လူသားတွေ ဆုတောင်းဖို့ သွားတဲ့ ဘုရားကျောင်းမှာ အမျိုးသမီးတွေ ဒီလောက်နာကျင်နေတဲ့အချိန် ဘာလို့ သွားပြိး ဆုတောင်းခွင့်မရကြတာလဲ?

ဘုရားဆိုတာ ဖေးမကယ်တင်ရှင်လို့ ခံယူနေတဲ့အချိန် ဒီမိန်းကလေးတွေ ဘာလို့ သူတို့ဆီ ခိုလှုံခွင့်မရတာလဲ?



နာကျင်မှု ပပျောက်စေတယ်ဆိုတဲ့ မယ်တော်ဘုရားကျောင်းတွေ ဒီပုထုစဉ် အမျိုးသမီးတွေရဲ့ ဝေဒနာကို မ အချင်းချင်း ဘာလို့မမျှဝေနိုင်ကြတာလဲ?

ဒါဆို ဘုရားက ဘာဘုရားလဲ ? မတရားမှုကို သည်းခံစောင့်ကြည်ရုံနဲ့ ဘုရားဖြစ်ပြီတဲ့လား ?

မေးခွန်းတွေ မေးခွန်းတွေ ဆွဲဆန့်လို့ ကျွန်တော် အရွယ်ရောက်ခဲ့သည်။ သို့သော် ကျွန်တော် ဘုရားကျောင်း မသွားဖြစ်ခဲ့တော့ပါ။

ကျွန်တော့် ချစ်ရသူနှင့် အိမ်ထောင်ပြုခဲ့သည်။ ရင်ခုန်နေဆဲ မေးခွန်းအချို့ကို မာတာမိခင် ကျေးဇူးရှင်တောင် မဖြေခဲ့သော် ဘဝလက်တွဲဖော် ကြင်သူမယား ဖြေနိုင်ပါ့မည်လား ? မေးခွန်းအား ထပ်မံမေးခွန်း မေးမိသည်။ သို့နှင့် သူမ တစ်ရက် ရာသီလာရန်အချိန်တန်ခဲ့သည်။

မိုးသည်းထန်စွာ ရွာနေသည်။ သူမသည် ဗိုက်ကို ညစ်ကာ မျက်နှာမှာ စက္ကူလုံးချေထားသကဲ့သို့ ခံစားနေရသည်။ ရင့်ကျက်လာသည့်အတွက်ညအနည်းနှင့်အများတော့ ဝေဒနာကို ခေါင်းစဉ်ပေးတတ်နေသည့် ကျွန်တော့်အဖို့ သူမကို မေးခွန်းမေးရန် အားမနာတော့ပါ။

“ မိန်းမ မင်းမျက်နှာကလည်းကွာ ဘယ်လိုဖြစ်နေတာလည်း” ကျွန်တော့်အမေးအား

“ ဟိုဖက်သွား မထိနဲ့ ဒီမိုးထဲ ရေချိုးနေရဦးမယ်”

သူမအဖြေ

“ရေချိုးတာ အကြောင်းမဟုတ်ဘူး မင်းဖြစ်နေတာ ဘာလည်း?”

“ ဟာ ဒီယောကျာ်း စပ်စုလိုက်တာ “

“ ဟဲ့ မိန်းမ ငါစပ်စု မင်းဝေဒနာကိုလေ… မင်းနာကျင်မှုကိုလေ…… ငါဘယ်လို ကြည့်ရက်ပါ့မလည်း “

“ ရတယ် သွား သွား အချိန်တန်တာကို မဖြစ်သေးလို့ ဗိုက်နာသလို ဖြစ်နေတာ….”

“ ဘာက အချိန်တန်တာလည်း….. “

“ ရာသီလာဖို့ဟေ့ ရာသီလာဖို့ လစဉ်သုံး ဝယ်ဖို့ မိုးရွာနေတာနဲ့ မသွားဖြစ်ဘူး”

“ ဟဲ့ မိန်းမ ဒီလိုအချိန် မိုးမိလို့ မရဘူး အအေးမိရင် မင်းတို့သားအိမ်မှာ အန္တရာယ်ရှိတယ်… ဒီလိုချိန် စိုစိစိုစိ ဖြစ်နေရင် မင်းတို့တစ်ကိုယ်လုံး နာကျင်တတ်တာ မသိဘူးလား ဖယ် ငါသွားဝယ်ပေးမယ်”

“ လျှာရှည်လိုက်တာ သွားဝယ်စရာလား မိန်းမတွေ သုံးတဲ့ဟာ …… နေစမ်းပါဦး ရှင်က ဒါတွေ ဘယ်လိုသိ”

