ရာသီလာတယ်ဆိုတာကို ဘယ်တုန်းကမှထွေထွေထူးထူးမတွေးခဲ့မိဖူးဘူး။ တစ်ခုပဲ။ ငယ်ငယ်က ညဘက် အပေါ့ထသွားရင်း သွေးစဆင်းတော့ pad စခံရတယ်။ အဲ့တုန်းကအိမ်သာထဲမှာ ငါတစ်သက်လုံးနေ့တိုင်းဒီ pad ကြီးအတွင်းခံမှာ၀တ်ရတော့မှာပဲဆိုပြီး မှားတွေးပြီးငိုဖူးတယ်။ အဲ့ရယ်စရာလေးတော့မှတ်မိတယ်။



နောက်ပိုင်းတော့ ကိုယ်ကကံကောင်းတဲ့သူတွေထဲမှာပါပြီး ရာသီလာရင်စိတ်ပြောင်းလဲတာ၊ ၀က်ခြဲတွေပြုံထွက်တာ၊ ဗိုက်အောင့်တာတွေသိပ်မဖြစ်တော့ ရာသီလာတယ်ဆိုစိတ်ထဲသိပ်မထားဘူး။ တခါတလေ ကသိကအောက်ဖြစ်တာတော့ရှိတာပေါ့လေ။

၂၀၁၈၊ ခရီး ၂လလောက်ကြာအောင်သွားပြီး အိမ်ပြန်ရောက်တဲ့အခါ ၆လလောက်ရာသီမလာတော့ဘူး။ အစကတော့ အော်ဖြစ်တတ်ပါတယ်၊ ဖြစ်တတ်ပါတယ်နဲ့ ဆေးသွားမစစစ်တာ ၆လလောက်ကြာသွားတယ်။

ဆေးခန်းသွားပြတော့ vaginal ultrasound ရိုက်ရမယ်၊ သားအိမ်ထဲ အလုံးဖြစ်နိုင်တယ်ပြောတယ်။ ဆေးရုံမှာ ကိုယ်၀န်သည်တွေကြား သေးပေါက်ချင်တာအောင့်ရင်း ultrasound ရိုက်ဖို့စောင့်တော့ တော်တော်ကြောက်နေမိတာ။ အလုံးသာရှိရင်ခွဲရမှာ၊ ဓားအောက်၀င်ရမှာကြောက်တယ်လေ။ အဖြေထွက်လာတော့ ခန္ဓာကိုယ်က၀တဲ့အတွက် ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပြီး သွေးမဆင်းတာလို့သိရတယ်။

ဆေးသောက်ရတယ် ၂ပတ်လောက်။ ဆေးသောက်ပြီး ရာသီမလာရင်ဆေးထက်စစ်ရမယ်ဆိုလို့ ရာသီလာပါစေ ၂ပတ်လုံးဆုတောင်းလိုက်ရတာဆိုတာ။ တော်သေးတယ် ဆေးသောက်တာပြည့်သွားတော့ ပြန်လာတယ်။ အခုထိမှန်နေတုန်းပဲ။ ဒါကြောင့် ရာသီလာရင်ငါကျန်းမာတယ်ဆိုတဲ့စိတ်နဲ့ ပျော်တယ်။

အဲ့လိုပျော်တဲ့နောက်ပိုင်း စဉ်းစားမိတာကတော့ Period walk of shame ပဲ။ Period walk of shame ဆိုတာ ရာသီလာတဲ့အခါ ရှိုးတိုးရှန်းတန်းနဲ့ Pad တွေ၊ tampon တွေ လူမမြင်အောင်ဖွက်ပြီးအိမ်သာပြေးရတာကို ဆိုလိုချင်တာပါ။ ဒါ့အပြင် သွေးဆင်းဖို့အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၀ယ်တဲ့အခါ ကြွပ်ကြွပ်အိတ်အမည်းတွေနဲ့ တကမ္ဘာလုံးကလူတွေမြင်သွားရင်ပဲ အဆိပ်သင့်သွားမလိုလို ပုန်းလျှိုးကွယ်လျှိုး ၀ယ်ရတာတွေ၊ အဲ့ပစ္စည်းတွေကို လူမမြင်အောင် ဖွက်နည်းပေါင်းစုံနဲ့ဖွက်ရတာတွေကိုလည်းပြောချင်တာ။

