ရာသီသွေးလာတာရှက်စရာမဟုတ်ပါ။ ကျွန်တော်တို့လူအသိုင်းအဝိုင်းမှာ ရာသီသွေးလာတာ ရှက်စရာလို့ မြင်ကြတဲ့ လူတစ်ချို့ ရှိကြသေးတယ်ဗျ။ လူ့အသိုင်းအဝိုင်းဆိုတော့ လူကြီး၊ လူငယ်၊ ကျား၊မ အကုန်ပါတာပေါ့ဗျာ။



ရာသီသွေးလာတာဟာရှက်စရာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့လိုအခုခေတ်လူငယ်တွေ လက်ခံကြတယ်၊ မရှက်ကြဘူး။ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုလို့ပဲမြင်ကြမယ်ထင်မိပါတယ်။ ဒါပေမဲ့ ရာသီသွေးလာတာကိုလက်မခံကြသေးတဲ့တစ်ချို့ချို့သောလူငယ်လေးတွေလည်းရှိသေးတယ်ဗျ။

မကြာသေးပါဘူးတစ်ပတ်လောက်ပဲရှိအုံးမယ်ထင်တယ်။ ကျွန်တော်လည်း တစ်ယောက်ထဲ လက်ဖက်ရည်ဆိုင်ထိုင်နေရင်းပေါ့ ကောင်မလေးတစ်ယောက်ရှက်ကိုးရှက်ကန်းနဲ့ ထွက်သွားတာပေါ့…

အဲ့တာကို ဘေးကကောင်လေးအုပ်စုတစ်စုက.. မနှစ်မြို့သလိုလို လှောင်သလိုလိုနဲ့ ကြည့်ကြ စနောက်တာကိုတွေ့လိုက်တယ်။ ကောင်မလေးဘာဖြစ်လို့လည်းပေါ့ဗျ။

သေချာကြည့်လိုက်မှ ကောင်မလေးက ဆံပင်ဘုတ်သိုက်နဲ့ အမဲရောင်ကြွတ်ကြွတ်အိတ်လေးကိုကိုင်ပြီး ရှက်ကိုးရှက်ကန်းနဲ့ဗျာ။ ကောင်လေးတွေကလည်း စနောက်ရင်းနဲ့ကျန်ခဲ့တာပေါ့ဗျာ။

ညီမလေး ဘာလို့ရှက်သွားတာလဲ…

ဒီကိစ္စကရှက်စရာမဟုတ်ဘူးလေ။
သဘာဝကပေးတဲ့ အရာတစ်ခုပါ။
ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။

ညီမလေးလို နာကျင်မှုတွေကို သူတို့ခံစားနိုင်မှာမဟုတ်ဘူး။
စိတ်အလိုမကျရှိတာတွေကိုလည်း ခံစားနိုင်မှာမဟုတ်ဘူးလေ။
ညီမလေးမရှက်ပဲ ဂုဏ်ယူပြီးလျှောက်လှမ်းရမှာ။

ညီလေးတို့ကရော ဘာလို့လှောင်ကြတာလဲ…

ဒီကိစ္စဟာ လှောင်စရာမဟုတ်ဘူး ညီလေး
မနှစ်မြို့စရာလည်း မဟုတ်ဘူး။
ဒါဟာလစဉ် ပုံမှန်ဖြစ်တဲ့ ကိစ္စတစ်ခုပါ။
ညီလေးတို့လှောင်စရာမဟုတ်ပါဘူး။

ညီမလေးတို့မရှက်ပါနဲ့…ဂုဏ်ယူလိုက်စမ်းပါ။

ညီလေးတို့မလှောင်ပါနဲ့…ရာသီလာတယ်ဆိုတာဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။

ဆောင်းပါးရှင် – စည်သူအောင်