တစ်ကမ္ဘာလုံးရဲ့လူဦးရေတစ်၀က်လောက်တစ်နှစ်ကို ၁၂ ခါဖြစ်နေကျတဲ့ Period, Menstruation (ရာသီလာတယ်) ဆိုတာက ညစ်ညမ်းတယ်၊ ဘုန်းနိမ့်တယ်၊ လာဘ်ပိတ်တယ် လို့ပြောမယ်ဆိုရင် ရာသီလာတဲ့ဖြစ်စဉ် ကိုအခြေပြုလို့မွေးဖွားလာတဲ့ ကျွန်တော်တို့က ပိုလို့တောင် ညစ်ညမ်းတယ်၊ ဘုန်းကံနိမ့်ပါးတယ်၊ လာဘ်လာဘတွေကင်းမဲ့ကြတယ်။




ကျွန်တော့် အနေနဲ့ ရာသီလာတာကို ဘာသာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး ဆိုပြီးမှ မတူညီတဲ့ရှု့ထောင့်အမျိုးမျိုးနဲ့ လေ့လာခွင့်ရခဲ့တယ်။ ဒီနေရာမှာ လူတွေကိုထိန်းချူပ်လို့ကောင်းပြီး လွယ်ကူသိမ်မွေ့တဲ့ စိတ်လက်နက် တစ်ခုဖြစ်တဲ့ ဘာသာရေးရှု့ထောင့်ကနေ ပြီးပြောချင်တာပါ။

ရှေးကတည်းက လက်ခံကျင့်သုံးလာတဲ့အဆိုအပြုတွေမှာ အကြောက်တရားကို အ‌ခြေခံပြီးရာသီလာတာနဲ့ပတ်သက်လို့ အလွန်အကျူး တင်းကျပ်တဲ့ ခွဲခြားဆက်ဆံမှုတွေ ဖော်ပြထားတာ‌ကို ဘာသာရေးသွန်သင်မှုအချို့မှာတွေ့ရပါတယ်။ အချိန်ကာလ အပိုင်းအခြားတွေအရ ရာသီလာစဉ် နေထိုင်ရန် လိုအပ်သလို စည်းကမ်းချက်တွေ ရေးသားခဲ့ပေမယ့် အမျိုးသမီးတွေဟာ ရာသီလာရင် ဘုန်းနိမ့်ကြတယ်။ လာဘ်လာဘ ကင်းမဲ့ကြတယ်။ ရာသီလာတယ်ဆိုတာ ယုတ်ညံ့တဲ့အရာဖြစ်တယ်ဆိုတာကိုတော့ တညီတညွတ်တည်း အလုအယက် ရေးသားဖော်ပြခဲ့ကြပါတယ်။

ရာသီစလာပြီဆို မိန်းကလေးဟာ နေကိုမကြည့်ရဘူး။ သစ်ပင်၊သစ်ရွက်၊ပန်း မခူးရဘူး။ အဖေ၊အစ်ကို မောင်တွေမျက်နှာမကြည့်ရဘူး၊ သူတို့ကို မထိရဘူး၊ မြေပြင်မှာအိပ်ရတယ်၊ စားသောက်မယ့် ပန်းကန်က စလို့ ကိုယ်စားနေကျပန်းကန်ခွက်၊ယောက်ဇွန်းတွေကို သုံးခွင့်မရှိဘူး။ ဘုရား မရှိခိုးရဘူး။ မီးဖိုချောင်မဝင်ရဘူး။ဘာသာရေးဆိုင်ရာပွဲလမ်းသဘင်များမှာ ပါဝင်ခွင့်မရှိခြင်းအစရှိသဖြင့် ကောင်းမွန်ခိုင်မာတဲ့ အကျိုးခံစားရမှု ရေရေရာရာ ပြစရာမရှိတဲ့ စည်းကမ်းတွေကို ရာသီလာနေစဉ် လာနေသူမိန်းကလေးက အထူးသတိထားပြီးလိုက်နာရတယ်။

ဒါ့အပြင် သူမရဲ့ ရာသီလာနေစဉ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေ စောင်၊ ခြင်ထောင် ခေါင်းအုံးတွေ၊ ရာသီလာစဉ်သုံးတဲ့ ရာသီသွေးအခံ အဝတ်တွေ။ (ယခု အချိန်ထိ Menstrual Pad, Tampon, Menstrual Cup) အစရှိတာတွေကို အသုံးပြုမှုနဲ့ သိမ်းဆည်းမှုတွေမှာ ကိုယ့်အိမ်မှာပင်ဖြစ်နေပါစေ ဗီရိုအောက်၊ တံခါးအနောက်၊ ကုတင်ခြေရင်း စသည်ဖြစ် ကျန်းမာရေးရှု့ထောင့်အရ လွန်စွာမှာ အကျိုးဆက်ဆိုးရွားနိုင်တဲ့နေရာ‌တွေမှာထားရှိကြရတာဖြစ်တယ်။