အရင်ကတော့ အဲ့လိုပဲသင်ထားတော့ ကိုယ့်ဘေးကလူတွေလည်းအဲ့လိုပဲလုပ်တော့ မှန်လား မှားလားသိပ်မစဉ်းစားဘူး၊ လိုက်လုပ်လိုက်တယ်။ ကိုယ့်ကိုင်ထားတဲ့ Pad tampon တွေ လူမြင်ရင်ရှက်သေတော့မလိုလိုနဲ့။ ကျွန်မနေခဲ့တာ မိန်းကလေးကျောင်း။ တစ်ကျောင်းလုံး ဆရာမတွေလည်းမိန်းမ၊ ကျောင်းသူတွေလည်းမိန်းမ။ အဲ့လို လတိုင်းခန္ဓာကိုယ်ကသွေးယိုတဲ့လူတွေချည်းစုထားတဲ့နေရာမှာတောင်မှ စာသင်ခန်းထဲကနေ ထမီထဲ pad ကိုလုံးထည့်ပြီးအိမ်သာပြေးရတာ လူတိုင်းပဲ။

အဲ့လို မခို့တရို့ပြေးနေတဲ့သူမြင်ရင် အော်သူသွေးဆင်းလို့ပါလားဆိုတာလူတိုင်းသိတယ်။ သိသိချည်းနဲ့ ရှက်ပြနေရတာ။ ပွင့်ပွင့်လင်းလင်းကိုင်သွားတဲ့သူကပဲ အရှက်မရှိသလိုလို၊ ပရန်းပတာနိုင်သလိုလို။

တကယ်စဉ်းစားကြည့်ရင် သဘာ၀တရားရဲ့ဖြစ်စဉ်၊ မိန်းမဖြစ်ပြီဆိုတာနဲ့ ဖြစ်တတ်တဲ့ဖြစ်စဉ်တစ်ခုကိုလူတိုင်းသိရဲ့သားနဲ့ ကျွန်မတို့ကိုရှက်တတ်အောင်ဘာလို့ လက်ဆင့်ကန်းသင်ထားကြလည်းနားမလည်နိုင်ဘူးဖြစ်လာတယ်။ အအေးမိလို့ဆေးသောက်ရင် ပုန်းပြီးမသောက်သလို ရာသီလာတာလည်း ပုန်းပြီး ဖြေရှင်းစရာမလိုဘူးထင်တယ်။

အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုကို သိမ်ငယ်အောင် သေးငယ်အောင် လုပ်ထားတဲ့အလေ့အထလို့ထင်မိတယ်။ ကိုယ့်မှာ အရိုးဆွဲနေရင် ဘာလို့ငါဒီလိုလုပ်နေလဲဆိုတာမစဉ်းစားမိဘူး၊ လိုက်မလုပ်တဲ့လူကိုပဲအရူးလို့ထင်မိတယ်။ သင်ထားပေးတဲ့ အရှက်လှောင်အိမ်ကနေဖောက်တွေးဖို့ အချိန်ပေးရတယ်။

ကျွန်မကတော့ အခု period walk of shame လုံး၀မလုပ်ဘူးဆုံးဖြတ်ထားတယ်။ အခု အိမ်က အိမ်သာတွေမှာ pad tampon တွေထည့်ထားတယ်။ သွေးဆင်းပြီဆို အပြင်ပြေးပြီးသွားယူစရာမလိုဘူး၊ တန်းခံရုံပဲ။ ရုံးက အိမ်သာထဲမှာလည်းထည့်ထားတယ်။ ရုံးမှာက ကိုယ့်ရယ် ကိုယ့်လူကြီး ယောက်ျားလေးရယ်ပဲရှိတာများတော့ သင့်တော်ပါ့မလားတွေးမိတယ်။ သူတောင် ဘာမှမပြောတာ ကိုယ်ကဘာလို့ self-censorship လုပ်ရမှာလည်းပြန်တွေးပြီး ထည့်တယ်။ ဘွင်းဘွင်းပဲ။

ပြီးတော့ အလုပ်လုပ်၊ အလုပ်ရှုပ်နေတဲ့အချိန်မှာ period walk of shame ကိုအချိန်မပေးနိုင်ဘူး။ အဆင်ပြေဖို့ convenience ကိုပဲအချိန်ပေးတော့တယ်။ နောက်တစ်ခုက ရာသီလာပြီဆို ကျွန်မအခုပျော်တယ်။ ကိုယ်ကျန်းမာတယ်ဆိုတာကို သိရတာပေါ့။ ကိုယ်ပျော်တဲ့အရာတောင် ပုန်းလျှိုးကွယ်လျှိုးပျော်ရမယ်ဆို မဟုတ်သေးတဲ့အတွက် period walk of shame လုပ်ပါဆို နိုးပဲပြောပါရစေ။

ဆောင်းပါးရှင် – ဖူးမြတ်သွယ်

#MensturationIsNotShameful #PeriodIsPowerful #PurpleFeministsGroup