတာတို့၊ တစ်ချို့နေရာတွေမှာဆိုရင်လေ မိန်းကလေးတွေက မီးဖိုချောင်နဲ့အခြားအဝတ်လျှော်တဲ့နေရာပဲသွားခွင့်ရှိတယ်…အိမ်ရဲ့ဧည့်ခန်းတွေထဲတောင်သွားလို့မရဘူး”မိန်းကလေးဖြစ်ရတာမကောင်းလိုက်တာ” ကျွန်မ၏ တပည့်မလေးတစ်ယောက်က ထပြောလေသည်။ ကျွန်မလည်းပြုံးလျှက် “မိန်းကလေးဖြစ်ရတာ မကောင်းတာမဟုတ်ပါဘူး၊ တကယ်တော့ မိန်းကလေးတွေကိုသာ ဖိနှိပ်ထားတဲ့ လူတွေ၊ စနစ်တွေကသာ မကောင်းတာပါသမီးရဲ့” ကျွန်မအဲလိုပြောလိုက်မှ တပည့်မလေးမျက်နှာပြန်လည်ဝင်းပသွားလေသည်။ “ဆရာမ အဲဒါဆို သမီးတို့ကအခု ဘာလို့စာသင်လို့ရနေတာလဲ၊ မေမေဆိုလဲ အလုပ်လုပ်နေတာပဲ” “ဘာလို့လဲဆိုတော့ ဆရာမတို့အရှေ့ကအာဂမိန်းကလေးတွေ၊ အမျိုးသမီးကြီးတွေက သူတို့ရဲ့ အသက်တွေရင်းပြီး မတရားမှုတွေကို တော်လှန်ပေးခဲ့ကြလို့ပေါ့… အဲ့ဒါအပြင် လူတွေရဲ့ ကဲ့ရဲ့မှုတွေ၊ အာဏာရှင်တွေရဲ့ ဖိနှိပ်မှဒတွေ၊ လူတွေရဲ့ အထင်သေးမှုတွေ အများကြီးကို ကြံ့ကြံ့ခံရင်း မိန်းကလေးတွေရသင့်တဲ့ အခွင့်အရေးတွေကို ခေတ်အဆက်ဆက်တောင်းဆိုလာလိုက်တာ အခုလိုမျိုး ဆရာမတို့တွေ အေးအေးဆေးဆေး စာသင်နေနိုင်တဲ့အထိပေါ့” “အဲဒါဆို ဆရာမ သမီးလည်း ကြီးလာရင် သူတို့လို အမျိုးသမီးဖြစ်အောင်ကြိုးစားပြီး အကျင့်မကောင်းတဲ့သူတွေကို ဆုံးမရမယ်” ကျွန်မတပည့်မလေးက ဆုံးဖြတ်ချက်အပြည့်အဝချပြိးတဲ့ မျက်နှာလေးနှင့်ကျွန်မကိုထိုသို့ပြောလာသောကြောင့် ကျွန်မလဲ ရယ်လိုက်မိသည်။ ချစ်စရာကောင်းသော ကျွန်မ၏တပည့်မလေးလို အနာဂါတ်မှာ တောက်ပလာမယ့်လူငယ်လေးများအတွက် ကျွန်မလည်း အများကြီးကြိုးစားရအုန်းမည်။ မတရားမှုတွေကိုတော်လှန်နေရပါဦးမည်။ ညစာစားပြီးစာလုပ်ရန်စာကြည့်စားပွဲသို့ ထိုင်မိချိန် စားပွဲပေါ်တွင်ထပ်ထားသော စာအုပ်များဆီသို့မျက်စိရောက်သွားသည်။ တစ်အုပ်မှာ ဆရာလင်္ကာရည်ကျော်၏ “ပန်းမာန်” ၊ ကျန်တစ်အုပ်မှာ အစ်မခင်နှင်းကြည်သာ၏ “ချစ်တဲ့သူကိုသတိရတဲ့အခါ”။ ဘာရယ်မဟုတ် နှစ်အုပ်တွဲမြင်လိုက်တော့ပြုံးမိလိုက်သည်။ ပန်းမာန်စာအုပ်ထဲက ခင်နွယ်စိုးလို၊ အပြင်လက်တွေ့ဘဝက အမ ခင်နှင်းကြည်သာတို့လို၊ ထို့ပြင်ကိုယ်ကျိုးစွန့်ပြီးအများအတွက် လုပ်ပေးနေကျတဲ့အမျိုးသမီးများအကြောင်းတွေးမိတော့ အလိုလိုပီတိဖြစ်လာမိသည်။ ထိုအမျိုးသမီးလေးများသည် မိန်းကလေးတွေက နုနယ်တယ်၊ ပျော့ညံ့တယ် စသဖြင့် ပတ်ဝန်းကျင်ကသတ်မှတ်ထားသော စံနှုန်းများကို ပျက်ရယ်ပြုခဲ့ကြသည့် စံထားစရာကောင်းသော အမျိုးသမီးလေးများဖြစ်ကြသည်။ ထိုသို့ ကျွန်မအတွေးနယ်ချဲ့နေချိန်တွင် ကျွန်မ၏ဖုန်းသံမြည်လာသည်။ “ဟယ်လို” “ဟယ်လို” တစ်ဖက်မှ ကျွန်မသူငယ်ချင်းချင်း၏ ပြန်ထူးသံကို ကြားရသည်။ “အေး….ခုနက ဖုန်းဆက်ထားတာတွေ့လို့” “ဪ…..ဘာမှတော့ထွေထွေထူးထူးမဟုတ်ပါဘူး။ ပျင်းတာနဲ့ စကားပြောရအောင် ဖုန်းဆက်လိုက်တာ၊ ခုန ဘာလုပ်နေတာလဲ ဖုန်းမကိုင်ပဲ” “အေးဟာ…ပန်းကန်ဆေးနေတာနဲ့ ဖုန်းသံမကြားလိုက်ဘူး” “ဪ…ငါက စာလုပ်နေတယ် ထင်နေတာ” “စာလုပ်နေတာပါဟာ… အမှန်က…အမေက ပန်းကန်လာဆေးဆိုတာနဲ့ ဆေးနေတာ” “နင်က စာလုပ်နေတာကို နင့်အကိုတွေက ဘာလုပ်နေလို့လဲ သူတို့ကိုမခိုင်းဘူးလား” “ဂိမ်းဆော့နေကြတယ်။ ငါလည်း လုပ်ခိုင်းဖို့ပြောတာပဲ။ အဲ့ဒါကို ငါ့အမေက မိန်းကလေးအလုပ်တွေကို ဘာလို့လုပ်ခိုင်းရမှာလဲတဲ့၊ ငါလည်း ရှင်းပြနေရတာများတော့ မပြောချင်တော့ပါဘူး” “အဲ့ဒါဆို နင့်အကိုကို နင်ကိုယ်တိုင်ပြောလိုက်လေ” “ပြောတာပဲ… သူကလည်းငယ်ငယ်ကတည်းက ဒီလိုပဲနေလာတာဆိုတော့ မိန်းကလေးအလုပ်တွေ ဘာလုပ်လို့ရမှာလဲပဲ ပြန်ပြောတယ်” “အေးနော်… မိဘတွေကိုယ်တိုင်က အဲ့လိုဆိုတော့ ငါတို့လည်းဘာမှပြောလို့မရဘူး။ ထားပါ တခြားအကြောင်းပြောမယ်” “သြော… ဒါနဲ့ နင် − ပေါ်က ဆရာဝန်မလေးအကြောင်း တွေ့လိုက်သေးလား” ကျွန်မ ခဏ ပြန်စဥ်းစားလိုက်ပြီးမှ “ဪ…တွေ့လိုက်တယ်၊ အလုပ်ကထွက်ပြီး နယ်ဘက်တွေမှာ လိုအပ်တဲ့သူတွေကို ကူညီပေးနေတဲ့ အမ မလား” “အင်း…ဟုတ်တယ် လေးစားဖို့ကောင်းတယ်နော်။ အခုလိုအခြေအနေမျိူးတွေမှာ အာဏာရှင်တွေကို တော်လှန်ရင်း အများအတွက်ပါ လုပ်ပေးနေနိုင်တာ” “ဟုတ်ပ…ပြီးတော့ အမ ကြယ်စင်တို့လို မိန်းကလေးတွေကလဲ အသက်နဲ့ရင်းပြီး တော်လှန်ခဲ့ကြတယ်။ ခုလည်း တော်လှန်နေကြတုန်းပါပဲ” “အင်း…ဟုတ်တယ်။ ဆန္ဒပြတော့လည်း မိန်းကလေးတွေအများကြီး ထွက်လာကြတယ်။ ပြီးတော့ ဒိုင်းကိုင်ပြီး ရှေ့တန်းက ကာကွယ်တော့လည်း