မိန်းကလေးအများစုဟာ ရာသီသွေးပေါ်တဲ့ကိစ္စကို Blessing တစ်ခုလို မြင်မယ်မထင်ဘူး။ ကိုယ်ကတော့ မြင်တယ်။ အဲ့လို မြင်တတ်ဖို ခံစားတတ်ဖို့ ကိစ္စကလည်း အတွေ့အကြုံနဲ့တော့ ဆိုင်တာပေါ့။



ကိုယ်က ၂၀၁၈ တုန်းက သားအိမ်ထုတ်လိုက်ရတယ်။ ကျန်းမာရေးကိစ္စပေါ့။ ဖြစ်ချင်တော့ အဲ့အချိန်က အိမ်ထောင်ကျတာ တစ်နှစ်ကျော်။ ကလေးယူဖို့ စဉ်းစားနေတဲ့အချိန်။ ဈေးဝယ်ထွက်ရင်း ကလေး အင်္ကျီလေးတွေမြင်ရင်တောင် နှစ်ယောက်စိတ်ကူးယဉ်တဲ့အချိန်ပေါ့။ အဲ့ချိန်မှာ ဗြုန်းဆို သားအိမ်မကောင်းတဲ့ကိစ္စ ပေါ်ရော။ OG ဆီ သွားပြရတဲ့အခါ ဗိုက်ဖုံးဂါဝန်လေးတွေနဲ့ ကြည်နူးပြီး လာကြတဲ့ စုံတွဲတွေကြား ကလေးမရနိုင်တော့မယ့် အသိကြီးနဲ့ ထိုင်စောင့်နေရတဲ့ ဘဝ ဘယ်လောက်နာကျင်တယ်မှတ်လဲ။ ဆေးရုံတက်၊ သားအိမ်ထုတ်လိုက်ရတော့လည်း ကိုယ့်မယ် တော်တော်နဲ့ ဖြေမဆည်နိုင်ဘူး။

စိတ်ဓါတ်က ရိုးရိုး ကျတာတောင် မဟုတ်၊ တစ်စစီပြိုလဲကွဲကြေသွားတာမျိုး။ အသက် ၃၀ တောင် မပြည့်သေးဘူး.. မိသားစုလေးတောင် မတည်ဆောက်နိုင်တော့ဘူးတဲ့။ Why me? ဆိုတာမျိုးလည်းဖြစ်တယ်။


အဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ပဲ သိတဲ့၊ လုံးဝ ရင်ထဲက deep down ရှိနေတဲ့ ခံစားချက်က လူတောမတိုးတော့တဲ့ စိတ်ဓါတ်ကြီးပဲ။ ကိုယ့်မှာတစ်ခုခု ချို့ယွင်းသွားတယ်၊ ကိုယ်လက်အင်္ဂါတစ်ခုခု ချို့ယွင်းသွားတဲ့ ခံစားချက်၊ ဒါပေမယ့် အပြင်က လူမြင်သူမြင် နေရာက မဟုတ်ဘူး၊ အတွင်းထဲက။ ဘယ်သူ့ကို ပြောပြလို့မှ ထပ်တူ မခံစား ပေးနိုင်တဲ့ကိစ္စ။


ကလေးအမေတွေ ဗိုက်ကြီးသည်တွေ မြင်ရင် မကြည့်ရဲဘူး။ ဝမ်းနည်းတယ်။ ကိုယ့်မှာ လူစဉ်မမီတော့သလို ခံစားချက်ကြီးဖြစ်လို့။ အခု အဲ့အချိန်တွေကို ကျော်လွှားပြီး ပျော်ပျော်ရွှင်ရွှင် ရပ်တည်နေပေမယ့် အခုချိန်ထိ တစ်ယောက်ယောက်က ရာသီလာနေလို့ စိတ်ညစ်တယ်လို့ ပြောရင် ကိုယ့်မှာ မဖြစ်နိုင်တော့လို့ အားငယ်တုန်းပဲ။


အရင်တုန်းက အဲ့ကိစ္စကို အရမ်းသိမ်ငယ်လို့ လူသိမခံပေမယ့် နောက်ပိုင်းတော့ ပတ်ဝန်းကျင်က လူတွေကို ပြောပြဖြစ်တယ်။ အထူးသဖြင့် မိန်းမချင်းပေါ့။ အဲ့လိုပြောလိုက်ရင်း ကိုယ့်ကိုယ်ကိုလည်း တစ်ခါတည်း အားပေးလက်ခံလိုက်တယ်။


ဒါပေမယ့် ကိုယ့်မှာ သားအိမ်မရှိတော့တာကို ပြောလိုက်တိုင်း ပြန်ရတဲ့ အများဆုံး Response က “အဲ့ဒါဆို ရာသီမလာတော့ဘူးပေါ့” ဆိုတာပဲ။ ဟုတ်တယ်၊ မလာတော့ဘူးလို့ ပြောရင် “ဟယ်..ကောင်းလိုက်တာ” ဆိုတဲ့ စကားကို အမြဲပြန်ရတယ်။ အဲ့စကားကို ကြားရတိုင်းလည်း ကိုယ့်မှာ စိတ်မချမ်းသာဘူး။ ဘာလို့လဲလို့ မေးရင် အဲ့ဒါဆို ဒီလိုဒုက္ခတွေ မရှိတော့ဘူးပေါ့။ အလုပ်မရှုပ်တော့ဘူးပေါ့ ဆိုတာမျိုး ပြန်ရမယ်။


ဟင့်အင်း…မဟုတ်ဘူး။ တစ်လတစ်ခါ ရာသီပုံမှန် လာနေတယ်ဆိုတာ ကိုယ်ဟာ ကျန်းမာရေးကောင်းသူဖြစ် တယ်ဆိုတာ သက်သေပြတာမျိုး၊ ကိုယ့်မှာ မိခင်ဖြစ်ခွင့်ရှိနေတယ်၊ ကိုယ်ချစ်တဲ့အိမ်ထောင်ဖက်ရဲ့ သွေးသားကို ကျန်းမာတဲ့သားအိမ်နဲ့ ကိုယ်ဝန်ဆောင်နိုင်တယ်၊ မွေးဖွားနိုင်တယ် ဆိုတာမျိုး၊ ဒီလို Chance တွေရှိနေသေးတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်တယ်ဆိုတာကို သဘာဝတရားက ကိုယ့်ကို ပုံမှန်အသိပေးနေတာမျိုး။ သားအိမ်ဆိုတာ ဆုံးရှုံးသွားရင် နောက်တစ်ကြိမ်အခွင့်အရေး ပြန်မရဘူး။ Second Chance မရှိဘူး။


ရာသီလာတာ ဘာလို့ ရှက်ရမှာလဲ။

ဆောင်းပါးရှင် – မြတ်နိုးအောင်