ယောကျာ်းလေး‌တွေ ဘက်ကကြည့်ရအောင်။ မိသားစုထဲမှာပဲ အမျိုးသမီးတွေက ကိုယ့်ရဲ့ အမေ၊ ညီမ အစ်မ၊ ဇနီး ဖြစ်လင့်ကစား သူဟာ ရာသီလာနေတဲ့ရက်တွေမှာ မထိသင့် မကိုင်သင့်ကြောင်း ကိုသင်ကြားခဲ့ရတယ်။ ကိုယ့်ရဲ့ အမေ၊ အစ်မ ညီမ က သူ့မျက်နှာ မမြင်ရအောင် ရှောင်နေရတယ်။ အ‌ကြောင်းကြောင်း ကိုယ်နဲ့တွေ့ခဲ့၊ ထိမိခဲ့ရင် ကိုယ်က ရေချိုးရတယ်။ ခေါင်းလျှော်ရတယ်၊ (စလွယ်ကြိုးဝတ်တဲ့ ကျွန်တော်တို့ကို အဲ့လိုအချိန်ဆို စလွယ်ကြိုးပါလဲဝတ်စေခဲ့တယ်)။

အဓိကအချက်ကတော့ ဘယ်သူဘယ်ဝါမှတရားခံမဟုတ်ပဲ အယူအစွဲတွေကြောင့်ပါပဲ။ ဒီနေရာမှာ ဘာသာ‌တရားတွေမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကိုယုံရမယ်ဆိုတဲ့ တာဝန်ရှိမနေဘူး။ ဘာသာရေးအယူအစွဲတွေကို အ‌ခြေပြုပြီး သတ်မှတ်တဲ့စည်းကမ်းတွေဟာ ယနေ့ခေတ် ကျားမအ‌ခြေပြုအကြမ်းဖက်မှုတွေ၊ ကျားမ မရွေးတန်းတူ ဆက်ဆံရေးလို လူတစ်ဦးချင်းစီရဲ့အခွင့်အရေးတွေနဲ့ နှိုင်းယှဉ်သုံးသပ်တဲ့အခါမှာ အမျိုးသမီး‌တွေဟာ ခေတ်အဆက်ဆက်ကတည်းပင် တဆင့်နိမ့်နေကြောင်း၊ ဘုန်းကံနည်းပါးကြောင်း၊ လာဘ်လာဘ တိတ်စေတတ်သောသူတို့ဖြစ်ကြောင်းတွေကို အပ်‌ကြောင်းထပ်နေအောင် စိတ်ထဲမှာ သင်ယူကိန်းအောင်းစေခဲ့တယ်။

တကယ်တော့ ရာသီလာတယ်ဆိုတာ ဘာလဲ ?

မိန်းကလေးတစ်ယောက် ပျိုပေါ်စဝင်တဲ့အချိန်ကနေ သွေးဆုံးတဲ့အချိန်ထိ ခန္ဓာကိုယ်ထဲမှာ တစ်လကို တစ်ခါ မမျိုးဥကြွေတယ်။ အဲဒီမမျိုးဥက အဖိုသုတ်ပိုးနဲ့ ပေါင်းမယ့်အခါ အဆင်သင့် သန္ဓေတည်ဖို့ မမျိုးဥကြွေတာနဲ့တပြိုင်နက် သားအိမ်နံရံက အလိုအလျောက်ထူလာပေးရတယ်။ အဲ့ဒီလို သုတ်ပိုးနဲ့ မမျိုးဥ မပေါင်းစည်းရရင် မမျိုးဥဟာ ကြွေကျသွားပြီး ခုနကထူထားတဲ့ သားအိမ်နံရံတွေကလည်း မလိုအပ်တော့တဲ့အတွက် ကွာကျလာမယ်။ အဲလို ကြွေကျသွားတဲ့ မျိုးဥနဲ့ ကွာကျလာတဲ့ သားအိမ်နံရံအလွှာတွေ ပေါင်းပြီး မိန်းမကိုယ်ကနေ ဆင်းလာတာကို ရာသီလာတယ်လို့ ခေါ်တယ်။

ဒါဟာဘာသာရေးနဲ့ ဘုန်းကံတွေ၊ လာဘ်လာဘ မရှိတာတွေ၊ ယုတ်ညံ့တာတွေနဲ့ နည်းနည်းလေးမျှ ပတ်သက်မှုမရှိပါဘူး။ တစ်ကမ္ဘာလုံးရဲ့ လူဦးရေတစ်၀က်လောက် တစ်နှစ်ကို ၁၂ ခါဖြစ်နေကျတဲ့ Period, Menstruation (ရာသီလာတယ်) ဆိုတာက ညစ်ညမ်းတယ်၊ ဘုန်းနိမ့်တယ်၊ လာဘ်ပိတ်တယ် လို့ပြောမယ်ဆိုရင် တကယ်တော့ ရာသီမလာရင် ကျွန်တော်တို့ မ‌မွေးဖွားလာနိုင်ဘူးလေ။ ဒီလိုဆို ရာသီလာတဲ့ဖြစ်စဉ် ကိုအခြေပြုလို့မွေးဖွားလာတဲ့ ကျွန်တော်တို့က ပိုလို့တောင် ညစ်ညမ်းတယ်၊ ဘုန်းကံမဲ့တယ်၊ လာဘ်လာဘတွေကင်းမဲ့နေပြီလေ။

#MenstruationIsNotShameful #PeriodIsPowerful #DignifiedMenstruation

ဆောင်းပါးရှင် – Sam