မိန်းကလေးတွေပါတာပဲ။ ငါတို့ မိန်းကလေးတွေ အရင်ကလိုမဟုတ်တော့ပဲ မတရားတာတွေကို ရဲရဲဝင့်ဝင့်တော်လှန်နေပြီ၊ နောက်ထပ်လည်းပိုတော်လှန်နေကြဦးမှာပဲ” “ငါတို့ရောပဲပေါ့” ထိုသို့ပြောပြီး ကျွန်မတို့ နှစ်ယောက်လုံးပြိုင်တူရယ်လိုက်မိသည်။ “ကျန်တာ နောက်မှဆက်ပြောရအောင် ငါ့အမေခေါ်နေလို့” “အင်း…အင်း…. အာ့ဆိုဒါပဲနော်” တစ်ဖက်မှ ကျွန်မသူငယ်ချင်း ဖုန်းချသွားသည်။ ကျွန်မလည်း အတွေးတွေနဲ့ တစ်ယောက်ထဲ ကျန်ခဲ့ပြန်တယ်။ “ယောကျ်ားကြီးဖြစ်ပြီး ဘာလို့ငိုနေတာလဲ မိန်းမလိုမိန်းမရနဲ့” “မိန်းကလေးဖြစ်ပြီး ပြောတာဆိုတာ နေတာထိုင်တာ ကြမ်းတမ်းလိုက်တာ” “မိန်းကလေးဖြစ်ပြီး အိမ်အလုပ်လေးတောင်မလုပ်တတ်ဘူး” “အိမ်က အကြီးကောင်ကတော့ ဉာဏ်ပြေးတယ်၊ သမီးအငယ်လေးကတော့ မိန်းကလေးမို့လို့ထင်တယ် ဉာဏ်သိပ်မကောင်းဘူး”၊ “မိန်းကလေးဖြစ်ပြီး စည်းကမ်းမရှိဘူး”၊ “စကားကို ကပ်သပ်ပြီး ပြောနေလိုက်တာ မိန်းမကြီးကျနေတာပဲ” ထိုသို့သောစကားများကို မိန်းကလေးများ၊ အမျိုးသမီးများ၊ အမေများ ကိုယ်တိုင်သုံးနှုန်းပြောဆိုနေကြသည်ကို တွေ့ရတာ ကျွန်မဝမ်းနည်းမိတယ်။ ဒါပေမယ့် သူတို့ကို အပြစ်မဆိုရက်ပါ။ သူတို့ကိုယ်တိုင်လည်း ထိုသို့ပြောဆိုခံရပြီး ကြီးပြင်းလာခဲ့ကြတာပင်ဖြစ်သည်။ ဒါပေမယ့် သူတို့ကိုအပြစ်မဆိုရက်ပါ သူတို့ကိုယ်တိုင်လည်း ထို့သို့ပြောဆိုခံရပြီး ကြီးပြင်းလာခဲ့ကြတာပင်ဖြစ်သည်။ ကျွန်မတို့တွေဟာ တစ်စုံတစ်ယောက်အတွက်၊ တစ်စုံတစ်ယောက်ရဲ့ မမျှတတဲ့စံနှုန်းတွေ၊ တစ်စုံတစ်ယောက်ဖန်တီးထားတဲ့ တရားမျှတမှုမရှိတဲ့ စနစ်တွေအတွက် မွေးဖွားလာရခြင်း မဟုတ်တာကို မိန်းကလေးတိုင်း၊ လူသားတိုင်းကို သဘောပေါက်စေချင်မိတယ်။ အဲ့လို လူတိုင်းသဘောပေါက်အောင်လည်း ကျွန်မတို့တွေက အမြဲတမ်းကိုယ့်ကိုယ်ကိုချစ်ရင်း၊ မတရားမှုတွေကို အတူတူတွန်းလှန်ကြရင်း ကောင်းမွန်တဲ့အရာတွေအတွက် အခွင့်အရေးတွေအတွက် အမြဲကြိုးစားနေကြမှာပါ။ ကမ္ဘာကြီးရဲ့နေရာတိုင်းမှာရှိနေကြတဲ့ အမျိုးသမီးတိုင်းက တရားမမျှတမှုများကို အမြဲတွန်းလှန်ရင်း ရှင်သန်နေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ စာရေးသူ − ဝတ်ရည်