ကျွန်မ ရာသီစလာတဲ့နေ့က မှတ်မှတ်ရရ နာဂစ်မုန်တိုင်းမတိုက်ခင်တစ်ရက်။ အဲ့တုန်းက ကျွန်မရဲ့ မိန်းမတစ်ယောက်အဖြစ် ဖြစ်တည်မှုဟာ သိပ်လွယ်ကူအေးချမ်းနေမှာမဟုတ်တဲ့ ရှေ့ပြေးနမိတ်ပုံတစ်ခုလို့ ကျွန်မတွေးမိတယ်။



ကျွန်မနေထိုင်ရာ မြန်မာပြည်ကြီးမှာ အရှက်တရားနဲ့ယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်တွေအောက်မှာ မိန်းမတွေရဲ့ လူသားဆန်မှုတွေဟာဖိနှိပ်ခံထားကြရတယ်။

ကာလကြာရှည် ရှက်စရာ နှိမ့်ကျခြင်းတစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့အထဲမှာ ရာသီလာခြင်းကတစ်ခုအပါအဝင်ပါ။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းလို့ဆိုတဲ့နေရာမှာ အသိညဏ်တိုးပွားလာတာနဲ့အမျှ ပယ်သင့်တာကိုပယ် ထိန်းသင့်တာကိုထိန်းရမယ်လို့တော့ ကျွန်မ ယုံကြည်တယ်။

ဒီလို ရှက်ရွံ့မှုတွေကြောင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခြင်းမရှိလို့ ရလာနိုင်မယ့် ဆိုးကျိုးတွေကအများကြီးရှိပါတယ်။ ရာသီလာခြင်းအကြောင်းအရာက မိန်းကလေးတွေရဲ့ မျိုးဆက်ပွား ကျန်မာရေးအတွက်အခြေခံအကျဆုံးနေရာက ပါဝင်ပါတယ်။ ဒီလိုရာသီလာတာနဲ့ ပတ်သက်တဲ့ Campaign တွေလုပ်တာက မယောင်ရာဆီလူးတယ်လို့ထင်ရင် မှားပါလိမ့်မယ်။

အစိုးရဆေးရုံမှာ တာဝန်ထမ်းဆောင်နေရတဲ့လူမို့ အမျိုးသမီးတွေနဲ့ လက်ပွန်းတတီးနေရပါတယ်။ သူတို့အသံတွေပိုကြားရပါတယ်။ ကျန်းမာရေးဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်မချရဲတဲ့သူတွေလည်းရှိကြပါတယ်။

ကျွန်မ ကြားဖူးတဲ့ quotes တစ်ခုထဲကလို မိန်းမတွေရဲ့ခန္ဓာကိုယ်ကို ငယ်စဉ်မှာ အမေကပိုင်ပြီး အရွယ်ရလာတော့ ယောကျာ်းကပိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံထားတဲ့ အမျိုးသမီးတွေအများကြီးရှိပါသေးတယ်။ တစ်ချို့ဆို ကိုယ့်ရဲ့ယောနိဟာ ဘယ်လိုဘယ်ပုံရှိတယ်ဆိုတာတောင် ကောင်းကောင်းမသိကြပါဘူး။

ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်လို့အသိပညာပေးဖို့ရာအတွက် ရာသီလာတဲ့ကိစ္စကနေစပြီး ပြောရပါလိမ့်မယ်။ တကယ်တမ်းကျွန်မတို့လှုပ်ရှားမှုတွေက သတင်းအချက်အလက်ရောက်ရှိဖို့ ခက်ခဲတဲ့ကျေးလတ်နေ အမျိုးသမီးတွေ၊လှုပ်ရှားရုန်ကန်ရှင်သန်နေရလို့ စာဖတ်ချိန် Internet သုံးချိန်မရှိတဲ့အခြေခံလူတန်းစားအမျိုးသမီးတွေအတွက်ဆက်သွားနေရဦးမှာပါ။

ဒါ့ကြောင့်ကျွန်မတို့ရဲ့အသံတွေကိုရပ်ပစ်လို့မရပါဘူး။
Social media ကနေတဆင့် ဟိုးအစွန်အဖျားအထိမရောက်နိုင်ဘူးဆိုပေမဲ့ သတင်းအချက်အလက်တွေက တစ်ဆင့်ဆင့် ပြန့်ပွားဖို့အတွက် ဒီ campaign တွေကိုရပ်ပစ်လို့မရပါဘူး။

တစ်နေ့က စာလေးတစ်ခုဖတ်လိုက်ရတယ်။ သဘာဝကသဘာဝ၊ ရွံစရာကရွံစရာပဲ။ အီးပါတာ သဘာဝဆိုပေမဲ့ ရွံစရာဟာ ရွံ့စရာပဲလို့ ရာသီလာတာကို အီးပါတာနဲ့ခိုင်းနှိုင်းထားတာလေးတွေရတယ်။ ရာသီသွေးဆိုတာ မစင်လို ပိုးမွှားတွေပြည့်နေတဲ့ စွန့်ပစ်ပစ္စည်းမဟုတ်ပါဘူး။ သန္ဓေသားလေးအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ပေးထားတဲ့ အာဟာရပြည့်တဲ့သွေးသန့်တွေပါ။

Pad ထဲမှာခံထားရင် ကြာလာလို့အနံ့အသက်ထွက်တာနဲ့ ထင်ယောင်ထင်မှားဖြစ်နေကြတာပါ။ တကယ်တမ်းရာသီသွေးကို ခွက်နဲ့ခံထားကြည့်ရင် ဘာအနံ့အသက်မှမရှိတာတွေ့ရပါလိမ့်မယ်။ မှန်ပါတယ်။ သွေးဆိုတဲ့အရာကတော့ရောဂါကူးဆက်နိုင်တဲ့ ကြားခံနယ်ဖြစ်တဲ့အတွက် ထိခိုက်မိလို့ ထွက်တဲ့သွေးကို ဆေးကြောသန့်စင်ပေးဖို့လိုသလို ရာသီသွေးကိုလည်း သန့်ရှင်းမှုရှိအောင်ထားဖို့လိုတာပေါ့။ သို့သော် ရာသီလာတယ်ဆိုတာ အတိအကျခန့်မှန်းလို့ရတဲ့အရာမဟုတ်တဲ့အတွက် မတော်တဆစွန်းပေးသွားတာမျိုး ကိုရှက်စရာ၊ရွံ့စရာတစ်ခုအနေနဲ့ မြင်စရာမလိုဘူးလို့ထင်ပါတယ်။

ကျွန်မကတော့ ပြောစရာရှိတာတွေ ဆက်ပြီးပြောနေရဦးမှာပါပဲ။

ဆောင်းပါးရှင် – ဖေွး

#MensturationIsNotShameful #PeriodIsPowerful #DignifiedMenstruation #PurpleFeministsGroup