လူ့ဘဝကား ဆန်းကြယ်လှသည်။ ကျား/မ ဟူသော ဆောင်ပုဒ်ကို မည်သူက မည်သည့်အတွက် ဖွဲ့စည်းခဲ့သည်ကို ကျွန်တော်မသိပါ။ သို့သော် လုပ်ခဲ့သူသည် လွန်စွာ မျှတသည်။ တွေးတော၍ အတွေးနှောသူများသာ မမျှတပေ။ ဥပမာ ဆိုကြပါစို့ “အားနွဲ့သော မိန်းကလေး” ဟူသည့်

စကားပုံသည် ဣတ္ထိယတို့အတွက် လုံးဝ မလိုက်ဖက်ပေ။ သို့သော် အားနွဲ့စေတတ်သော မိန်းကလေးဟု ခေါ်ဆိုပါက လက်ခံနိုင်စဖွယ်ရှိသည်။

ဘဝ၏ ပထမဆုံးကျောင်းသည် အိမ်ဖြစ်သည် ဆိုသည့် စကားသည် လွန်စွာမှန်သည်။ ကျွန်နိုပ်တို့ ပြုမူနေသော အကျင့် နှင့် စရိုက်များသည် ငယ်စဉ်က အိမ်က ရိုက်သွင်းလိုက်သော ကောင်းခြင်း ဆိုးခြင်းများ ရောထွေးနေသည်။ ထိုထဲကမှ တစ်ခုသည် ယခုအခါ ကျွန်တော့်ကို အမှတ်ရစေသည်။

ကျွန်တော်အမေ့ကို လွန်စွာချစ်သည်။ သားသမီးတိုင်းချစ်ကြမည်။ အထွေးဆုံး သားဖြစ်သည့်အလျောက် အမေနှင့်တူတူ အိပ်ရမှ အိပ်သလို ခံစားရသည်။ အမေ့ရင်ခွင်ထဲ တိုးဝေ့မှ နွေးထွေးသည်ဟု ခံစားရသည်။ အမေ့လက်က ထွေးပိုက်ထားမှ လုံခြုံသလို ခံစားရသည်။ အမေချက်ကျွေးသည့် အမေ့လက်ရာကိုမှ အန္တရာယ်ကင်းသည့် အစာဟု မှတ်ယူတတ်သည်။ အမေခွံ့ကျွေးမှ အရသာရှိသိဟု ခံစားမိသည်။

ဤ အခွင့်အရေးများသည် တစ်လလျှင် (၅) ရက်ခန့် ကျွန်တော် ဆုံးရှုံးရလေ့ရှိသည်။ ထိုအခါ ကျွန်တော်သည် အဖွားအိမ်သို့ သွားကာ နေလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်အား ရင်ခွင်တစ်ခု လိုအပ်သည်…. အရွယ်နုနယ်သေးသည်မဟုတ်လား…

အမေ ရာသီလာနေသည်…….

အမေ့မျက်နှာ မချိုမချဉ်နှင့် ခံစားနေရသည်။ ခါးအောင့်သလိုလို ဗိုက်အောင့်သလိုလိုနှင့် သူ့မျက်နှာ မအီမသာသလို တွေ့မြင်နေရသည်။ အရည်ကုန်၍ စွန့်ပြစ်ထားသော သံပရာသီးအခွံပုံစံ ရှုံ့တွနေသည့် အမေ့မျက်နှာကိုကြည့်ပြိး ကျွန်တော် စိတ်မကောင်းပါ။ အမေ့အား သွားရောက် ဖေးမချင်သည်။ အမေဘာဖြစ်တာလည်းဟု အမေ့မျက်နှာက ချွေးသုတ်ရင်း မေးချင်သည်။ အမေ့နာကျင်မှုကို မျှဝေချင်သည်။ သို့သော် ထုံးတမ်းနွံ့အိုင်ထဲတွင် နစ်မြုပ်ကာ အမြင်တိမ်နေသော ကျွန်တော့်အဖို့ ဤအခွင့်အရေးမရခဲ့ပါ။ အစွန်ဆုံး ဆိုရသော အမေ့နာကျင်မှုကို မျှဝေ မယူနိုင်ခဲ့ပါ။

သာမာန်အချိန်တွင် အမေ ဘာဖြစ်တာလည်းဟု မေးလျှင် နင်မိန်းမရမှ သိမယ်ဟူသော် အမေ့ဆင်ခြေသည် ကျွန်တော် အမြင်ကို ထုံကျင်စေခဲ့သည်။

ဟိန္ဒူဘာသာဝင်ဖြစ်သည့်အလျောက် စနေနေ့တိုင်း ဘုရားကျောင်းသွားကြသည်။ မနက်စောစော ရေမိုးချိုးကာ လက်တစ်ဖက်တွင် ဖယောင်းတိုင် နှင့် လက်တစ်ဖက်တွက် ဘုရားပန်းကိုင်ထားသည်။ အမေ မနေ့ညကတည်းက ပြင်ဆင်ထားခြင်းဖြစ်သည်။ သို့သော် ညက ရုတ်တရက် ကျွန်တော် နိုးသည့်အချိန် အမေကြမ်းပြင်ပေါတွင် အိပ်နေသည်။ နိုးမရသဖြင့် ကျွန်တော်မနိုးခဲ့ပါ။

မနေ့က အဆင်သင့် ပြုလုပ်ထားသည့် အမေ ယနေ့မနက်တွက် “ ငါမသွားတော့ဘူး မင်းပဲသွား” ဟု ပြောဆိုလာသည်။ ကျွန်တော် အံ့ဩမိသည်။ ညတစ်ခုက အမေ့ဆန္ဒကို အဘယ်သို့ ဝါးမြိုပစ်သနည်း? အမှောင်ချ၍ ဘုရားကျောင်းသွားမည့် ကိစ္စကိုပင် ရပ်တန့်သွားနိုင်လောက်အောင် အကြောင်းပြချက် မည်မျှ ခိုင်မာနေသနည်း? မေးခွန်းပေါင်းများစွား ထွန်းညှိ၍ ဘုရားကျောင်းမှ လေးပင်စွာ ကျွန်တော် ပြန်ခဲ့သည်။ နောက်မှ သိလိုက်ရသည် အမေ ရာသီလာနေသည်။

ဆောင်းပါးရှင် – ကိုဟိန်း

#MensturationIsNotShameful #PeriodIsPowerful #PurpleFeministsGroup