သွားပြိ ရစ်ထုတ်က စပြီ ……

“အခုလိုခေတ်မှာ ဒါတွေက ရှက်စရာ မဟုတ်တော့ဘူး ချစ်ဆုံးရေ ….. ဒီ နာကျင်မှုကို ပေါက်ကွဲမပြနိုင်တာက ပြဿနာ……. ဝေဒနာ မမျှဝေနိုင်တာက ပြဿနာ….. နာကျင်မှုကုသဖို့ နှီးနှောတိုင်ပင်မှု မလုပ်တာကမှ ရှက်စရာဟ……… အေး တစ်ခုပြောမယ် ရာသီမလာရင်တာ စိုးထိတ်ရမှာ…… သွေးမဆင်းရင် စိုးရိမ်ရမှာ….. ပုံမှန်မဟုတ်မှ ကြောက်ရမှာ”

မိန်းမ ကျွန်တော့်ကို ဘုကြည့်ကြည့်နေသည် သူ့မျက်ဝန်းထဲမှာ အားကိုးချင်စိတ် ပန်းတွေ ဖူးပွင့်နေတာ မြင်ရသည်…….

“ဒါက အရင်ကတည်းက ကျင့်သုံးလာတာပဲလေ….. ရှင်တစ်ယောက်တည်း လက်ခံလို့ရမလား…..” မိန်းမ၏ မဝံ့တဝံ့ မေးခွန်းသည် ကျွန်တော့်အတွက် ခွန်အားဖြစ်စေသည်။

“ အရင်က လစဉ်သုံးတွေ မသုံးတတ်တုန်းက အဝတ်စုတ်တွေ အဝတ်စတွေနဲ့ အချိန်တုန်းက ဘာမှန်းမသိခဲ့ဘူး….. အခု ရုပ်သံကြော်ငြာတွေမှာ အကျယ်တဝန့် ကြေငြာလာကြတယ်…… အဝတ်စသုံးရင် ဘယ်လောက်ရောဂါများလည်း တွေးရင်းတောင်ကြက်သီးထတယ် မိန်းမရယ်……”

“ ဒီအချိန်မှာ နင်တို့ မိန်းကလေးတွေ အားနည်းနေမယ်……. စိတ်ဓာတ်ကျသလို နှုန်းချိချိဖြစ်နေမယ်…. ဒီအချိန်မှာ မင်းတို့အတွက်လိုအပ်တာ နွေးထွေးတဲ့ ခွန်အားပေးမှုပဲ… သီးခြားထားရတာ မဟုတ်ဘူး….. ထွေးပိုက်ပြိး သိပ်မယ်…… နင်ရေလိုရင် ရေ… နင်ဆေးလိုရင် ဆေး… ငါကိုယ်တိုင်တိုက်မယ်… တစ်လလုံး နင်ပင်ပန်းခဲ့သမျှ ငါတို့ကျေးဇူးဆပ်ဖို့ သဘာဝက ဖန်ဆင်းပေးထားပါကွာ…”

“ ဟင့်အင် ဘုရားကျောင်း မီးဖိုချောင်တော့ မသွားချင်ဘူး လူကြီးတွေမှ မကြိုက်တာ……” သူမရဲ့ သိလိုစိတ်ဆန်တဲ့ မေးခွန်းတွေကို ကျွန်တော်ကြိုဆိုနေမိသည်။

“ အရင်တုန်းက အဝတ်စတွေ အသုံးပြုတော့ သွေးတွေ ဟိုပေကျံ ဒီပေကျံ ဖြစ်မှာစိုးလို့ တားဆီးခဲ့တာ နေမှာပေါ့…. ယခုခေတ်မှာလစဉ်သုံးတွေက ကြိုးခုန် တုတ်ဆီးထိုးတွေတောင် ခုန်ပျံပြေးလွားဆော့ကစားလို့နေတာကိုမိန်းမရယ်…..”

“ ရှင်က ဒီသွေးတွေ မြင်တော့ ရှင့်စိတ်….ထဲ….”

“ အမှန်အတိုင်းပြောရရငါ မင်းရာသီလာတဲ့ချိန် ငါဝမ်းသာတယ်….. လူသားဖြစ်တည်မှု ရှိတဲ့ မိန်းမယောနိကို တစ်လတစ်ကြိမ်ဆေးကြောပေးထားပြိး မွေးဖွားလာတဲ့ ရင်သွေးဟာ ရောဂါဘယ ကင်းတယ်… သွေးဆင်းမှု ပုံမှန်မဟုတ်ရင် မြန်မြန်စစ်ဆေးသင့်တယ်… ဒါကြောင့် နင်ရာသီလာရင် ငါဝမ်းသာတယ်…. ဘာလို့လည်းဆိုတော့ နင်ကျန်းမာနေလို့ပဲ……”

မိန်းမ ရင်ခွင်ထဲ တိုးဝင်လာသည်….. ကျွန်တော်ညင်သာစွာ ထွေးပိုက်လိုက်သည်…….

မိုးမင်းကြီးသည် ကျွန်တော်တို့ ချစ်ခြင်းကြည်နူးနေပုံရသည်။ သူမှှ အိပ်ပျော်သွားချိန်သည် ကျွန်တော့်ကို ဂုဏ်ပြုသည့်အနေဖြင့် သက်တံရောင်လေး ကွေးကာ ပြုံးပြသည်။ ထို့နောက် မိုးတိတ်သွားသည်။

ကျွန်တော် ကုန်စုံဆိုင်သို့ သွားကာ အမျိုးသမီးလစဉ်သုံး ဝယ်သည်။ ဆိုင်ရှင်သည် အံ့ဩစွာ ကြည့်နေသည်။ ကျွန်တော်ကတော့ကျွန်တော့ကို ဂုဏ်ပြုနေသည်ဟု ထင်သည်……. ထို့နောက် လစဉ်သုံးအား သတင်းစာဖြစ် ပတ်ကာ အိပ်အမဲဖြင့် ထည့်သည်…. ကျွန်တော်သဘောပေါက်လိုက်သည်…. ဘေးတွက် ဆေးလိပ်/အရက်/တားဆေး လာဝယ်သူများ၏ ပစ္စည်းများကိုတော့ ပွင့်လင်းစွာ ထုတ်ပိုးထားသည်ကို မြင်ရ၍ အင်မတန်မှ စိတ်မကောင်း ဖြစ်မိသည်။

လစဉ်သုံး၏ သတင်းစာကို ဖယ်ရှားရန် ကြည့်လိုက်စဉ် “ အမျိုးသမီးထုအား ကာကွယ်ပါ” ဟူသော ဆောင်းပါဖြင့် ဂျာနယ်တွေ့သည်။

သူတို့သည် အာဂလူသားများဖြစ်သည်။ အပျိုဖော်ဝင်ကတည်းက အိမ်ထောင်သည် ဘဝထိ လောကကြီးကို ရင်ဘောင်တန်းနေသော ဧကရာဇ်များဖြစ်သည်။ အားနွဲ့သော လောကကြီးကို ခွန်အားတွေ ပေးနေသော ကျေးဇူးရှင်ကြိီးများ ဖြစ်သည်။

ကျွန်တော် သာမာန်ပစ္စည်းများကို ထုတ်ပိုးသကဲ့သို့ လစဉ်သုံးအား ထုပ်ပိုး၍ ယူသွားခဲ့သည်…. လူတွေရဲ့ အရောင်အသွေးစုံလင်တဲ့အကြည့်တွေဟာ ကျွန်တော့်အတွက် လက်ခုပ်သံချီးမြင့်နေသည်ဟု ခံစားရသည်။

အိမ်တံခါးပွင့်ပြိီ နေလည်းဝင်ပြိီ မိန်းမအား ရှာကြည့်သည်။ ရေချိန်းခန်းထဲတွက် ကြာမြင့်နေသည့်အတွက် အပြင်မှ မေးခွန်းပန်းတစ်ပွင့် ပစ်ပေါက်လိုက်သည်

“ မိန်းမရေ လာတာလား…?”

“ဟာ…… “ သူမ၏ ငြိဆူသံသည် ကျွန်တော့်ကို ပြုံးစေသည်…

“ ရော့ ဒီမှာ လစဉ်သုံး ဝယ်လာပေးတာ” ဟု တံခါးခေါက်လိုက်သည်။

အလိုက်သိ ကျဉ်းမြောင်းစွာ ပွင့်လာသော တံခါးမှ ယူသွားသည်။

ညနေ သူမခူးပေးသော ထမင်းကို စား၍ ပန်းကန်ကိုတော့ ကျွန်တော်ဆေးကြောကာ သူ့ကို အနားယူဖို့ တောင်းပန်ခဲ့ရသည်…..

ညနေ တစ်မွေ့ရာထဲမှာ သူမကို ထွေးပိုက်ထာစဉ် သူမက ညင်သာစွာ ပြောဆိုလာသည် “ ယောကျာ်းရေ သမီးမွေးလာရင် သူ့အဖွားတွေနဲ့ ယဉ်ပြီး ပြောဖို့ ရှင်ပဲ တာဝန်ယူလိုက်နော်….”

ရင်ထဲမှ သမုဒ္ဒရာပေါင်းများစွာ၏ နက်နဲမှုကို ကိုယ်စားပြုသော အပြုံးကို ပြုံးမိသည်။ ဒီအပြုံးသည် ဘယ်တော့မှ နေဝင်မည်မဟုတ်ပါ…… သူမကိုလည်း နေမဝင်အပြုံး ပြုံးရန် စည်းရုံးရဦးမည်…

ယောကျာ်း ရှင် ကုန်စုံဆိုင်က ကောင်မလေးကို သွားရှိုးတာတော့ မဟုတ်ဘုးမလား? မော့လာသော သူ့မေးခွန်းအဖြေကို မပေးပဲသူ့နဖူးကို ဖွဖွလေး နမ်းရှိုက်လိုက်သည်။ အိမ်ထောင်သက်ကြာပေမယ့် နုနယ်သေးတဲ့ သူ့ရှက်ပြုံးမှာ ကျွန်တော် အိပ်မော်ကျခဲ့သည်။

ဆောင်းပါးရှင် – ကိုဟိန်း